
ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့ရှိ စစ်စခန်းများ တိုက်ခိုက်ခံနေရသဖြင့် ကာလရှည် ခံစစ်ဆင်နေရသည့် စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့အထက်ပိုင်းနှင့် ဖားကန့်မြို့တို့တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း စစ်ကြောင်းများထိုးကာ စစ်ရေးလှုပ်ရှားလာသည်ဟု သိရသည်။
မြစ်ကြီးနားမြို့ မြောက်ဘက် တန်ဖရဲရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ မြစ်ဆုံအထက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည်ဟု ဆိုသည်။
မေခ၊ မလိခ မြစ်ဆုံအထက်ဘက် ဝေရှီရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ခုထံက သိရသည်။
“အဓိကကတော့ ဗန်းမော်တိုက်ပွဲပြင်းနေချိန် စစ်ရေးလှည့်တဲ့သဘောပေါ့၊ ပြီးတော့ မြစ်ကြီးနားကို ဝင်လာမှာစိုးလို့ အထက်ဘက်ကနေ ကြိုကာထားတဲ့သဘောပေါ့” ဟု KIA နှင့် နီးစပ်သူ အဆိုပါ အမျိုးသားက ပြောသည်။
ဝေရှီကျေးရွာအနီးရောက်လာသည့် စစ်ကြောင်းကို ကာကွယ်ပေးသည့် အနေဖြင့် စစ်လေယာဉ်က ဖေဖော်ဝါရီ ၃ ရက်နေ့တါင် ဝေရှီကျေးရွာနှင့် တန်ဖရဲရွာကြားသို့ ဗုံး ၃ လုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် KIA နှင့် ပူးပေါင်းတပ်များကလည်း စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုအခြေအနေကို မသိရပေ။
ယမန်နေ့ကလည်း ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီဗျူဟာကုန်းမှ စစ်ကောင်စီစစ်ကြောင်းတစ်ခု ယူမာရပ်ကွက်ဘက်သို့ ရောက်သွားသလို အဆိုပါ ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ်ကွက်အချို့ကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း စစ်ကောင်စီဗျူဟာကုန်း လက်နက်ကိုင်တို့က ဗုံးတပ်ဒရုန်း၊ လက်နက်ကြီးများသုံဂပြီး မြို့ပေါ်ရပ်ကွက်အချို့ကို တိုက်ခိုက်ခဲ့သည်ဟု အထက်ပါ စစ်ရေးရင်းမြစ်က ပြောသည်။
“တပ်မကုန်းကနေ ဒရုန်းနဲ့ ၆၀ မမ နှစ်လုံးချတာ ဘာမှတော့ မဖြစ်ကြပါဘူး၊၊ ပြီးတော့ လက်နက်ကြီးနဲ့လည်း နှစ်လုံးထုတယ်၊ မနေ့ညကလည်း (လက်နက်ကြီး)၁၀ ချက်လောက်ပစ်တယ်၊ ဆိုင်းတောင်တိုက်ပွဲပြီးကတည်းနေရပ်နေတာ မနေ့က ပြန်စတာပေါ့”ဟု အဆိုပါ စစ်ရေးရင်းမြစ်က ပြောသည်။
ထို့အပြင် မြစ်ကြီးနားမြို့ အနောက်တောင်ဘက် မိုင် ၁၀၀ ခန့် အကွာ မိုးညှင်းမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့က မြို့အနောက်ဘက်ရှိ အင်းတော်ကြီးဒေသတွင် ပြီးခဲ့သည့်လအတွင်း စစ်ကြောင်းထိုးခဲ့သည်ဟု သိရသည်။
နှစ်လကျော်ကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် တပ်စခန်းအချို့နှင့် ဗန်းမော်လေဆိပ်တို့ကို သိမ်းပိုက်ထားသည့် KIA ပူးပေါင်းတပ်များက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) အတွင်း ပိတ်မိနေသည့် စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်နေသည်။
နိုင်ငံအနှံ့ ခံစစ်ဆင်နေရသည့် အခြေအနေကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးခဲ့သည်ဟု သိရသည်။
ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။