
စစ်သားသစ်စုဆောင်းရေးအစီအစဉ်အတွက် ဖမ်းဆီးခံထားရသော လူငယ်များ စစ်သင်တန်းကျောင်း မရောက်မီ ပြန်လည် လွတ်မြောက်လိုပါက ကျပ်သိန်း တစ်ရာကျော်အထိ ပေးနေရကြောင်း ကြုံတွေ့နေရသူများ၊ ၎င်းတို့နှင့် နီးစပ်သူများက ပြောကြသည်။
အဖမ်းမခံရသော်လည်း စစ်သင်တန်းကျောင်းသို့ မဖြစ်မနေ သွားရမည့် အခြေအနေကို ရှောင်ရှားလိုပါက လာဘ်ထိုးရမည့်အပြင် အစားထိုးလိုက်ပါမည့်သူကိုပါ ငွေအမြောက်အများ ပေးရသည်ဟု ထိုအခြေအနေကို သိရှိသူ၊ နေပြည်တော် ပျဉ်းမနားသကြားစက်အနီးရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
“လူအစားထိုးတာက သိန်း ၈၀၊ အုပ်ချုပ်ရေးအဖွဲ့ကို ပေးတာက သိန်း ၅၀၊ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ဆိုတော့ သိန်း ၂၀၀ လောက်တော့ ကုန်သွားတာ၊ ပြီးတော့ အစားထိုးတဲ့သူက ဆေးကျလို့တဲ့၊ နောက်ထပ် အစားထိုးရသေးတော့ ပိုကုန်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
နေပြည်တော်တွင်မူ လူငယ်များကို သေချာပေါက် ခေါ်ဆောင်နိုင်သည့်နည်းလမ်း သုံးလာကြောင်း
အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်မှုထမ်း နာမည်စာရင်းပါရင် ကြိုအကြောင်းမကြားတော့ဘူး၊ ကြိုပြောရင် ထွက်ပြေးကြတော့ ခုက အိမ်မှာရှိတဲ့အချိန် စောင့်ကြည့်ပြီး ဝင်ခေါ်တော့တာ” ဟု ၎င်းက ရှင်းပြသည်။
စာရင်းတွင် ပါဝင်ခြင်းမရှိသူများလည်း စစ်သင်တန်းကျောင်းသို့ အပို့ခံရတတ်ကြောင်း ၎င်းက ဆိုသည်။
ဇန်နဝါရီပထမပတ် နေ့လယ်ခင်းတစ်ခုတွင် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်အနီး ကျွဲ၊ နွား၊ ဆိတ် ကျောင်းနေသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်း ပါဝင်သည့် အဖွဲ့က အတင်းအကျပ် ခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောသည်။
ထိုမြို့နယ်အတွင်း စစ်သားသစ် လိုက်လံစုဆောင်းသူဟု သတင်းကြီးနေသူများထဲတွင် ဦးဇော်လင်း ဆိုသူ ပါဝင်ကြောင်း၊ ရလာသည့်ငွေများကို သုံးဖြုန်းတတ်ကြောင်း သူနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။
“ပိုက်ဆံရှိတဲ့သူ ပြန်ရွေးရင် ဈေးက သိန်း ၁၁၀၊ မရှိတဲ့သူကို တပ်ထဲပို့ရင် သိန်း ၃၀ ရယ်၊ အဲသလို ရတဲ့နေ့ ဆိုရင် (ဦးဇော်လင်း) မပြန်တော့ဘူး၊ ညလုံးပေါက် KTV သွားနေတာ” ဟု ထိုသူက ပြောသည်။
စစ်သင်တန်းကျောင်းနှင့် စစ်တပ်စခန်းသို့ ရောက်သွားပြီးလျှင် ငွေပေးရွေးယူရ ပိုမို ခက်ခဲမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လက နေပြည်တော်မှ လင်မယားနှစ်ဦး ရန်ဖြစ်အပြီး ဇနီးသည်က အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်ကြားရာ နောက်တစ်နေ့တွင် အုပ်ချုပ်ရေးမှူးက ခင်ပွန်းသည်ကို ခေါ်ဆောင်သွားသည်၊ နောက်ဆုံးတွင် စစ်သင်တန်းကျောင်းသို့ အပို့ခံရသည်ဟု ယင်းမိသားစုနှင့် ရင်းနှီးသူ အမျိုးသားတစ်ဦးကဆိုသည်။
