သတင်း

ကြာအင်းဆိပ်ကြီးရှိ အနန်းကွင်းဗျူဟာ ၇ လကြာ  ပိတ်ဆို့ခံနေရ

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှ တစ်ခုတည်းကျန်သော၊ အင်အား ၃၀၀ ခန့်ရှိသော စစ်စခန်းကို KNLA,PDF ပူး ပေါင်းတပ်များက ဆက်လက် ပိတ်ဆို့တိုက်ခိုက်နေသည်။

ကရင်ပြည်နယ်တောင်ပိုင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်စခန်းကြီးတစ်ခုကို  တော်လှန်ရေး အင်အားစုက  ဆက်လက်ပိတ်ဆို့ထားမှာ ၇ လ ကြာပြီဖြစ်ကြောင်း မြေပြင်အခြေအနေကို သိရှိထားသော၊ ပူးပေါင်းတပ်များနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အနန်းကွင်းရွာ ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က  ၂၀၂၄ ခုနှစ် ဇွန်လမှစတင် ပိတ်ဆို့၍ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ကို ဆက်သွယ်ထားသောကားလမ်းပေါ်မှ ထိုရွာသည်  ဂျပန်ခေတ်က  နာမည်ဆိုးဖြင့်ကျော်ကြားသော သေမင်းတမန်ရထားလမ်း ဖြတ်သန်းရာကျေးရွာဖြစ်သည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြား အင်အားအကြီးဆုံး ဗျူဟာကုန်းဖြစ်သလို ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှ ကျိုက်ဒုံဗျူဟာနှင့်တောင်စွန်းစခန်းကို  ပူးပေါင်းတပ်များ သိမ်းပြီးနောက် ဒေသတွင်း တစ်ခုတည်းကျန်သောဗျူဟာကုန်းလည်းဖြစ်သည်။

ပူးပေါင်းတပ်က  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့်ရှိသော ထိုနေရာကို သိမ်းနိုင်ရန်  ၇ လအတွင်း ၃ ကြိမ် ထက်မနည်း ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူတို့ကို သုံးပြီး ခုခံခဲ့သည်။

ဒဏ်ရာရထားသူ ၅၀ ခန့်ရှိနေသည့် စစ်ကောင်စီတပ်သည်  အနန်းကွင်းရွာထဲသို့ နယ်မြေ တိုးယူထားကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။ 

ဇန်နဝါရီ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ အနန်းကွင်းရွာထဲရှိ နေအိမ် အလုံး ၅၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းစစ်ဒေသ လက်အောက်ခံ နဂါးနီစစ်ကြောင်းက  ဖေဖော်ဝါရီ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မီးရှို့နေသည်ကို ဒရုန်းမှတစ်ဆင့် ဓာတ်ပုံမှတ်တမ်း ယူထားလိုက်နိုင်ကြောင်း နဂါးနီစစ်ကြောင်းဘက် က ဆိုသည်။

တိုက်ပွဲအခြေအနေ ပိုမိုသိနိုင်ရန် နဂါးနီစစ်ကြောင်းထံ Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ယခုသတင်း တင်ဆက်ချိန်အထိ အကြောင်းမပြန်သေးပေ။

ကရင်၊ ဗမာနှင့် မွတ်ဆလင်တချို့ နေထိုင်သည့် အနန်းကွင်းရွာတွင် လူဦးရေ ၁၀၀၀ ထက်မနည်း ရှိပြီး ရွာရှိ နေအိမ်အားလုံးနီးပါးပျက်စီးနေပြီဖြစ်သည်။

ထိုနေရာတွင် အတက်အဆင်းလုပ်မည့် ရဟတ်ယာဉ်လုံခြုံရေးအတွက်  စစ်တပ်က ကြိုးပမ်းနေသည် ဟု  ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားက ပြောသည်။ 

“သူတို့က လူနာတွေကို လေယာဉ်နဲ့ ပြန်သယ်ဖို့ နယ်မြေပြန်ချဲ့နေတယ်” ဟု သူက ဆိုသည်။

“အခုလက်ရှိ အဲဒီအထဲမှာ အရာရှိ ၂ ယောက် နဲ့ စစ်ကောင်စီဘက်က ၂ ဖွဲ့ဖြစ်နေတယ်။ တစ်ဖွဲ့က ပြန်ရမှာ။ အခုကတော့ ၂ ဖွဲ့လုံး အထဲမှာပဲ ရှိသေးတယ် ။ တော်လှန်ရေးတပ်တွေ ပိတ်ထားလို့ ထွက်မရဘူး” 

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် စက်တင်ဘာမှစတင်ကာ အနန်းကွင်းဗျူဟာကို စစ်ကူစစ်ကြောင်းများ ပို့လွှတ်ခဲ့ရာ KNLA နှင့် NUG ၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ Special Operation Group (SOG)၊ ဗိုလ်အယ်စေးဝါး၏ Lion Battalion စစ်ကြောင်း၊ နဂါးနီစစ်ကြောင်းတို့က ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။

