သတင်း

မန္တလေး မြစ်ငယ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ပြည်ခိုင်ဖြိုးပါတီဝင်ဟု ဆိုကြသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ဆိုင်ကယ်စီးသေနတ်သမား ၂ ဦးက ပစ်သတ်သွားကြသည်ဟု စစ်တပ်ဝါဒဖြန့်စာမျက်နှာများက ဖော်ပြကြသည်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ယမန်နေ့ (ဇန်နဝါရီ ၁ ရက်) ညတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

မြစ်ငယ်၊ မြို့မရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဦးစောနေထွန်းသည် မြစ်ငယ်မြို့၊ ရန်ကင်းရပ်ကွက် စစ်ကိုင်း-မြစ်ငယ်လမ်းဘေးရှိ “ဂျက်ဝမ်း”စားသောက်ဆိုင်အနီး ပစ်သတ် ခံရခြင်းဖြစ်သည်။

“ရင်ဘတ်ကို (ကျည်) မှန်တာလို့ပြောတယ် ဖြစ်ဖြစ်ချင်း သတိရှိသေးတယ် အသက်ရှူသေးတယ်။ ဆေးရုံ ရောက်ပြီး အတော်နေမှ ဆုံးသွားတာ”ဟု မျက်မြင်ကိုကိုးကား၍ မြစ်ငယ်မြို့ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းဖြစ်သူ  ဦးစောနေထွန်းကို ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦးက ပစ်ခတ်သွားခြင်းဖြစ်ပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ပြီးနောက်ကုသစဉ် သေဆုံးသွားသည်ဟု စစ်တပ် ဝါဒဖြန့်တယ်လီဂရမ် စာမျက်နှာများကလည်း ရေးသားထားကြသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း မသိရှိရသေးပေ။

ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးဦး စောနေထွန်းအပါအဝင် မြစ်ငယ်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပျူစောထီးများသည် လက်ရှိတွင် မြို့နေလူငယ်လူရွယ်အများအပြားကို ဧည့်စာရင်းစစ်ဆေးကာ ဖမ်းဆီး ခြင်း၊ ငွေညှစ်ခြင်း၊ စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခံရခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်ညနေကလည်း မြစ်ငယ်မြို့၊ အောင်မင်္ဂလာရပ်ကွက် ရာအိမ်မှူး ဦးမောင်ဇော် (ခ) ဦးဇော်သူရထွန်း ဆိုသူလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု သိရသည်။

စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီအတွက် တပ်သားအသစ်ရရှိရန် အဓိက ကြိုးပမ်းပေးသူများလည်းဖြစ်သည်။

မန္တလေးတိုင်းအတွင်းရှိ မြစ်ငယ်မြို့အပါအဝင် မြစ်သား၊ စဉ့်ကိုင်၊ ပုလိပ် အစရှိသည့် မြို့များ သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုအားကောင်းခဲ့သည့် ဒေသများဖြစ်သည်။ 

စစ်ကောင်စီ၏လက်အောက်တွင် အလုပ်မလုပ်လိုဟု ဆိုကာ အာဏာဖီဆန်ခဲ့ကြသည့်အထဲတွင် မြစ်ငယ် မြို့ မီးရထားဝန်ထမ်းများမှာလည်း ထင်ရှားသူများ ဖြစ်ကြသည်။

မြစ်ငယ် အပါအဝင် အဆိုပါဒေသများ၌ မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့များကလည်း အခြေစိုက် လှုပ်ရှားကြပြီး မန္တလေးတိုင်းတွင် အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးနှင့် အဖွဲ့ဝင် အများအပြား သတ်ဖြတ်ခံထား ရသည်။

အဆိုပါမြို့များကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့သလို ယင်းဒေသများတွင်လည်း လက်နက် ကိုင်ခုခံတော်လှန်သည့်အဖွဲ့များ အများအပြား ပေါ်ပေါက်လာကြသည်။

Show More

Related Articles

Back to top button