
တိုက်ပွဲများကြောင့် ဗန်းမော်မြို့ ဒေသခံများ မြို့ကိုစွန်ခွာကြရာ ရွှေကူမြို့တွင် သွားရောက် ခိုလှုံသူ ၁၅၀၀ ကျော် ရှိနေသည် ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။
ဗန်းမော်မြို့၏ အနောက်ဘက် မိုင် ၆၀ ခန့်အကွာ၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသည့် ရွှေကူမြို့ပေါ် တွင် ဗန်းမော်စစ်ရှောင် ၁၅၀၀ ကျော်ရှိနေပြီး ဘုန်းကြီးကျောင်း ၄ ကျောင်းတွင် ယာယီခိုလှုံ နေထိုင် နေကြသည်။
အဆိုပါ စစ်ရှောင်များထဲမှ အများစုမှာ မန္တလေး၊ ရန်ကုန်စသည့် မြို့များသို့ ဆက်လက်ထွက်ခွာလိုပြီး ကူညီပေးရေးအဖွဲ့များ နည်းပါးမှုကြောင့် ရွှေကူမြို့တွင်ပင် ဆက်လက်သောင်တင်နေရသည်ဟု ဗန်းမော်အခြေစိုက် သုညသုခအသင်းမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
“ (စစ်ရှောင်)အများစုကတော့ အဲဒီလိုပဲ စောင့်နေကြတာပေါ့၊ တစ်ကြိမ်ပြီးတစ်ကြိမ်ပါမလားပေါ့ ။ ဒီတစ်ကြိမ်မပါရင် နောက်တစ်ကြိမ် ပါမလားပေါ့၊ လောလောဆယ်တော့ သုညသုခနဲ့ ဇောတိက နှစ်ဖွဲ့ပဲ ရှိသေးတယ်” ဟု အထက်ပါအသင်းတာဝန်ရှိသူက ဆိုသည်။
ရွှေကူမြို့မှ မန္တလေးသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများရှိသော်လည်း ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ ကျပ်ငွေ ၂ သိန်းခွဲခန့်ပေးရသဖြင့် ငွေကြေးမတတ်နိုင်သည့် စစ်ရှောင်အများစုမှာ ပရဟိတအဖွဲ့များ၏ ကူညီမှုကို လိုအပ်နေသည်ဟု သိရသည်။
သုညသုခအသင်းသည့် ကား ၄ စီးဖြင့် တစ်ကြိမ်လျှင် စစ်ရှောင် ၆၀ ကျော်ခန့်ကို ရွှေကူမှ မန္တလေးသို့ ကူညီပို့ဆောင်ပေးနေပြီး ၎င်းတို့အဖွဲ့နှင့်အတူ ဗန်းမော်အခြေစိုက် ဇောတိကအသင်းကလည်း ကူညီ ပေးနေသည်ဟု ဆိုသည်။
သို့သော် ဝန်နှင့် အားမမျှသည့်အတွက် စစ်ရှောင်အများစုမှာ အခြားမြို့ကြီးများသို့ မသွားနိုင်သေးဘဲ ဧရာဝတီမြစ်ဘေး စင်းခန်းရွာ၊ ရွှေကူ စသည့်မြို့များတွင် သောင်တင်နေကြသည်ဟု သိရသည်။
သုညသုခအသင်းမှာ ယနေ့အထိ စစ်ရှောင်ဦးရေ ၄၀၀ နီးပါးခန့်ကို မန္တလေးမြို့သို့ ကူညီပို့ဆောင်ပေးခဲ့ ပြီး တစ်ကြိမ်လျှင် ခရီးစရိတ် သိန်း ၄၀ ခန့် ကုန်ကျနေသည်ဟု ဆိုသည်။
ရွှေကူမြို့မှာ စစ်ကောင်စီ ထိန်းချုပ်ထားသည့်မြို့ဖြစ်သည့်အတွက် တိုက်ပွဲများဖြစ်ပွားလာမည်ကို မြို့ခံများနှင့် စစ်ရှောင်များကလည်း စိုးရိမ်နေကြသလို အကူအညီများလည်း လိုအပ်နေသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ၂ လကျော်ကြာမြင့်လာပြီဖြစ်ပြီး မြို့တွင် ကျန်နေလိုက်သည့် စစ်ရှောင်များလည်း ယနေ့အထိ ဆက်လက်ထွက်ခွာနေကြသည်ဟု အထက်ပါတာဝန်ခံအမျိုးသားက ပြောသည်။
