သတင်း

ဧရာဝတီစစ်ရှောင်များထဲမှ နေရေး စားရေး ခက်ခဲသူများ နေရပ်ပြန်

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်း၊ စားဝတ်နေရေး အဆင်မပြေခြင်းတို့ကြောင့် ပုသိမ်ရောက် စစ်ဘေးရှောင်အချို့ နေရပ်ပြန်သွားကြသည်။ လတ်တလောတွင် တိုက်ပွဲ ငြိမ်သက်နေသည်ဟု သိရသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့မှ စစ်ဘေးရှောင်အချို့ စားဝတ်နေရေးနှင့် နေထိုင်စရာ အခက်အခဲကြောင့် နေရပ်ပြန်လာနေကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူများ၊ ဒေသခံများက ပြောသည်။

အာရက္ခတပ်တော် (AA) က ရွှေသောင်ယံမြို့အနီး ဘောမိကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို  ဇန်နဝါရီ ၁၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ထိုကာလတွင်  ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်တို့ရှိ ဒေသခံများ စစ်ရှောင်နေကြခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၄ရက်မှစ၍ ရွှေသောင်ယံမြို့တွင် ပစ်ခတ်သံ မကြားရတော့ဘဲ တိုက်ပွဲများ ငြိမ်သွားခြင်းကြောင့် နေရပ်ပြန်သူများ ရှိလာသည်ဟု ရွှေသောင်ယံ ဒေသခံ အမျိုးသားက ပြောသည်။

“အိမ်ငှားခ၊ စားစရိတ်နဲ့ ရေရှည်မှာ အဆင်မပြေကြဘူးလေ၊ အလုပ်လည်းမရှိတော့ ရှိတာထိုင်စားနဲ့ ကုန်နေတာဆိုတော့ တိုက်ပွဲမရှိတော့ဘူးကြားရင် နေရပ်ပြန်ကြတာပဲ၊ ပြန်လာတာတော့ လူနည်းစုပါပဲ၊ အများကတော့ ပြန်မလာကြသေးဘူး”ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့နယ်တွင်  အိမ်ငှားခမှာ ကျပ်တစ်သိန်းမှ သုံးသိန်းအထိ ရှိကြောင်း သိရသည်။

ရာနှင့်ချီသော နေရပ်ပြန်သူများထဲတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၊  ငွေကြေးအဆင်မပြေသူများ အများဆုံးပါဝင်သည်ဟု သိရသည်။

စစ်ရှောင်များသည် လူ ၄၀ မှ ၃၀ ဆံ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် နေရပ်ပြန်လာကြခြင်းဖြစ်သည်။  ပုသိမ်၊ သာပေါင်းနှင့် လပွတ္တာ မြို့နယ်များတွင် စစ်ဘေးရှောင်များ ဆက်ရှိနေဆဲဟု သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး၏  ထောက်ခံချက် မပြနိုင်သည့် စစ်ရှောင်တို့မှာ    စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ပိုမိုစိစစ်ခံရသည်၊  ထောက်ခံချက် ရရှိရန်လည်း ကျပ် ငါးထောင်မှ တစ်သောင်းကြား ပေးခဲ့ကြရသည်ဟုလည်း ပုသိမ်မြို့မှ စစ်ဘေးရှောင်များကို ကူညီနေသူ အမျိုးသားတစ်ဦးက ဆိုသည်။

“မှတ်ပုံတင်မပါရင်တော့ ဘယ်မှသွားမရဘူး၊ ရပ်ကွက် ထောက်ခံချက်ပါရင်တော့ မစစ်ဆေးဘူးပေါ့၊ မြို့ပေါ်ရောက်ရင်လည်း ဧည့်စာရင်းတိုင်ရတယ်၊ တိုင်ခက သုံးထောင်ပေးရတယ်” ဟု ၎င်းက ပြောသည်။

AAထိန်းချုပ်ထားသော ဘောမိကျေးရွာသည် ရွှေသောင်ယံကမ်းခြေနှင့် ၁၆မိုင်ခန့်အကွာတွင်ရှိပြီး နာမည်ကျော်ကမ်းခြေများ ဖြစ်သော ချောင်းသာကမ်းခြေနှင့် ၂၇မိုင်ကျော်၊ ငွေဆောင်နှင့် ၃၈မိုင်ကျော်ခန့်သာ ကွာဝေးသည်။

စစ်ကောင်စီတပ်သားများ စခန်းချတပ်စွဲထားသည့် ရွှေသောင်ယံမြို့ အနီးရှိ တပင်မှော်ရွာတွင် စစ်သားအချင်းချင်း ပစ်ခတ်မှု ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က ဖြစ်ပေါ်ခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးကပြောသည်။

ထိုဖြစ်ရပ်တွင် စစ်ဗိုလ်တစ်ဦး သေဆုံးသွားကြောင်း၊  ထိုသူတို့မှာ အခြားနယ်မှ လာရောက်သူများဖြစ်၍ နာမည်နှင့် အသေးစိတ် အချက်လက်များကို ဒေသခံများက အတည်မပြုနိုင်သော်လည်းအရာရှိများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Show More

Related Articles

Back to top button