မန္တလေးတိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီးပေါ်ရှိ စစ်သားတချို့ကို တော်လှန်ရေးအင်အားစုက သွားရောက် ဖမ်းဆီးလိုက်ပြီးနောက် စစ်ကောင်စီက တောင်တက်ခွင့် ပိတ်ပင်ကာ ဒေသခံများကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ဒီဇင်ဘာ ၂၇ ရက်ညပိုင်းက မြန်မာ့အသံ(MRTV) ရုပ်မြင်သံကြား ထပ်ဆင့်အသံလွှင့်ဌာန၊ မြဝတီ(MWD)ဆက်သွယ်ရေးစခန်းတို့ကို ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းပြီး အစောင့်တပ်သားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စီးနင်းတိုက်ခိုက်မှုတွင် တစ်ဦးကခုခံထွက်ပြေးသွားပြီး အရာခံဗိုလ်အဆင့်နှင့် တပ်သားတစ်ဦးတို့ကို ဖမ်းဆီးမိခဲ့သည်ဟု Myingyan Black Tiger(MBT)အဖွဲ့မှ ဗိုလ်မိုက်ခဲက Myanmar Nowကို ပြောသည်။
“MRTVရုပ်မြင်သံကြားရယ်၊ မြဝတီကတော့ ဆက်သွယ်ရေးစခန်းပေါ့နော်၊ အဲဒါတွေကိုစောင့်တဲ့ကောင်တွေ အဲဒါကိုမှ ကျွန်တော်တို့က အလစ်အငိုက် သေနတ်ထောက်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာပါ”ဟု ၎င်းက ပြောသည်။
ထိုသူများကို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီထားရန် ပြင်ဆင်ခဲ့သော်လည်း ခုခံထွက်ပြေး၍ ရှင်းလင်းလိုက်ရသည်ဟု ယင်းအဖွဲ့ကဆိုသည်။ ထိုသူများထံမှ သေနတ်နှစ်လက်နှင့် စပ်ဆက်ခဲယမ်းများလည်းရရှိခဲ့ကြောင်း MBTအဖွဲ့က လူမှုကွန်ယက်တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်တွင် အသက် ၆၀ ဝန်းကျင်အရွယ် အရာခံဗိုလ်နှင့် အသက် ၂၀ ကျော် ဝန်းကျင် အရွယ်တပ်သားတို့ကို MBTတပ်ဖွဲ့က စစ်ဆေးနေသည်ကို တွေ့ရသည်။
စီးနင်းသူများထဲတွင် Popa Guerilla Force (PGF) တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီသည် ဒီဇင်ဘာ၂၈နေ့မှစကာ ပုပ္ပားတောင်မကြီးပေါ် တက်ခွင့် ကန့်သတ်လိုက်သည်ကို တွေ့ရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
“ပြည်သူတွေ တောင်တက်ခွင့်ပိတ်လိုက်တယ်၊ မတက်နဲ့ဆိုပြီး ပြန်ခိုင်းတာတွေရှိတယ်၊ ပုပ္ပားတောင်မကြီးဘေးမှာရှိတဲ့ ရွာတွေက ပြည်သူတွေကိုဖမ်းဆီးနေတာတွေရှိတယ်”ဟု ဗိုလ်မိုက်ခဲက ဆက်ပြောသည်။
ပုပ္ပားတောင်မကြီးတွင် ဒေသခံများက ဧည့်လမ်းညွှန်နှင့် ဆိုင်ကယ်ကယ်ရီကဲ့သို့ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများဖြင့် အသက်မွေးကြသည်။
တက်ရောက်ခွင့် ပိတ်ပင်လိုက်သည့်အတွက် စားဝတ်နေရေးအတွက် ခရီးသည်များကို မှီခိုနေရသည့် ဒေသခံများအတွက် အခက်ကြုံစေမည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Nowကို ပြောသည်။
“ဒေသခံလေးတွေက တောင်အတက်၊ တောင်အဆင်း ဆိုင်ကယ်ကယ်ရီ ဆွဲကြတာများတယ်။ တချို့ တောင်ပေါ်တက်ချင်တယ်။ အရမ်းမြင့်ပြီး အချိန်ပေးရတော့ မတက်နိုင်ကြဘူး။ သူတို့က ဆိုင်ကယ်လေးတွေနဲ့ အဆင်းအတက်လုပ်ပေးတော့အဆင်ပြေတယ်”ဟု သူက ဆိုသည်။
“တောင်ပေါ်မှာဆိုလည်း အဆာပြေစာဈေးဆိုင်လေးတွေရှိကြတယ်။ အခုပိတ်လိုက်ပြီဆိုတော့ဒါကိုမှီတင်းစားနေတဲ့ ဒေသခံတွေတော့ ခက်ခဲသွားမှာပေါ့”
၎င်းတို့သွားရောက်လည်ပတ်စဉ်က အဆိုပါတောင်မကြီးပေါ်တွင် စစ်ကောင်စီပိုင်အသံလွှင့်ဌာနများရှိသည်ကိုတွေ့မြင်ရပြီး ၊ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှစစ်ရှောင်အချို့လည်း နေထိုင်နေကြသည်ကို တွေ့မြင်ခဲ့ရသည်ဆိုသည်။
ညောင်ဦးဒေသ၏ နာမည်ကျော်ပုပ္ပားတောင်ကလပ်နှင့် အနောက်ဘက်ကပ်လျက်တည်ရှိရာပုပ္ပားတောင်မကြီးသည် အမြင့်ပေ ၄,၀၀၀ ကျော်ရှိပြီး လှပသော တောင်ပေါ်ရှုခင်းများကြောင့် ထင်ရှားသည်။ ခရီးသွားတောင်တက်ရာသီဖြစ်သည့် ဆောင်းရာသီ ဒီဇင်ဘာလတွင် နိုင်ငံအနှံ့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြသူများလည်း များပြားသည်။