ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသော မာနယ်ပလောဒေသရှိ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးနှင့် ၁၂၀ မမ စိန်ပြောင်း လက်နက်ကြီး ၁ လက် သိမ်းမိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံက သိရသည်။
မာနယ်ပလောဒေသသည် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာနေရာ၏ တောင်ဘက် သောင်ရင်းမြစ်၏ အနောက်ဘက်ကမ်း မြန်မာနိုင်ငံဘက်အခြမ်းတွင် တည်ရှိသည်။
မာနယ်ပလောဒေသ၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ ရှိသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မာနယ်ပလောဒေသတွင် တပ်စခန်း ၈ ခုအခြေစိုက်ထားသည်။
နွေဦးတော်လှန်ရေးနှင့်အတူ အင်အားကောင်းလာသော KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်ကို စိုးရိမ်လာသည့်နောက် စစ်ကောင်စီတပ်သည် အင်အားနည်းနေသောစခန်းများကို စွန့်ခွာကာ မာနယ်ပလောဒေသရှိ ပွိုင့် ၉၁၃ ဗျူဟာကုန်းစခန်းနှင့် အမြောက်တပ်ခွဲ ၃၁၁ စခန်းကုန်းတွင် သွားရောက် ပူးပေါင်းခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ပွိုင့် ၉၁၃ ဗျူဟာကုန်း စခန်း နှင့် အမြောက်တပ်ခွဲ ၃၁၁ စခန်းကုန်းတို့သည် ဒေါနတောင်တန်းတွင် စစ်ဆင်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ထံလည်း စစ်ကူများပို့ထားရကြောင်း KNU ဗဟိုထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား နည်းနေချိန်တွင် ပွိုင့် ၉၁၃ ဗျူဟာကုန်း စခန်း နှင့် အမြောက်တပ်ခွဲ ၃၁၁ စခန်းကုန်းတို့ကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်သည်။
ထိုးစစ်တွင် KNU တပ်မဟာ (၇)၏ ကွန်မန်ဒိုတပ်ခွဲ နှင့် ဒရုန်းအဖွဲ့၊ KNDO တပ်ခွဲ အမှတ် (၂၂) တပ်ရင်း = ၊ KNU တပ်မဟာ (၅) ကွန်မန်ဒိုတပ်ခွဲ၊ FFD ဒရုန်းအဖွဲ့၊ FFD မြေပြင်ချေမှုန်းရေးအဖွဲ့နှင့် Federal Wings ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့သည်။
စခန်း ၂ ခုကို ၃ ရက်ကျော်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၁၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှသိရသည်။
KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း “သိရသလောက်ကတော့ လက်နက်ကြီးက ၁၂၀ မမ ၂ လက်၊ အကောင်းကတော့ ၁ လက်ပဲရတယ်။ ကျန်တာကတော့ လက်နက်ငယ်တွေပေါ့။ သူတို့ ကတော့ အင်အားများများစားစား မရှိပါဘူး” ဟု Myanmar Now ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး နှင့် တပ်ကြပ်ကြီး အဆင့်အပါဝင် တပ်ဖွဲ့ဝင်(၆)ယောက်ကို KNU နှင့် ပူးပေါင်းတပ်ဖက်မှ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း KNU တပ်မဟာ (၅) ၏ တိုက်ပွဲသတင်းများ ဖော်ပြနေသော Thoo Lei Facebook စာမျက်နှာက ရေးသားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်သည့် ၁၂၀ မမ စိန်ပြောင်း ၁ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက်၊ ပွိုင့်ဖိုက် စက်သေနတ်ကြီး ၁ လက်၊ MA စီးရီးဝင် ရိုင်ဖယ် ၂၉ လက်နှင့် ခဲယမ်းများလည်း သိမ်းမိကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် KNLA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး ခဲ့ကြောင်း တိုက်ပွဲအခြေအနေသိသည့် KNU ဘက်မှ အရာရှိတစ်ဦးကဆိုသည်။
မာနယ်ပလောဒေသကို ၁၉၇၅ ခုနှစ်တွင် KNU ၏ ဌာနချုပ်နေရာအဖြစ် တည်ထောင်ခဲ့ပြီး မြန်မာ တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုအသီးသီးကို အခြေစိုက်ခွင့်ပြုခဲ့သည်။
