သတင်း

တောင်သာမြို့ ဗုံးကြဲမှုတွင် အမျိုးသမီး ၁ ဦးသေဆုံး၊ ခင်ပွန်းနှင့်သမီး ဒဏ်ရာရ

တပ်မြို့ဖြစ်သော မိတ္တီလာနှင့် ကပ်လျက်ရှိသည့် တောင်သာမြို့နယ်တွင် လူလိုက်ပါမောင်းနှင်နိုင်သော အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်မှုသည် ၉ ကြိမ်ရှိပြီ ဖြစ်ပြီး သေဆုံးသူ ၆ ဦးအထိရှိပြီဖြစ်သည်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာတွင် စစ်တပ်က အင်ဂျင်တပ်လေထီး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၎င်း၏ခင်ပွန်းနှင့် ၃ နှစ်အရွယ် သမီးငယ်တို့မှာ ဒဏ်ရာ ပြင်းထန်စွာရရှိသွားကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာထံက သိရှိရသည်။

ဇန်နဝါရီ၂၈ ရက် နံနက်အစောပိုင်း ၂ နာရီခန့်တွင်  မိတ္ထီလာလေတပ်ဘက်မှလာသည့် အင်ဂျင်တပ် လေထီး (Paramotor) ၂ စီးသည် တောင်သာမြို့နယ်အရှေ့ဘက် မလှိုင်မြို့နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေ သည့် ရွာတန်းရှည်ရွာကို ဗုံး ၆ လုံးကြဲချခဲ့သည်။

ဗုံး ၃ လုံးသည် ရွာအပြင်ဘက်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ကျန် ၃ လုံးသည် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ သတင်းတာဝန်ခံက ပြောသည်။

ရွာတန်းရှည်ရွာမှ အသက်၂၇ နှစ်အရွယ် မစန္ဒာဝင်း(ခ)မမိပုသည် ရင်ဘတ်တွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး နေရာမှာပင် သေဆုံးခဲ့သည်။ ၎င်း၏ခင်ပွန်း အသက် ၃၃ နှစ်အရွယ် အမျိုးသားမှာ ပေါင်တွင် ထိမှန်ခဲ့ပြီး ၃ နှစ်အရွယ်သမီးငယ်မှာ တင်ပါးတွင် ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

“ သူတို့မိသားစုက အခင်းဖြစ်တဲ့နေအိမ်ကို ဇန်နဝါရီ၂၆ နေ့ကမှ  ရွှေ့ပြောင်းနေထိုင်တာလို့ သိရတယ်။ အိမ်ဆောက်လက်စ မပြီးသေးတဲ့အတွက် ယာယီတဲအိမ် ထိုးပြီးနေတာ။အမျိုးသားနဲ့ကလေးလည်း ဒဏ်ရာ အတော်ပြင်းပါတယ်”ဟု လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ၏ သတင်းတာဝန်ခံအမျိုးသားက Myanmar Now ကို ပြောပြသည်။

သေဆုံးသူ မစန္ဒာဝင်း၏ ရုပ်အလောင်းအား ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျေးရွာသုဿန်၌ သင်္ဂြိုလ်လိုက်သည်ဟု သိရ သည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ရွာတန်းရှည်ရွာသည် အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိပြီး တောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်ဟု သိရှိရသည်။

ယခုဖြစ်စဉ်အပါအဝင် စစ်တပ်၏ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံအများစုသည် အသက်အန္တရာယ် စိုးရိမ်ပူပန်နေရပြီး လုံခြုံရေးပြင်ဆင်မှုများလုပ်ဆောင်နေကြသည်ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

ပေါက်ကွဲမှုမှ ကျန်ရစ်သောလက်နက်အပိုင်းအစတချို့။ (ဓာတ်ပုံ- လူထုလှုပ်ရှားမှုကော်မတီ- တောင်သာ)

“ဒီလို လေထီး၊ လေယာဉ်တွေနဲ့ဗုံးကြဲမှုကြောင့် စိုးရိမ်နေကြရတယ်ဗျ။ ဒါတွေပျံတက်လာပြီဆိုရင် လုံးဝ မအိပ်ကြရတော့ဘူး။နေ့စဉ်ရက်ဆက်ပေါ့။ ကျေးရွာအားလုံးနီးပါးလည်း ဗုံးခိုကျင်းတွေ တူးကြတယ်။ အချက်ပေးသံချောင်း ခေါက်ကြတယ်။ ပုန်းခိုကြတယ်။ သီးခြားစစ်ဘေးရှောင်နေတာမျိုးတော့ မရှိကြပါ ဘူး”ဟု ထိုသူက ကျေးလက်နေဒေသခံများ ရင်ဆိုင်ရပုံကို ပြောပြသည်။

တောင်သာမြို့နယ်တွင် စစ်ကောင်စီက ယခုကဲ့သို့ အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၉ ကြိမ်ရှိပြီ ဖြစ်ပြီး သေဆုံးသူ ၆ ဦး အထိရှိပြီဖြစ်ကြောင်း တောင်သာလူထုလှုပ်ရှားမှုကော်မတီက ဆိုသည်။

လတ်တလော တိုက်ပွဲ မရှိသော တောင်သာမြို့နယ်၌ စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီးများဖြင့် ကျေးရွာများကို နေ့စဉ်ရက်ဆက် တိုက်ခိုက်နေမှုသည် အများပြည်သူသာ အထိအခိုက်များနေကြောင်း တောင်သာ PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မူတူးက ပြောသည်။

