သတင်း

နိုင်ငံအနှံ့ လျှပ်စစ်မီးပျက်ပြီး အမှောင်လွှမ်း

နိုင်ငံအနှံ့ လျှပ်စစ်မီးပျက်ပြီး အမှောင်လွှမ်းနေသော်လည်း နေရာကွက် လင်းနေသည့် နေရာအချို့ရှိသည်။

ရေအားလျှပ်စစ် လျော့နည်းတတ်သည့် နွေရာသီမတိုင်ခင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား ဆိုးရွားစွာ ပြတ်တောက်လျက်ရှိပြီး ညအချိန် မလင်းထိန်နိုင်ဘဲ အမှောင်လွှမ်းနေသည်။

လျှပ်စစ်မီးပုံမှန်လာသည့် ဗိုလ်ချုပ်ကြီးများနေထိုင်ရာ နေပြည်တော်တွင်ပင် ဇန်နဝါရီ ၅ရက်နေ့မှစ၍ အလှည့်ကျစနစ် ကျင့်သုံးလာသည်၊ EPC ဟု အတိုကောက် ခေါ်ကြသည့် မြို့နယ် လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းရုံးကလည်း ကြိုတင် အသိပေးခြင်းမရှိဟု ဒေသခံများက ပြောသည်။

“EPC က ကြိုလည်း အသိမပေးဘဲ တခါမှ မပျက်ဖူးတဲ့မီးက ပျက်သွားတာ၊ ခုတော့ အလှည့်ကျဆိုတာအချိန်ဇယားနဲ့ ထုတ်ပြန်လာပြီ“ ဟု နေပြည်တော်ဒေသခံ အသက် ၃၀ကျော်အရွယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကောင်စီရုံးစိုက်သည့် နေပြည်တော်တွင် ရပ်ကွက်များကို တစ်နေ့လျှင် လျှပ်စစ်မီး ၁၆နာရီပေးမည်၊   ဝန်ထမ်းအိမ်ယာများကို ၁၈နာရီပေးမည်ဟု ဆိုသည်။

ထိုသို့  အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြုးပေးသော်လည်း စစ်ခေါင်းဆောင်များ ကိုးကွယ်သည့် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဆင်းတုတော်တွင် ဓာတ်အားဖြတ်တောက်ခြင်း လုံးဝ မရှိကြောင်း   ဒေသခံ ပြည်သူများက ဆိုသည်။

ဇေယျာသီရိမြို့နယ်ရှိ စစ်ဦးစီးချုပ်ရုံး၊ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် စစ်ခေါင်းဆောင်များ နေထိုင်သည့် ခြောက်လုံးတန်း အိမ်ရာ၊ ဥတ္တရသီရိမြို့နယ်ရှိ စစ်တပ်အရာရှိများနှင့် ညွှန်ချုပ်များ နေထိုင်သည့် အိမ်ယာများတွင်လည်း ဓာတ်အားဖြတ်တောက်ခြင်းမရှိဟု စုံစမ်းသိရှိရသည်။

စစ်ရုံးချုပ်တွင်  ဆိုလာ ခေါ် နေစွမ်းအင်ဖြင့် ဓာတ်အား ရရှိရန် စီစဉ်ထားသည်ဟု ထိုနေရာကို ရောက်ဖူးသည့် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

“နွေရာသီရောက်ရင်တောင် အဲဒီနေရာတွေက မီးဖြတ်လို့မရဘူး၊ နောက်ဆုံး ပေးမရတဲ့ အခြေအနေဆိုရင်တောင် မီးရဖို့ စစ်ရုံးထဲမှာ ဆိုလာမီးကို သီးသန့်ဆောက်ပြီး ထားတာတာ” ဟုသူက ပြောပြသည်။

နေပြည်တော်တွင် မီးပုံမှန်မရရှိတော့သည့်အတွက် လုပ်ငန်းရှင်များနှင့် စစ်တပ်ထောက်ခံသူများလည်း မီးအားမြင့်စက်နှင့်ဘတ်ထ္ထရီအိုးများ အရေးပေါ်သုံးရန် ဝယ်ထားရကြောင်း လူမှုကွန်ရက်တွင် ရေးသားကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီးကို အုပ်စု ၃စုဖြင့် ၄နာရီပေး ၈နာရီပိတ်၊မန္တလေးတိုင်းဒေသကြီးတွင် အုပ်စု ၄စုဖြင့် ၃နာရီပေး၊ ၉နာရီပိတ် အလှည့်ကျစနစ်ဖြင့် ပေးကြောင်းဇန်နဝါရီ ၆ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်တိုင်းဒေသကြီးသို့ ၄၈ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့၁၇ရာခိုင်နှုန်း၊ ကျန်တိုင်းဒေကြီးများသို့ ၃၅ရာခိုင်နှုန်းအချိုးကျ ဓာတ်အားခွဲဝေပေးနေကြောင်း စစ်ကောင်စီက ဆိုသည်။