“မြို့ထဲက လူတွေလည်း ထွက်လာတဲ့သူတွေလည်း ရှိပါသေးတယ်၊ တချို့တွေလည်း ကျန်နေကြတုန်းပါပဲ၊ ရာဂဏန်းလောက်တော့ ရှိပါသေးတယ်”
ဗန်းမော်မြို့သည် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်သော တပ်မြို့ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ မြို့ပေါ် ရပ်ကွက် ၁၆ ခုရှိကာ တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော် နေထိုင်သည်။
ကူညီပေးသည့်ကားများမှာလည်း တိုက်ပွဲအခြေအနေများကြောင့် ဗန်းမော်မြို့အထိ မသွားနိုင်ကြဘဲ ရွှေကူမြို့အထိသာ သွားရောက်ကယ်ဆယ်နိုင်တော့သည်ဟု သိရသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ယခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှစတင်၍ တကျော့ပြန် ပြင်းထန်လာပြီး တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက် ကျဆုံးမှုများရှိနေသလို နှစ်ဘက်တပ်ဖွဲ့ဝင်များကိုလည်း သုံံ့ပန်းအဖြစ် အပြန်အလှန်ဖမ်းဆီးမှုများလည်း ရှိနေသည်။
စစ်တပ်ဝါဒဖြန့်အွန်လိုင်းမီဒီယာများကမူ သုံ့ပန်းဖမ်းဆီးခံရသူ ၁၀ ဦးကို ထုတ်ပြန်ခဲ့ပြီး ကချင် ၂ ဦး၊ PDF ၈ ဦး ပါဝင်ပြီး လက်နက်ခဲယမ်းများ၊ အလောင်းများ သိမ်းဆည်းရရှိကြောင်း ဖော်ပြနေကြသည်။
ထိုအခြေအနေများနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုချက် မရသော်လည်း ကာကွယ်ရေးတပ်များဘက်မှလည်း အထိအခိုက်ရှိကြောင်း ကချင်ဒေသအခြေစိုက် ပြည်သူ့ကာကွယ် ရေး (KPDF) တပ်ဖွဲ့ဝင်တချို့ထံက သိရသည်။
ဗန်းမော်မြို့ပေါ်ရှိ ရပ်ကွက်အများစုနှင့် စစ်ကောင်စီတပ် ၃ ခုနှင့် လေဆိပ်တစ်ခုတို့ကို KIA နှင့် ကချင် ဒေသပြည်သူ့ကာကွယ်ရေးတပ်များ (KPDF) နှင့် ကျောင်းသားတပ်မတော် (ABSDF) ပူးပေါင်းတပ်များ က သိမ်းပိုက်ထားပြီး လေယာဉ်ကွင်းအနီးရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နှင့် လက်ကျန်တပ်ရင်းများကို ဆက်လက်တိုက်ခိုက်နေသည်။
လတ်တလောတွင် စကခ-၂၁ အနီး တိုက်ပွဲများပြင်းထန်နေသည်ဟုသာ သိရပြီး စစ်ရေးအခြေအနေ အသေးစိတ် မသိရသေးပေ။
ဗန်းမော်မြို့ လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က လက်နက်ကြီးများအပြင် လေကြောင်းမှ နေ့စဉ် ဗုံးကြဲနေသည့်အတွက် မြို့ပေါ်ရှိ ရပ်ကွက်အများစုတွင် နေအိမ်များ မီးလောင်ပျက်စီးနေပြီး တိုက်ပွဲအတွင်း သေဆုံးသူ ဒေသခံ ၁၀၀ နီးပါးခန့် ရှိနေပြီဖြစ်သည်။
