
ကချင်ပြည်နယ်ရှိ ကျောက်စိမ်းမြို့တော် ဖားကန့်မြို့တွင် ဇန်နဝါရီ ၁၃ ရက်နေ့က ကျောက်စိမ်း တူးဖော်ရာ မှ ဖြစ်ပေါ်လာသည့် နွံကန်ပေါက်ကျမှုကြောင့် ကလေး ၅ ဦး အပါအဝင် လူ ၃၂ ဦး သေဆုံး ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ထိုနေ့ နံနက် ၁ နာရီခွဲခန့်က ဖားကန့်မြို့၊ စပေါ့ရွာဝန်းကျင် ရတနာအဓိပတိကုမ္ပဏီ၏ ကျောက်စိမ်း လုပ်ကွက်ရှိ နွံကန်အတွင်း ကျောက်စိမ်းတူးရာမှ ထွက်ရှိလာသည့် မြေစာများကို နွံကန်အတွင်း ဖို့ရာမှ နွံကန်ပေါက်ကျခဲ့ ခြင်းဖြစ်သည်။
အဆိုပါနွံကန်ပေါက်ကျမှုကြောင့် စပေါ့ရွာရှိ ရပ်ကွက်(၃) ကို နွံများဖုံးလွှမ်းသွားပြီး နေအိမ် ၅၀ ခန့် နစ်မြှုပ်ခဲ့ရာ ထိုကဲ့သို့ ဒေသခံ အများအပြား သေဆုံးခဲ့ခြင်းဖြစ်သည်။
KIA အုပ်ချုပ်ရေးတားဝန်ခံများနှင့် ပရဟိတအဖွဲ့များက အဆိုပါနေရာကို ရှာဖွေကယ်ဆယ်ရေးများ လုပ်ခဲ့ရာ ယနေ့ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲအထိ အလောင်းရှာတွေ့သူ ၃၁ လောင်းအထိ ရှိလာပြီး၊ ဆေးရုံတွင် သေဆုံးသူ ၁ ဦးအပါ စုစုပေါင်း သေဆုံးသူ ၃၂ ဦးရှိခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရှာဖွေမှုလုပ်ငန်းစဉ်က ပြီးဆုံးသွားပြီလို့ပြောရမှာပေါ့ ကယ်ဆယ်ရေးသမားတွေက ပြန်လာခဲ့ကြပြီ။ ရွှံ့နွံ ဖုံးအုပ်သွားတဲ့ အရင်က နဂိုရှိတဲ့လမ်းက ပြန်ပေါ်ခဲ့ပြီပေါ့၊ အဲဒီနေရာအထိ ရှာပြီးသွားပြီ၊ အိမ်တွေ ကလည်း အတွင်းထဲတွေအထိ ရှာပြီးသွားပြီ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
သေဆုံးသူများတွင် ၂ နှစ်၊ ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်၊ ၉ နှစ် စသည့် ကလေးငယ် ၅ ဦးနှင့် အမျိုးသား၊ အမျိုးသမီး ၂၇ ဦးတို့ သေဆုံးခဲ့သည်။
နွံကန်ပြိုကျမှုကြောင့် စပေါ့ရွာမှ ပျောက်ဆုံးနေသူအချို့ ကျန်ရှိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း များ ရပ်ဆိုင်းလိုက်ပြီဖြစ်သည့်အတွက် ကျန်ရှိနေသေးသည့် ပျောက်ဆုံးသူအချို့နှင့် ပတ်သက်ပြီး ကယ်ဆယ်ရေးတာဝန်ရှိသူများက မည်သို့ ဆက်လုပ်ဆောင်မည်ကို တိတိကျကျမသိရသေးပေ။

စတင်ဖြစ်ပွားသည့်နေ့က အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် ၁၂ ဦး အလောင်းများ တူးဖော်ရရှိခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်ညနေအထိ ထပ်မံတူးဖော်မှု များအရ သေဆုံးသူ ၃၂ ဦးအထိ ရှိလာခြင်းဖြစ်သည်။
စပေါ့ရွာသားတစ်ဦး၏ ပြောဆိုချက်အရ နွံအတွင်း ကလေးငယ်အချို့အပါအဝင် ပျောက်ဆုံးနေသူ တချို့ ကျန်ရှိနေနိုင်သေးကြောင်း အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
နွံကန်ပေါက်ကျသောနေ့ကလည်း စစ်ကောင်စီလေတပ်က ဖားကန့်မြို့အနီးတစ်ဝိုက် ဗုံးကြဲပစ်ခတ်ခဲ့၍ အနည်းဆုံး ၈ ဦး သေဆုံးခဲ့သေးသည်။
သေဆုံးသူတချို့အလောင်းများကို ပရဟိတအဖွဲ့များက ယနေ့ မီးရှို့သင်္ဂြိုလ်ပေးခဲ့ကြသည်ကို ဖေ့ ဘွတ်လူမှုကွန်ရက်တွင် တွေ့ရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် နွံများ ဖြစ်သည့်အတွက် ခက်ခက်ခဲခဲ လုပ်ဆောင်နေရကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်၊ မလုပ် ကို မသိရသေးကြောင်း ပြောသည်။
“ အဲဒီကယ်ဆယ်ရေး လုပ်တဲ့နေရာမှာ၊ နွံတွေကို ဖြေရှင်းတဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိတယ်လို့ ပြောတယ်၊ ရေလည်းမဟုတ် မြေကြီးလည်းမဟုတ်ဆိုတော့ ယန္တရားနဲ့ ကော်ပြီးတော့ တခြားနေရာမှာ ပြန်ပို့ရတယ်ဆိုတော့ အခက်အခဲတော့ အများကြီးရှိတယ်ပြောတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ဖုန်းလိုင်းအခက်အခဲများကြောင့် မြေပြင်ရှိ ကယ်ဆယ်ရေးလုပ်ငန်းများ၏ အသေးစိတ်အခြေအနေ နှင့် သေဆုံး၊ ပျောက်ဆုံး စာရင်းများကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
နွံကန်ပေါက်ကျစဉ် နွံများဖုံးလွှမ်းခံခဲ့ရသည့် လမ်းကိုလည်း ယနေ့ ပြန်လည်သွားလာခွင့် ပြုထားသည် ဟု ဒေသခံများထံက သိရသည်။
ကျောက်ကုမ္ပဏီများက စက်ယန္တရာများဖြင့် တူးဖော်စဉ် ဖြစ်ပေါ်လာသည့် မြေကျင်းကြီးများအတွင်း မိုးရွာသွန်းမှုကြောင့် ရေအိုင်ကြီးများဖြစ်ပေါ်လာလေ့ရှိသည်။ အဆိုပါ ရေအိုင်ကြီးများအတွင်း မြေစာ ဖို့ရာမှ နွံကန်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကုမ္ပဏီလုပ်ကွက်များကြောင့် ဖြစ်ပေါ်လာသည့် အဆိုပါ နွံကန်များမှာ မကြာခဏပေါက်ကျမှု ဖြစ်ပွား လေ့ရှိပြီး နှစ်စဉ် လူသေဆုံးမှုများ မကြာခဏဖြစ်ပွားနေသည်။
ယခုနှစ် မတ်လမှ စတင်ကာ ကချင်ပြည်နယ်အတွင်း မြို့နယ်အများစုကို KIA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရှမ်းမြောက်နှင့် ကချင်ပြည်မှ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ဖားကန့်မြို့၏ နေရာအများစုကိုလည်း KIA က ထိန်းချုပ်ထားပြီးဖြစ်သည်။