မာနယ်ပလောတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အပါအဝင် အတိုက်အခံအဖွဲ့အစည်းများ၏ ဌာနချုပ်များ တည်ရှိခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရက မာနယ်ပလောကို ၁၉၉၂ ခုနှစ်တွင် တပ်ရင်းကြီး ၈ ရင်းသုံး၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မာနယ်ပလောဒေသရှိ KNU ၏ ကာကင်းတစ်ခု ဖြစ်သည့် ခွေးအိပ်တောင်ကိုသာ ရခဲ့သည်။
စစ်တပ်၏ ထိုးစစ်အတွင်း မာနယ်ပလောတွင်နေထိုင်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးခဲ့ရသည်။
ခွေးအိပ်တောင်ကို ရပြီးနောက် စစ်တပ်သည် မြေပြင်ထိုးစစ်ယာယီရပ်ခဲ့ပြီး စစ်ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်က KNU အတွင်း ဘာသာရေးပဋိပက္ခဖြစ်ရန် သွေးထိုးခဲ့ကြောင်း KNU ဗဟိုဘက်က ပြောသည်။
စစ်ကောင်စီ၏ သွေးထိုးမှုကြောင့် KNU ထဲမှ ဗုဒ္ဓဘာသာဝင်များက တိုးတက်သော ဗုဒ္ဓဘာသာ ကရင့်တပ်မတော် (DKBA) (လက်ရှိတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်) အဖြစ် ခွဲထွက်ပြီး စစ်တပ်နှင့်ပူးပေါင်း၍ ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ KNU က မာနယ်ပလောမှ ဆုတ်ခွာပေးလိုက်ရသည်။
မာနယ်ပလောကို လက်လွှတ်ခဲ့ရခြင်းမှာ ခွဲထွက်သူများက စစ်တပ်ကို လမ်းပြခေါ်ဆောင်လာခြင်းကြောင့် ဖြစ်သည်။
ထိုအခြေအနေကြောင့် KNU ဌာနချုပ်နေရာကို စစ်တပ်က အချောင်ရသွားခြင်းဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။
“သူတို့ ကကွက်အတိုင်း ကျွန်တော်တို့ ကရင်တွေက ကလိုက်တဲ့အခါမှာ သေနတ်တစ်ချက်မှ မဖောက်ရဘဲ ဈေးသက်သက်သာသာရသွားတာ” ဟု ဆိုသည်။
“ဒီနေ့ဒီကာလ စစ်အာဏာရှင်တိုက်ဖျက်တဲ့နေရာမှာ ဘာအရေးထားသလဲဆိုရင် ဒီလိုပဋိပက္ခတွေ ကွဲပြားတဲ့အမြင်တွေ ရှိတယ်ဆိုပေမယ့်လို့ ဒီထက်ပိုပြီး လက်နက်ကိုင်တိုက်ခိုက်မှုမဖြစ်ဖို့ သတိထားတယ်”
အတိတ်ကာလတွင် စစ်တပ်က KNU ကို စစ်ဆင်လိုပါက အခြားဒေသများတွင် စစ်ရေးလှုပ်ရှားမှု ရပ်ထားကာ တပ်ရင်းအများအပြား အသုံးပြုပြီး ထိုးစစ်ဆင်ခြင်း ဖြစ်သည်။
၂၀၂၁ နှစ်ဆန်းပိုင်းတွင် အာဏာသိမ်းစဉ်က ဆန့်ကျင်သူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ ပြည်နယ်နှင့်တိုင်း အားလုံးသည် စစ်တပ်၏ စစ်ဆင်ရေးနယ်မြေ ဖြစ်လာပြီး စစ်ရေးအခြေအနေ ပြောင်းပြန် ဖြစ်သွားသည်။
KNU သည် မာနယ်ပလောဌာနချုပ်ဟောင်းနေရာကို လက်လွှတ်လိုက်ရပြီး နှစ်ပေါင်း ၃၀ နီးပါးအကြာ တွင်မှ ပြန်ရခြင်းဖြစ်သည်။
မာနယ်ပလောကို ရလိုက်သဖြင့် KNU သည် ရှမ်းရွာသစ်မြို့ မြောက်ဘက်မှ သံလွင်နှင့် သောင်ရင်းမြစ်ဆုံ နေရာအပါအဝင် ကရင်နီပြည်နယ် နယ်စပ် တောင်လှအထိ သံလွင်မြစ်ကြောင်းအတိုင်း ဒေသများကို ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ စစ်ကောင်စီတပ်များမရှိတော့သဖြင့် ဒေသခ့တို့လည်း လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီဖြစ်သည်။
မာနယ်ပလောပြန်ရလိုက်ခြင်းသည် ကရင့်တော်လှန်ရေး၏ အင်အားကို ပြသခြင်းလည်း ဖြစ်သည်ဟု KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မှတ်ချက်ပေးသည်။
“မာနယ်ပလော ကျသွားတုန်းက KNU ဟာ ဒီတစ်ခါတော့ မီးစာကုန်ဆီခန်းသွားပါပြီ၊ KNU ဟာ မနက်ဖြန်၊ သန်ဘက်ခါဆိုရင် ပြုတ်တော့မယ်ဆိုတာမျိုး အထိ မှတ်ချက်ပြုခံခဲ့ရပါတယ်။ ဒါက မဟုတ်မမှန်ဘူး ဆိုတဲ့အကြောင်း မူဝါဒနဲ့ ခိုင်ခိုင်မာမာရပ်တည်လာနိုင်တဲ့အခါ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ဒီနေ့ ဒီအချိန်ကာလမှာ မွန်မြတ်တဲ့ ခရစ္စမတ်စ်လက်ဆောင်တစ်ခုပြန်ရသလိုပါပဲ” ဟု သူက ဆိုသည်။
ခြွေစစ်ဆင်နေခြင်း ဖြစ်သောကြောင့် စစ်ကောင်စီတပ်စခန်း တစ်ခုပြီးတစ်ခုသိမ်းနိုင်ရေး ခြေသံလုံလုံ စစ်ဆင်နေကြောင်း ပဒိုစောတောနီးက ပြောသည်။