ထိုသို့ အပို့ခံရသူမှာ ပျဉ်းမနားမြို့နယ်နေ အသက် ၃၂ နှစ် အရွယ် ကိုဇင်ဘို ဖြစ်သည်၊ စစ်သင်တန်း သုံးလတက်ပြီးနောက် ရခိုင်စစ်မြေပြင်သို့ ရောက်သွားသည်၊ တိုက်ပွဲတွင် ဒဏ်ရာရသဖြင့် မိသားစုနှင့် တွေ့ဆုံခွင့် ရခဲ့သည်ဟု သိရသည်။
“ဆေးရုံမှာ။ မျက်နှာနဲ့ ခြေထောက်မိုင်းထိထားတာ။ အဲဒါမိသားစုက ကားငှားသွားပြီး အရာရှိကို နောက်တန်းမှာ ထားပေးဖို့ပြောတာ၊ မရတော့ သိန်းတစ်ရာလောက်အကုန်ခံမယ် ပြောတော့လည်း မရဘူး၊ သက်သာတာနဲ့ ရှေ့တန်းပြန်ပို့မယ်ဆိုလို့ မိသားစုလည်း ပြန်လာခဲ့ရတယ်” ဟု ယင်းအမျိုးသားကဆိုသည်။
“ဒုက္ခိတဖြစ်ရင် အသက်ရှင်ဦးမယ်ဆိုပြီး သူ့အဖေပြောနေတာ”
နေပြည်တော်ရှိ ကျေးရွာများတွင်လည်း ဧည့်စာရင်းဝင်စစ်ချိန် စစ်သားသစ်စုဆောင်းတတ်သဖြင့် လူငယ်များမှာ သွားရောက် စစ်ဆေးဖမ်းဆီးရန် ပိုမို ခက်ခဲသည့် စိုက်ပျိုးရေးလုပ်ငန်းခွင်ကဲ့သို့သော နေရာများတွင် ပြောင်းရွှေ့အိပ်နေကြသည်ဟု သိရသည်။
စစ်သားသစ်စုဆောင်းရေးဗန်းပြပြီး လက်နက်ကိုင်အဖွဲ့များ၊ ဌာနဆိုင်ရာများက ငွေအကြီးအကျယ် ရှာနေကြသည်ကို စစ်ကောင်စီကလည်း သိရှိထားသည်။
ရွှေဘိုမြို့နယ်တွင် ဧည့်စာရင်း မတိုင်မှုဖြင့် ဖမ်းဆီးခံရသူ မော်ကျော်မင်းခန့် ဆိုသူ စစ်သားသစ်အဖြစ် စုဆောင်းခံထားရစဉ် ဖခင်ဖြစ်သူက နောက်တစ်နေ့တွင် သိန်း ၁၃၀ ပေးပြီး ပြန်လည်ရွေးထုတ်ခဲ့ရသည်ဟု စစ်ကောင်စီ၏ ဇန်နဝါရီ၂၇ ရက်နေ့ ရက်စွဲတပ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ရလာသည့် လာဘ်ငွေကို ခွဲဝေယူကြသူများထဲတွင် ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်၊ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်း ၂ဦးတို့ ပါဝင်သည်ဟု စစ်ကောင်စီက ဆိုသည်။
“ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အငယ်တန်းစာရေး သူရိန်ညွန့် က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သူ သန်းစိုးထိုက် က ၅၀ သိန်း စသည်ဖြင့် အသီးသီးခွဲယူခဲ့ကြကြောင်း” စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်သားသစ်စုဆောင်းမှု တစ်နှစ်ကြာလာချိန်တွင် ငွေပမာဏအများအပြား တောင်းယူမှုအကြောင်း စစ်ကောင်စီက ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးများက စစ်သားသစ်စုဆောင်းရေးအတွက် ရဲ၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်တို့ကို တာဝန်ပေးထားရာ ထိုဌာန ဝန်ထမ်းများ၊ အရာရှိများ ငွေရှာနိုင်သည့် အခြေအနေ ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေသည်။