အနန်းကွင်းတိုက်ပွဲမြေပုံ။

ယခုနှစ်ဆန်း ဇန်နဝါရီ ပထမပတ်က အင်အား ၁၅၀ ခန့်ပါ စစ်ကူစစ်ကြောင်းတစ်ခု ရောက်လာစဉ် KNLA,PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်စဉ်  နှစ်ဘက် ထိခိုက်မှု ရှိခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က အင်အား ၃၀ ခန့် တော်လှန်ရေးတပ်များထံ လက်နက်ချသလို တိုက်ပွဲတွင် သေဆုံးသူ  ၄၀ ခန့်  ရှိပြီး ကျန်တပ်ဖွဲ့ဝင်များ အနန်းကွင်းဗျူဟာထဲ ဝင်ရောက်သွားနိုင်ခဲ့သည်။

တော်လှန်ရေးတပ်ပေါင်းစုဘက်မှ  ၃ ဦး သေဆုံး၊ ၁၅ ဦး ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း NUG တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်သည်။

အနန်းကွင်းရှိ စစ်ကောင်စီတပ်သည် ပိတ်ဆို့ခံထားရမှုကို ထိုးဖောက်လာလျှင် သို့မဟုတ်   တော်လှန်ရေးတပ်များ ထပ်မံထိုးစစ်ဆင်လျှင် တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသူတချို့က သုံးသပ်သည်။

စစ်ကောင်စီဘက်ကမူ ကရင်ပြည်နယ်တိုက်ပွဲများနှင့်ပတ်သက်၍  သတင်းထုတ်ပြန်မှု မရှိပေ။

စစ်တပ်ထောက်ခံသည့် ဝါဒဖြန့် အွန်လိုင်းစာမျက်နှာတချို့တွင် အနန်းကွင်းတိုက်ပွဲ နောက်ဆုံးသတင်းကို ဇန်နဝါရီ ၂၉ ရက်က ဖော်ပြထားပြီး  တိုက်ပွဲ၂ နေရာ ဖြစ်ခဲ့ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်၊  ၎င်းတို့ဘက်မှ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရခဲ့သည်၊ ပူးပေါင်းတပ်ဘက်မှ ၂၇ ဦး ထက်မနည်း သေဆုံးသည်ဟု ဖော်ပြထားကြသည်။

ကရင် စစ်ရေးအခြေအနေ

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့တွင်လည်း စစ်ဗျူဟာအခြေချစခန်းနှင့် တပ်ရင်း ၂ ရင်း ပိတ်ဆို့ ခံနေရသည်။

ပူးပေါင်းတပ်၏ ဖာပွန်စစ်ဆင်ရေးသည်  မတ်လတွင် ၁ နှစ်ပြည့်မည် ဖြစ်သည်။

ဖာပွန်မြို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုများကြား တစ်မြို့လုံးနီးပါး ပျက်စီးနေပြီဖြစ်သည်။ မြို့ကိုမူ တော်လှန်ရေးတပ်များကသာ ဆက်လက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီက ကရင်ပြည်နယ်တွင် ပိတ်ဆို့ခံထားရသည့် ၎င်း၏ စစ်ဗျူဟာကုန်း ၂ ခုသို့ မြေပြင်မှ တစ်ဆင့် စစ်ကူနှင့်ရိက္ခာ ထိထိရောက်ရောက်ပို့နိုင်သည့် အခြေအနေမရှိဘဲ လေကြောင်းကိုသာ အားထားနေရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် ၊ တဂေးလောင်းကျေးရွာ ဘုန်းကြီး ကျောင်းကို  စစ်လေယာဉ်ဖြင့် ဗုံး ၁ လုံးကြဲချခဲ့သည်။

KNLA တပ်မဟာ (၁) လှုပ်ရှားရာဒေသတွင် အကျုံးဝင်သည့် ဘီးလင်းမြို့နယ်ထဲရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာကုန်းကို KNLA တပ်မဟာ (၅) ၊ တပ်မဟာ (၁) နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီးနောက် ထိုနယ်မြေထဲရှိ ရွာကို ဗုံးလာကြဲသွားခြင်းဖြစ်သည်။

ဗုံးဒဏ်ကြောင့် တဂေးလောင်းရွာ (ခ) ထီးဆိဘောကျေးရွာမှ ဘုရားစေတီနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး လူနေအိမ်အချို့လည်း ပျက်စီးသွားကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ရေးလေ့လာသူတချို့ကမူ မြန်မာပြည်တောင်ပိုင်းစစ်မျက်နှာတွင် KNLA သည် အင်အားအလုံးအရင်းသုံးကာ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက်တည်း ဝင်သိမ်းခြင်းထက် လနှင့် အချီ အချိန်ယူ၍ ဝိုင်းပတ်၊ ဖြတ်တောက်ပြီး စစ်ကောင်စီတပ်ကို လုံးပါးပါးရန် အမှည့်ခြွေသည့် စနစ်ကို ကျင့်သုံးနေကြောင်း ဆိုသည်။

ထိုစနစ်၏ အားသာချက်မှာ KNLA နှင့် ပူးပေါင်းတပ်များအတွက် ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်စေပြီး အားနည်းချက်မှာ စခန်းကို အလုံးစုံသိမ်းနိုင်ရန် အချိန်ပေးရခြင်းဖြစ်သည်။ 

ဖေဖော်ဝါရီလ ၉ ရက်တွင် လေတပ်က ဗုံးကြဲသဖြင့် ပျက်စီးသွားသော ဘီးလင်းမြို့နယ်မှ ဘုန်းကြီးကျောင်း။ (ဓာတ်ပုံ- KNU တပ်မဟာ ၁) 

Related Articles

Back to top button