ထို့ကြောင့် ရန်ကုန်တိုင်းသည်  တစ်နေ့တာလျှင် ပျမ်းမျှအားဖြင့် လျှပ်စစ်မီး ၈နာရီရရှိပြီး ၁၆နာရီဖြတ်တောက်ခံရကာ မန္တလေးတိုင်းသည် ၆နာရီရရှိပြီး ၁၈နာရီ ဖြတ်တောက်ခံနေရသည်။

တစ်နေ့လျှင် လျှပ်စစ်မီး ၈နာရီ ရရှိမည်ဟု စစ်ကောင်စီက ဆိုသော်လည်း လက်တွေ့တွင်မူ ဓာတ်အားရရှိချိန်မှာ ၈ နာရီထက် များစွာ နည်းပါးသည်ဟု   ရန်ကုန်တိုင်းနေ ဒေသခံပြည်သူများကဆိုသည်။

“တနေ့ကို အများဆုံးရမှ နှစ်နာရီ၊ သုံးနာရီပဲ၊ တော်တော်ဆိုးဆိုးပဲ၊ ဒီအချိန်လာမယ်၊ ဒီအချိန်ဖြတ်မယ်၊မှန်တယ်၊ ၄နာရီလာမယ်ဆိုရင် တစ်နာရီလောက်လာပြီး ပြတ်သွားပြန်ရော” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ အသက်၄၀ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

လျှပ်စစ်မီး ပုံမှန်မရရှိမှုကြောင့် လူနေမှုဘဝများလည်း ထိခိုက်လာပြီး အိပ်ချိန်မမှန်တော့သလို အထွေထွေ ကုန်ကျစရိတ်များလည်း  များပြားလာကြောင်း ၎င်းက ဆိုသည်။

“နံနက် တစ်နာရီကနေ ငါးနာရီအထိလာပြီဆိုရင် ထမင်းတွေဘာတွေထချက်ရတာပေါ့၊ငါတို့ကဒီလိုထချက်တဲ့သူရှိလို့လေ။ ဒီလိုထချက်ဖို့ အလုပ်လုပ်တဲ့သူဆိုရင် အဆင်မပြေဘူးလေ၊အိပ်ရမဲ့အချိန်တောင် မီးကိုစောင့်ပြီး ထမင်းချက်နေရတာ” ဟု ယင်းအမျိုးသားက ဆက်ပြောသည်။

မန္တလေးတိုင်းတွင်လည်း လျှပ်စစ်မီးလာသည့်အချိန် ရပ်ကွက်အလိုက် မတူကြသော်လည်း ၃နာရီလာ ၉နာရီ ဖြတ်သည့်အချိန်တွင်လည်း လျှပ်စစ်မီး ပုံမှန်မရရှိကြောင်း ဒေသခံ အသက် ၃၀ကျော်အမျိုးသားတစ်ဦးက ဆိုသည်။

“တစ်နေ့လုံးမီးကမလာဘူး၊ အိပ်ချိန်မှ မီးလာလို့ မီးလာတဲ့အချိန်တောင် မသိလိုက်တဲ့နေ့တွေရှိတယ်၊ပြီးတော့ ရေတင်တာ၊ ထမင်းချက်တာဦ အလုပ်တွေ အကုန်လုံး တခုမှ အဆင်မပြေတော့ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကမူ ရေအားလျှပ်စစ် ၃၀ရုံ၊ သဘာဝဿဓာတ်ငွေ့သုံး ၂၆ရုံ၊ ကျောက်မီးသွေးဓာတ်ရုံ ၂ရုံ၊နေရောင်ခြည်သုံးစွမ်းအင်သုံး စက်ရုံတို့ဖြင့် စုစုပေါင်း လျှပ်စစ်ပမာဏ ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိထုတ်လုပ်ဖြန့်ဖြူးထားသည်ဟု ဆိုသည်။

သို့သော် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှု လျှော့နည်းလာခြင်း၊ ရာဂီမုန်တိုင်းသက်ရောက်မှုရေကြီးရေလျှံမှုများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသည်ဟုလည်း အကြောင်းပြချက်ပေး ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button