စစ်တပ်စခန်း အများအပြားရှိသော မှော်ဘီ၊ မင်္ဂလာဒုံ စသည့် ရန်ကုန်ရှိ မြို့နယ်များတွင် နေထိုင်သူတို့မှာ စစ်သားစုဆောင်းရေးဗန်းပြပြီး ငွေကောက်ခံရနိုင်သူများထဲ ပါဝင်သည်။ ထောက်ကြံ့မြို့နှင့် မှော်ဘီမြို့နယ်ကြား ရပ်ကွက်တစ်ခုတွင် လူငယ်မရှိသည့်အိမ်များကိုလည်း စစ်တပ်က ငွေကောက်နေသည်ဟု ထိုဖြစ်ရပ်များအကြောင်းကို သိရှိသော ရန်ကုန်မှ အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အာဏာသိမ်းမှု ထောက်ခံသည့် လူနည်းစုပင်လျှင် စစ်ကောင်စီတပ်ထဲ မဝင်လိုသည့်ကာလ ဖြစ်သောကြောင့် လူငယ်အများအပြား စစ်သားသစ်အဖြစ် စုဆောင်းမခံရစေရန် အခြားမြို့၊ အခြားနိုင်ငံများသို့ သွားရောက် ရွှေ့ပြောင်း နေထိုင်လျက် ရှိသည်။
ဤအခြေအနေတွင် ရန်ကုန်လေဆိပ် တာဝန်ကျ အရာရှိများက ပြည်ပထွက်မည့်သူကို ထွက်ခွာခွင့်မပြုသည့်သတင်းများ မကြာခဏ ထွက်ပေါ်လာသည်။
ငွေညှစ်သူများ ရှိနေသဖြင့် လေယာဉ်ပေါ် တက်ခွင့်မရဘဲ အိမ်ပြန်ရမည့်ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ရန် ငွေကြိုပေးသူတချို့လည်း ရှိလာသည်။
စစ်သားစုဆောင်းရေးတပ်စခန်းများကို ရထားဘူတာ၊ အဝေးပြေးကားဂိတ် စသည့် နေရာတို့တွင် ဖွင့်ထားပြီး လူသစ်စုနေသည်မှာ ဆယ်စုနှစ်နှင့်ချီကြာနေပြီဖြစ်သည်။ သို့သော်လည်း ၂၀၂၄ ခုနှစ်တွင် အာဏာသိမ်းတပ်က စစ်မှုထမ်းဥပဒေ ထုတ်လိုက်ပြီးနောက်တွင် စစ်သားစုဆောင်းမှုကို နေရာတိုင်းတွင် လုပ်ကိုင်လာကြောင်း တွေ့ရသည်။
၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို စစ်မှုထမ်းနိုင်ရန် စစ်တပ်က ဆင့်ခေါ်နိုင်သည်ဟု ထိုဥပဒေတွင် ဖော်ပြထားသည်။
ဆရာဝန် အင်ဂျင်နီယာ ၊ စက်မှုလက်မှုပညာ တက်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ် ဖြင့် အသက်မွေးဝမ်းကြောင်းနေသူဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသား ဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီး ဖြစ်ပါက အသက် ၁၈ မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။
တပ်ထဲ ၂ နှစ် နေရမည်ဟု ဆိုသော်လည်း အရေးပေါ် အခြေနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်ဟုလည်း စစ်ဗိုလ်ချုပ်များ၏ ဥပဒေတွင် တွေ့ရသည်။
စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ သန်းကျော်၊ အမျိုးသမီး ၇ သန်းကျော်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
တပ်သားသစ်များမှာ စစ်သင်တန်းပြီးလျှင်ပြီးချင်း တိုက်ပွဲဖြစ်ပွားတတ်သည့် ဒေသသို့ ပို့ဆောင်ခံရသဖြင့် အများအပြား သေဆုံးနေသလို တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်ပြီး လက်နက်ချသူများလည်း ရှိသည်။