
ပဲခူးတိုင်းအရှေ့ပိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညက ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ကာကင်းစခန်း ၇ ခုကို ချေမှုန်းလိုက်ကြောင်း တော်လှန်ရေးအင်အားစုက ပြောသည်။
မြစ်အရှေ့ဘက်နှင့် အနောက်ဘက်ကမ်း မြေပြန့်ဒေသကို ဒေသခံတို့က စစ်တောင်းမြစ်ဝှမ်းဟု ခေါ်ကြပြီး တိုက်ခိုက်ခဲ့သည့် စခန်းများမှာ ဖြူးမြို့နယ် ဆားဂွန်းရွာအနီးရှိ စစ်ဆေးရေးဂိတ်၊ ဆင်တဲကုန်းရွာရှိ စခန်း၊ တောကျွဲအင်းမြို့ဝင် ရန်ကုန်-မန္တလေး ရထားလမ်းဘေးရှိ စခန်း၊ ပဲနွယ်ကုန်းမြို့အဝင် ခမရ (၃၀၇) ၏ ကာကင်းစခန်း၊ ကျောက်တံခါးမြို့နယ် နရွဲပင်ရွာရှိ စခန်း၊ နတ်သံကွင်းမြို့အရှေ့ဘက် ကျွန်းကုန်းရွာရှိ စခန်း၊ ညောင်လေးပင်မြို့နယ် တော်ဝိရွာအနီးရှိ စစ်ကောင်စီစခန်းတို့ ဖြစ်သည်ဟု သိရသည်။
မြစ်အရှေ့ဘက် စခန်းတစ်ခုနှင့် မြစ်အနောက်ဘက်ကမ်းမှ စခန်းများ ဖြစ်သည်ဟု ဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးပေါင်းပြီး ည ၁၀ နာရီဝန်းကျင်တွင် တစ်ပြိုက်နက်တည်း ဝင်တိုက်ကြခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ အမှတ် (၂) စစ်ဒေသခွဲ၊ စစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောသည်။
“KNLA နဲ့ PDF ပူးပေါင်းစစ်ဆင်ရေးပါ။ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်ကထဲက ပြုလုပ်နေကြပါ။ သတင်းထုတ်ပြန်မှုတွေ မလုပ်တာပဲရှိပါတယ်” ဟု သူက Myanmar Now ကို ပြောသည်။
ယခုသိမ်းလိုက်သည့် ကာကင်းစခန်းများသည် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ပဲနွယ်ကုန်း – နတ်သံကွင်း – ကျောက်ကြီး ကားလမ်းပေါ်တွင် ရှိသော စခန်းငယ်များ ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် လာရောက်ပစ်ကူပေးနိုင်ခြင်းမရှိသလို စစ်ကူပေးနိုင်ခြင်းလည်းမရှိကြောင်း ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
တော်လှန်ရေးတပ်များက စစ်ကောင်စီစခန်းတချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်တောင်းမြစ်ဝှမ်းဒေသသည် အကာအကွယ်မရှိသော လယ်ကွင်း ပေါများသော ဒေသဖြစ်သဖြင့် တော်လှန်ရေးတပ်များသည် တိုက်ပွဲအတွက် ညအချိန်ကို ပိုမို ရွေးချယ်နေသည်ဟု သိရသည်။
တိုက်ပွဲပြီးသည့်နောက်တွင် စစ်ကောင်စီဘက်က တော်လှန်ရေးတပ်များရှိမည်ဟု ယူဆသည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ၆၀ မမ စိန်ပြောင်း ၁လက်၊ ၆၀ မမ စိန်ပြောင်း ဗုံးသီး ၁၀လုံး၊ MA. 11 ရိုင်ဖယ် ၂လက်၊ ကျည်ဘောက် ၄ခု၊ ရှေ့ထွက်မိုင်းအသေး ၂လုံး၊ မြေမြှုပ်မိုင်း ၂ ခု၊ လက်ပစ်ဗုံး ၆လုံး နှင့် MA ကျည် ၁၀၀ စသည့် လက်နက်ခဲယမ်းများရခဲ့ကြောင်း ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။
တိုက်ပွဲတွင် အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ ဗျူဟာ၂၄ အာဠာဝက စစ်ကြောင်း (PDF တပ်ရင်း ၇၈၀၃)၊ တပ်ရင်း ၃၅၀၃၊ ဟင်္သာတခရိုင် အမှတ်၂ တပ်ရင်း (၆၀၀၂)၊ ဖြူး ပကဖ၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂၊ PDF အထူးကွန်မန်ဒိုတပ်ရင်း (၉၉၁၄)၊ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ Spring Warrior Column (၇၀၀၁)၊ KNLA တပ်ရင်း ၉၊ ဗျူဟာ ၂၆ တော်ဝင်ဒေါင်းတပ်ရင်း (၉၉၁၃) တို့ပါဝင်သည်ဟု ဆိုသည်။
စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီတပ်သည် ကျောက်ကြီး၊ နတ်သံကွင်း၊ ဖြူး၊ တောကျွဲအင်း၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ပိန်းဇလုပ်နှင့် ညောင်လေးပင်စသည့် မြို့များအားလုံးကို ထိန်းချုပ်ထားသည်။
ကျေးလက်ဒေသအများစုကိုမူ KNU နှင့် PDF က ထိန်းချုပ်ထားသည်။
စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီအမျိုးသားတစ်ဦးကလည်း စစ်ကောင်စီ၏ ကာကင်းစခန်း ၇ ခုကို ရုတ်တရက် ဝင်တိုက်လာခြင်းသည် တော်လှန်ရေးတပ်များ ပဲခူးရိုးမထံ ဦးတည်လာခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။
ပဲခူးရိုးမအထိ တိုက်ခိုက်နိုင်မှသာ ရိုးမပေါ်ရှိ အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တပ်ရင်းများသို့ လက်နက်၊ ရိက္ခာနှင့် စစ်ကူ ထိထိရောက်ရောက်ပို့နိုင်မည့် အခြေအနေရှိသည်။
စစ်ကောင်စီအနေနှင့်မူ လက်ရှိတွင် ပဲခူးတိုင်းအရှေ့ပိုင်းကို ကာနိုင်ရေးထက် ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်အတွင်း စစ်လက်နက်များထုတ်ပေးသော ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များ တိုက်ခိုက်မခံရရေးက ပိုမိုအရေးကြီးသည့် အခြေအနေဖြစ်နေကြောင်း စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
“ဒီနေ့သတင်းတက်တယ်။ ပုဂံကွဲက စစ်ကောင်စီစခန်းကျပြီးတော့ AA (အာရက္ခတပ်တော်) က ညောင်ကျိုးဘက်တက် လာနေပြီဆိုတာပေါ့။ ပဲခူးတိုင်းထဲက စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အတွက်က အဓိက ကာရမယ့်နေရာက ပန်းတောင်းမြို့ဘက်ဖြစ်နေတယ်။ အဲဒီမှာက ကပစကလည်း ၅ ခု၊ ၆ ခုလောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။
ပဲခူးတိုင်းတွင် စစ်ကောင်စီတပ်သည် အရှေ့ခြမ်းတွင်သာမက အနောက်ခြမ်းတွင်ပါ တော်လှန်ရေးတပ်များ၏ ရှေ့တိုး စစ်ဆင်မှုကို ရင်ဆိုင်နေရကြောင်း စစ်ရေးလေ့လာသူများက ဆိုကြသည်။