“စစ်ရေးအခြေအနေက လက်ရှိထူးခြားမှုမရှိသေးဘူး။ သူတို့ဘက်ကသာ စက်တပ်လေထီးနဲ့ ညတိုင်း လိုလို ရွာတွေကို ဗုံးကြဲနေတာ။ ဗုံးကြဲတယ်ဆိုတာလည်း ပြည်သူရွာတွေ ၊ပြည်သူ့နေအိမ်တွေပဲ ဗုံးကြဲပြီး ကျွန်တော်တို့စခန်းတွေ ဗုံးကြဲတာမျိုးမရှိဘူးဗျ။ ပြည်သူတွေပဲ ထိထိနေတာ” ဟု ဗိုလ်မူတူးက ဆိုသည်။

ထိုကဲ့သို့ လူလိုက်ပါမောင်းနှင်နိုင်သော အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် နိုင်ငံအလယ်ပိုင်း တောင်သာမြို့နယ်တွင်သာမက ငါန်းဇွန်မြို့နယ် နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်း မြို့နယ်တွင် ဖြစ်ပွားထားသည်။ 

တပ်မြို့ဖြစ်သော မိတ္တီလာနှင့် ကပ်လျက်ရှိသည့် တောင်သာမြို့နယ်တွင်  အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်မှုသည်ပထမဆုံးအကြိမ် ၂၀၂၄ ဒီဇင်ဘာ ၂၅  ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့သည်။ 

ထိုအင်ဂျင်တပ်လေထီးများသည် အနှေးယာဉ်ဖြစ်ခြင်း၊ လေတိုက်နှုန်းကြောင့် အမြင့်ပေမြင့်မြင့်တွင် မပျံသန်းနိုင်ခြင်း၊ အသံကျယ်ခြင်း၊ လေးလံသော ဗုံးသီးများမသယ်ဆောင်နိုင်ခြင်း စသည့် အားနည်း ချက်များ ရှိသော်လည်း လတ်တလောတွင် ပစ်ချနိုင်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ဗုံးကြဲသတ်ဖြတ်မှုများသည် လူထုအားကြောက်စိတ်ပေးနေခြင်းဖြစ် သည်၊ သို့သော် ၎င်းတို့၏ရက်စက်ကြမ်းကြုတ်မှုများကို ပြည်သူများက မျက်ဝါးထင်ထင်တွေ့မြင်ပြီး နောက် တော်လှန်ရေးစိတ်ဓါတ်များပိုမိုပြင်းထန်လာသည်ကိုတွေ့ရကြောင်း လူထုလှုပ်ရှားမှုကော်မတီ- တောင်သာ တာဝန်ခံက ပြောသည်။

“မင်းအောင်လှိုင်ဘက်က ရက်စက်လေလေ ပြည်သူကတော်လှန်စိတ်ပြင်းလေလေပါပဲ။ အထင်ရှားဆုံး ကတော့ သူတို့ကိုထောက်ခံပါတယ်ဆိုတဲ့ ပြည်သူတွေတောင် ဒီလုပ်ရပ်တွေကြောင့်ပြောင်းလဲကုန်ကြပြီ”

ဆက်လက်၍၎င်းက “လက်ရှိဗုံးကြဲမှုတွေက စစ်ကောင်စီ မှာတာဝန်ထမ်းဆောင်နေတဲ့ သူတွေရဲ့အိမ်တွေ ကိုပါ ဗုံးသီးချတာတွေရှိတော့ ။ ဘယ်ပြည်သူကိုမှ ကိုယ်ချင်းစာစိတ်မထားဘဲ ရက်စက်ကြမ်းကြုတ်တော့ တစ်နေ့ သူတို့ (စစ်တပ်ထောက်ခံသူများ) အလှည့်လာနိုင်တယ်ဆိုတဲ့ အနေအထား အားလုံးသိကုန်ကြပါပြီ ” ဟု ဆိုသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်က စစ်ယာဉ်တန်းတစ်ခု ချုံခို တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်ခန့် သေဆုံးကာ လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ထံက သိရသည်။

တောင်သာမြို့နယ် နန်းမြင့်ရွာတွင် တိုက်ခိုက်ခံရပြီး မြင်းခြံသို့ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သား များ ၊ပြည်သူ့စစ်(ခေါ်)ပျူစောထီးများ လိုက်ပါလာသည့် ယာဉ်တန်းကို မြို့တောင်ဘက် ၃ မိုင်ခန့်အကွာ တောင်ရှေ့တိုးဂိတ်အနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မြင်းခြံခရိုင် အမှတ်(၇)တပ်ရင်း၏တာဝန်ရှိသူ ပြောသည်။

ယင်းနောက် ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း တောင်သာမြို့ပေါ်ရှိ အထက်တန်းကျောင်းတွင် အင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းကလည်း အလစ် အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးခန့်သေဆုံးပြီး အထိအခိုက်များခဲ့ သည်ဟု ထိုတပ်ရင်းက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ၂၁ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း လေကြောင်းပစ်ကူများကြောင့် ပြန်ဆုတ်ခွာခဲ့ရသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့သည် လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းသည့်ဒေသဖြစ်သည်။

ရွာတန်းရှည်ကျေးရွာရှိ ဗုံးကျရောက်ပေါက်ကွဲသောနေအိမ်အား တွေ့ရစဉ်။ (ဓာတ်ပုံ- လူထုလှုပ်ရှားမှု ကော်မတီ-တောင်သာ)

Show More

Related Articles

Back to top button