သတင်း

ရာဇဝတ်အကျဉ်းသား ၁၇၀ ခန့်ကို နှစ်သစ်ကူးတွင် NUG လွတ်ငြိမ်းခွင့်ပေး

နှစ်သစ်ကူးတွင် အကျဉ်းသား ၁၇၀ ခန့်ကို NUG က စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြန်လွှတ်ပေးလိုက်သည်။ လွှတ်ပေးလိုက်သူများထဲတွင် Non CDM များလည်း ပါဝင်ပြီး စစ်သုံ့ပန်းများ မပါဝင်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ၎င်းတို့ ထိန်းချုပ်နယ်မြေများရှိ အကျဉ်းထောင်အသီးသီးတွင် ရာဇဝတ်မှုများဖြင့် ဖမ်းထားသော အကျဉ်းသား၊ အကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ကြေညာသည်။ 

ဇန်နဝါရီ ၁ ရက်က NUG သမ္မတရုံးထုတ်ပြန်ချက်တွင် ယနေ့ကျရောက်သော နှစ်သစ် အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ပါရှိသည်။

အကျဉ်းသား/အကျဉ်းသူ ၁၆၉ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု NUGယာယီသမ္မတ ဒူဝါလရှီးလက ထိုထုတ်ချက်တွင် ထည့်သွင်းပြောထားသည်။

ထို့ပြင် ဆက်လက်အကျဥ်းကျခံနေရသူများကိုလည်း ၎င်းတို့ကျခံနေရသည့် ထောင်ဒဏ်၏ ၃ ပုံ တစ်ပုံလျှော့ပေါ့ကာပြစ်ဒဏ်သက်သာခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအကျဉ်းသားများ လွှတ်ပေးမှုနှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ် ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က

“ဒါက ပထမဆုံးအကြိမ်ပါ။ ထောင်ဒဏ် ၂ နှစ်နဲ့ ၃ နှစ်ကြားပေါ့။ ကျခံနေရတဲ့ အမှုအသေးတွေပါ။ အဲဒီလိုအမှုအသေးတွေက အဲဒီမှာနေတာကလည်း ၆ လလောက်ရှိပြီပေါ့။ ၆ လရှိတဲ့သူတွေကို ၂ နှစ် လျှော့ပေးတဲ့အခါမှာ အဲဒီဟာနဲ့ အကျုံးဝင်တဲ့သူတွေကို လွှတ်တာဖြစ်ပါတယ်” ဟု Myanmar Now ကိုပြောသည်။

လွှတ်ပေးလိုက်သည့် အကျဉ်းသား၊အကျဉ်းသူများသည် ပြည်သူလူထု၏ အကျိုးစီးပွားအပေါ် အလွန်အကျွံထိခိုက်ထားသူများ မဟုတ်ဟုလည်း ဦးနေဘုန်းလတ်က ဆိုသည်။

 “အဓိကတော့ သာမန်နာကျင်မှုလိုဟာမျိုးတွေရယ်။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမှုတွေရယ်။ နောက်ပြီးတော့ ခိုးမှုလိုဟာမျိုးတွေရယ်။ သိပ်ပြီးတော့ ပြစ်မှုကြီးကြီးမားမား မကျူးလွန်ထားတဲ့ Non CDM တွေရယ်ပေါ့။ အဲဒီလိုလူမျိုးတွေပါပါတယ်” ဟု ၎င်းကဆိုသည်။

NUG နှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ဦးကမူ အကျဉ်းသားများအတွက် ကျွေးမွေးစားရိတ်သည် NUG အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေကြောင်းဆိုသည်။ ယင်းအချက်ကြောင့်လည်း ယခုလို ပြန်လွှတ်ပေးရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

NUG က လွှတ်ပေးလိုက်သူများထဲတွင် စစ်သုံ့ပန်းများ မပါဝင်ပေ။ NUG က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းအရေအတွက်ကို အတည်ပြုရန်လည်း ခက်ခဲနေသေးသည်။

လတ်တလောတွင် NUG သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ထိန်းချုပ်နယ်မြေများရှိသည်။အထူးသဖြင့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် ကျေးလက်ဒေသကို အခြေပြုကာ စိုးမိုးနယ်မြေများ ထူထောင်ထားသည်။

Show More

Related Articles

Back to top button