
ရန်ကုန်တိုင်းမှ ပုဂ္ဂလိက ဆေးရုံ ၄ခုထက်မနည်းကို မတ်လ ၁ရက်နေ့မှစ၍ ယာယီပိတ်ထားရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ဒေသခံများ၊ လုပ်ငန်းရပ်ထားရမည်ဟု သတင်းထွက်နေသည့် ဆေးရုံများနှင့် နီးစပ်သူတို့က အတည်ပြုပြောဆိုသည်။
Myanmar Now က စုံစမ်း ဆက်သွယ်ရာတွင် သမိုင်းဆေးရုံ၊ ကောင်းဆေးရုံ၊ ကျန်းမာသုခဆေးရုံ၊ မြတ်တော်ဝင် ဆေးရုံလေးခုတို့သည် မတ်လ ၁ ရက်နေ့မှစ၍ လနှင့်ချီ၍ ပိတ်သိမ်းမည်ဖြစ်ကြောင်း ယင်းဆေးရုံနှင့် နီးစပ်သူများက ပြောသည်။
ကောင်းဆေးရုံသည် မတ်လ ၁ ရက်နေ့တွင် ပိတ်ရမည်ဖြစ်ပြီး ဇွန် ၁ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းဆေးရုံနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက အတည်ပြုသည်။ ကောင်းဆေးရုံမှ ဆရာဝန်ကြီးများမှာ အခြားဆေးရုံများတွင် အချိန်ပိုင်း တာဝန်ယူထားသဖြင့် လူနာများ ထိုဆေးရုံများသို့ ဆက်သွယ်ပြီး ကုသမှု ဆက်လက်ခံယူနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
CDM ခေါ် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေသူတို့ကို အလုပ်ပေးထားသည် ဟူသော စွပ်စွဲချက်များဖြင့် အရေးယူခြင်း ဖြစ်သည်ဟု ဆေးရုံများ ပိတ်သိမ်းရသည့် အခြေအနေကို သိရှိသူ ကျန်းမာရေးဝန်ထမ်း အသိုက်အဝန်းမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ခုပိတ်တာက ဆေးရုံအသေးလေးတွေပါ၊ အဓိကက CDMဆရာဝန်တွေ အလုပ်ခန့်လို့ ပိတ်တာ၊ ဒါပေမယ့်လည်း Cဆရာဝန်တွေ မရှိရင် မလောက်လို့ ဆေးရုံတွေက ပြန်ခန့်နေကြရတာ၊ လပိုင်းလောက် စောင့်ကြည့်ပြီး ဆေးရုံအချို့ကို ပြန်ဖွင့်ပေးမယ်လို့လည်းကြားတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ သုံးဦးထက်မနည်းကို မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
၂၀၂၂၊ ၂၀၂၃ ခုနှစ်တို့တွင် စစ်ကောင်စီက မန္တလေးမြို့မှ နာမည်ကြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း ၂၀ ထက်မနည်းကို ပိတ်ရန် အမိန့်ပေးခဲ့သည်။
မန္တလေးမြို့မှ နာမည်ကြီးပုဂ္ဂလိကဆေးရုံ ၇ ခုလည်း မတ်လ ၁ ရက်မှစ၍ ယာယီပိတ်ထားရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု သိရသည်။
CDMကျန်းမာရေး ဝန်ထမ်းများကို လက်ခံထားသည်ဟူသော စွဲချက်ဖြင့် အပိတ်ခံထားရသော မန္တလေး၊ မဟာအောင်မြေမြို့နယ်မှ ဆေးရုံ၂ ရုံမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း လုပ်ငန်း ပြန်လည် လည်ပတ်ခွင့်ရခဲ့သည်။
အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့သည့် လေးနှစ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြရာ ကျန်းမာရေးကဏ္ဍမှ ကျွမ်းကျင်ဝန်ထမ်း အများအပြား ပါဝင်ခဲ့ကြသည်။ ထိုကိစ္စကို မကျေနပ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က မကြာခဏ ထုတ်ဖော်ပြောဆိုတတ်သည်။
နိုင်ငံအနှံ့အပြားတွင် ပုဂ္ဂလိက ဆေးရုံ ၂၅၀ ထက် မနည်း ရှိပြီး နိုင်ငံတွင်း ဝန်ဆောင်မှု မလုံလောက်ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ပြီး ကုသမှုခံယူသူ၊ ကျန်းမာရေး စစ်ဆေးသူများ ရှိရာ ထိုစျေးကွက်မှာ နှစ်စဉ် ဒေါ်လာ သန်း ၆၀၀ ကျော်ရှိမည်ဟုလည်း ခန့်မှန်းထားသည်။