
အိန္ဒိယ-မြန်မာနယ်စပ်အနီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးမြို့နယ်ရှိ စစ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင် တိုက်ခိုက်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိနေသည်ဟု သိရသည်။
စစ်ကောင်စီတပ်များက မြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ နယ်စပ်အနီးတွင် ရှိသော ကျွန်းပင်သာရွာနှင့် မင်းသာရွာ တို့တွင် တပ်စွဲထားသည်ဟု ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေ သော အမျိုးသားတစ်ဦးက ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမှတ် (၁) စစ်ဒေသ လက်အောက်ခံ တမူးခရိုင်မှ tတပ်ရင်း ၃ ရင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ ပါဝင်သည်။
ခံစစ်ဆင်နေသော စစ်ကောင်စီတပ်ဘက်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ နာဂ လက်နက်ကိုင်တပ်၊ အိန္ဒိယအခြေစိုက် ကသည်းလက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းပါဝင်နေသည် ဟု သိရသည်။
အိန္ဒိယမှ ခွဲထွက်ရေးလှုပ်ရှားသည့် ကသည်းလူမျိုး လက်နက်ကိုင်ရာဂဏန်းခန့်သည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် တမူးမြို့နယ်အတွင်း စစ်တပ်နှင့်ပူးတွဲလှုပ်ရှားနေကြခြင်း ဖြစ်သည် ဟု ဒေသအခြေစိုက် PDF တပ်ဖွဲ့များထံက သိရသည်။
စုစုပေါင်းအင်အား ၅၀၀ ကျော်ဖြင့် ခုခံနေသည့် စစ်ကောင်စီစခန်းများမှာ ခံစစ်အခိုင်အမာ ပြင်ဆင် ထားသည်၊ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှလည်း အကျအဆုံးရှိနေသည်ဟု အထက်ပါ ရှေ့တန်းတပ်ဖွဲ့ဝင်က ပြောသည်။
“အဲဒီမှာ (ကျွန်းပင်သာမှာ) XX က အခိုင်အမာတပ်စွဲထားတာ။ အရင်နေ့က တိုက်ပွဲမှာ ဒီဘက်က ရဲဘော်တွေလည်း တော်တော်ကျတယ်၊ အထက်ပိုင်းမှာက တောင်တွေဗျ၊ ရွာတွေဆိုပေမယ့် တောင်တွေချည်းပဲ။ တိုက်ရတာ ခက်တယ်” ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီ ၂၈ ရက်နေ့က ကျွန်းပင်သာရွာနှင့် မင်းသာရွာများကို လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ယနေ့တွင်မူ ထိုသို့တိုက်ခိုက်ခြင်း မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တမူးမြို့၏မြောက်ဘက် ၇ မိုင်ခန့်အကွာတွင်ရှိသည့် ပန်းသာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရှိ ရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်သည့် အပြင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“အရင်နေ့က ကျွန်တော်တို့ တပ်စခန်းကို Kamikaze (တစ်ခါသုံးဒရုန်း)တွေနဲ့ လာကြဲတယ်၊ နောက်နေ့ ကြတော့ (အကြိမ်ကြိမ် ပြန်သုံးနိုင်တဲ့) Fixed Wing ဒရုန်းတွေနဲ့ နမ့်မွန်းတား၊ ခွမ်မွန်းနွံ ရွာဘက်ကို ကြဲတယ်၊ အထိအခိုက်လည်း မရှိဘူး သေဆုံးတာလည်း မရှိပါဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
ယနေ့နံနက်တွင် အဆိုပါ ပန်းသာရွာကို တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းများဖြင့် သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်များတွင်မူ တမူးမြို့နယ်၊ ကျွန်းပင်သာဒေသတဝိုက် ယမန်နေ့ညက လေကြောင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ PDF အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၈ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်ဟု ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
နှစ်ဘက် ထုတ်ပြန် ပြောဆိုချက်များနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တမူးမြို့သိမ်းမည်ဟု သတင်းများထွက်ပေါ်နေသည့် အတွက် ယခုနှစ် ဇန်နဝါရီ ဒုတိယအပတ်မှ စတင်ပြီး ထောင်နှင့်ချီသည့် မြို့ခံများ မြို့မှ တိမ်းရှောင်ခဲ့ကြသည်။
ယနေ့နံနက်အထိ တိုက်ပွဲများ ဆက်ဖြစ်ပွားနေပြီး တော်လှန်ရေးပူးပေါင်းတပ်များက နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် တမူးမြို့ကို သိမ်းပိုက်နိုင်ရေး စစ်ရှိန်မြှင့်နေသည်ဟု သိရသည်။
ယမန်နှစ် အောက်တိုဘာလ နောက်ဆုံးပတ်ကလည်း PDF စိုးမိုးနယ်မြေများအတွင်း စစ်ကောင်စီနှင့် ၎င်း၏ မဟာမိတ်များက ၂ နေရာခွဲ၍ ဝင်ရောက်လာပြီးနောက် တိုက်ပွဲများဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း ကသည်းလက်နက်ကိုင်များမှ ၃ ဦး သေဆုံး၊ ၁ ဦး အဖမ်းခံခဲ့ရသည်။
တမူးခရိုင်အတွင်းရှိ ခမ်းပတ်မြို့နှင့် မြို့သစ်မြို့တို့ကို NUG လက်အောက်ခံတပ်များက သိမ်းပိုက်ထား ပြီးဖြစ်ကာ တမူးမြို့ကို ရရှိပါက တမူးခရိုင်တစ်ခုလုံးကို NUG က ထိန်းချုပ်နိုင်မည်ဖြစ်သည်။
NUG စစ်ကိုင်းတိုင်းအတွင်း အစိုးရရုံးစိုက်မည်ဟု ပြောဆိုထားပြီးနောက် စစ်ကောင်စီတပ်က NUG သိမ်းပိုက်ထားသည့် ခမ်းပတ်မြို့ကို ဗုံးအကြိမ်ကြိမ်ကြဲနေပြီး ဒေသခံ သေဆုံးမှုများလည်း ရှိနေသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ နယ်မြေအများစုကို တော်လှန်ရေးတပ်များက စိုးမိုးထားပြီးဖြစ်သလို စစ်ကိုင်း တိုင်း ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်၊ ပင်လယ်ဘူး စသည့် မြို့များကိုလည်း သိမ်းပိုက်ထားပြီး NUG က ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေသည်။