သတင်း

နိုင်ငံအနှံ့မှအရပ်သားပစ်မှတ်များကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

TNLA နှင့် စစ်ကောင်စီတို့ ဖေဖေါ်ဝါရီ ၁၆ ရက်မှစတင်ကာ ကူမင်းမြို့တွင် ဆွေးနွေးနေပြီး အဆိုပါ ဆွေးနွေးပွဲတွင် အသာစီးမှဆွေးနွေးနိုင်ရန် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်များအပြင် ဗုံးကြဲမှုများပြုလုပ်နေကြောင်း TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော်က ၎င်း၏ Facebook စာမျက်နှာမှတဆင့် ဝေဖန်ရေးသားသည်။

တိုက်ပွဲများပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့ကို ယမန်နေ့(ဖေဖော်ဝါရီ ၁၇)က စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ယမန်နေ့ ညက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်နှင့် နမ္မတူမြို့နယ်ကြားရှိ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ အင်အားပြင်းဗုံးနှစ်လုံးခန့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ကွတ်ခိုင်ဒေသခံ အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“တုန်ခါမှုကတော့ ကျွန်မတို့ ကွတ်ခိုင်မြို့အထိတောင်ရောက်တယ်၊ တုန်ခါမှုက ငလျှင်လှုပ်သလို ဖြစ်သွားတာ၊ တော်တော်အားကြီးတယ်။ ထိခိုက်မှုလည်း ရှိမှာပါ ဗုံးကြဲတဲ့နေရာက နည်းနည်းလှမ်းတော့ အခြေအနေ မသိရသေးဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ကတော့ ၎င်းတို့ထိန်းချုပ်ထားသည့် ကွတ်ခိုင်နှင့် နမ္မတူမြို့ကြားရှိ ဗုံးကြဲခံရမှုအခြေအနေများကို မထုတ်ပြန်သေးပေ။

TNLA နှင့် စစ်ကောင်စီတို့ ဖေဖေါ်ဝါရီ ၁၆ ရက်မှစတင်ကာ ကူမင်းမြို့တွင် ဆွေးနွေးနေပြီး အဆိုပါ ဆွေးနွေးပွဲတွင် အသာစီးမှဆွေးနွေးနိုင်ရန် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်များအပြင် ဗုံးကြဲမှုများပြုလုပ်နေကြောင်း TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော်က ၎င်း၏ Facebook စာမျက်နှာမှတဆင့် ဝေဖန်ရေးသားသည်။

ဆွေးနွေးပွဲ အကျိုးဆက်အနေဖြင့် ကွတ်ခိုင်မြို့ကို ဗုံးကြဲမည်ဆိုသည် သတင်းများကြောင့် ဆွေးနွေးပွဲ စတင်သည့် ဖေဖေါ်ဝါရီ ၁၆ ရက်မှ စတင်ကာ ကွတ်ခိုင်မြို့ခံများ တိမ်းရှောင်နေကြရသည်ဟု ကွတ်ခိုင်မြို့ခံ အသက်(၄၀)ခန့်အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“မြို့ထဲက လူတွေက ကိုယ့်လုံခြုံရေးကို စိုးရိမ်တဲ့သူတွေက ထွက်ပြီးတော့မှ တိမ်းရှောင်ကြတယ်၊ ညကို မြို့ပြင်ထွက်အိပ်တာမျိုးပေါ့နော် သတိထားပြီးမှ နေနေကြတယ်။ ခါတိုင်းထက် ပိုပြီးမှ သတိထားပြီးမှ နေနေကြရတယ်”  ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ညမိုးချုပ်လျှင် မြို့တွင်းရှိ ကျန်နေသူများမှာ ဗုံးခိုကျင်းများတွင် ပုန်းခိုကြပြီး မြို့ခံ အများစုမှာ မြို့ပြင်ရှိ နီးစပ်ရာ ဆွေးမျိုး မိတ်ဆွေများထံတွင် သွားရောက် ညအိပ်ကြရသည်ဟု သိရသည်။

ယမန်နေ့က မွန်းလွဲပိုင်းကလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ချင်းတွင်းမြစ် ဆိပ်ကမ်းတစ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စက်သုံးဆီကား ၂ စီး မီးလောင်ပျက်စီးခဲ့သလို ခရီးသွား ရဟန်းတစ်ပါးနှင့် အရပ်သားနှစ်ဦးတို့ ဒဏ်ရာရခဲ့ကြသည်။

ထို့အပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို ယမန်နေ့က စစ်ကောင်စီတပ်က ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သလို ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီက ပေါင် ၂၅၀ ဗုံးကြဲချခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ ထို့နောက် ညနေ ၄ နာရီခန့်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တနင်္သာရီမြို့အခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဂျက်ဖိုက်တာနဲ့ ရဟတ်ယာဉ်က ရှေ့ဆင့်နောက်ဆင့် သိပ်မကွာဘူး။ သူက တွဲပြီးလာတယ်။ ဖိုက်တာလာတယ်။ ရဟတ်ယာဉ်လာတယ်။ တွဲပြီးလာတယ်။ ရဟတ်ယာဉ်က ဗုံးသီးတွေချတာပေါ့။ ဂျက်လေယာဉ်က ပေါင် ၂၅၀ ဗုံးသီးနဲ့ ပစ်တယ်” ဟု ၎င်းက ပြောသည်။

ဗုံးကြဲခံရမှုကြောင့် ညောင်ပင်းကွင်းရွာမှ နေအိမ် ၂၃ လုံး၊ စာကြည့်တိုက် ၁ လုံး၊ ဘိလိယပ်ခုံတစ်ခုံ အပါအဝင် ရာဘာနှင့် ကွမ်းသီးခြံများလည်း မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ထို့အပြင် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် ပေါက်တောမြို့နယ်တို့ကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်တွေမြို့ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေပြီး စစ်တွေမြို့တွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် စစ်ကောင်စီတပ်က တန်ပြန် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ရှိ ဒေသများတွင် ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်က အာဏာသိမ်း ကာလ ၄ နှစ်ကျော်အတွင်း စစ်စခန်းပေါင်းထောင်နှင့်ချီကာ ဆုံးရှုံးထားရသလို မြို့ပေါင်း ရာနှင့် ချီကာ လက်လွှတ်ထားရသည်။

တပ်သားအလွန်အကျွံပြုန်းတီးမှုကြောင့် ဆုံးရှုုံးနယ်မြေများကို ပြန်လည်တိုက်ယူရန် အခက်တွေ့နေ့သည့် စစ်ကောင်စီတပ်က နိုင်ငံ၏ နေရာအနှံ့ကို ၎င်းတို့အားသာသည့် လက်နက်ကြီး လေကြောင်းတို့မှ ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးရသူများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပြင် ရာနှင့်ချီသည့် အပြစ်မဲ့ အရပ်သားများလည်း ပါဝင်နေသည်။

Show More

Related Articles

Back to top button