ဒီဇင်ဘာ ပထမ လဝက်အတွင်း မန္တလေးတိုင်း မြို့နယ် ၇ မြို့နယ်တွင် လူငယ် ၁၂၅ ဦး ဖမ်းဆီးခံလိုက်ရပြီး စစ်သားအဖြစ်စုဆောင်းခံရသည်ဟု မန္တလေးသပိတ်အင်အားစုက ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) တွင် ထုတ်ပြန်သည်။
နိုင်ငံအနှံ့ စိုးမိုးနယ်မြေများဆုံးရှုံးနေခြင်း၊ စစ်စခန်းများဆုံးရှုံးခြင်း၊ တပ်သားများ လက်နက်ချခြင်းတို့ကို ရင်ဆိုင်နေရသဖြင့် စစ်သားလိုအပ်နေသော စစ်ကောင်စီတပ်က ပြည်ကြီးတံခွန်မြို့နယ်မှ ၃၆ဦး၊ ပုသိမ်ကြီးမြို့နယ်မှ ၃၄ဦး အောင်မြေသာစံမြို့နယ်မှ ၂၁ဦး၊ အမရပူရမြို့နယ်မှ ၁၇ဦး၊ ချမ်းအေးသာစံမြို့နယ်မှ ၇ဦး၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်များမှ ၅ဦးစီကို အတင်းအကျပ် ခေါ်ဆောင်သွားကြောင်း မန္တလေးသပိတ်အင်အားစုက ဆိုသည်။
စစ်မှုထမ်း ခေါ်ဆောင်မှုကို စောင့်ကြည့်နေသည့် Voice Of Mandalay (Vomdy) အဖွဲ့တာဝန်ခံကလည်း မန္တလေးမြို့နယ်အသီးသီးတွင် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်ကြား အဖမ်းခံသူ လူငယ် အရေအတွက် ၄၁ ဦး ရှိသည်ဟု ဆိုသည်။
ဒီဇင်ဘာ ၃ ရက်နေ့ တစ်ရက်တည်းတွင် မန္တလေးမြို့ ၇၆လမ်း ၃၅လမ်းအနီး ရွှေချည်ထိုးရပ်ကွက်နှင့် ဓားဝယ်ရပ်ကွက်မှလူငယ် ၂ ဦး၊ ယင်းနေ့ညတွင် မဟာအောင်မြေမြို့နယ် သံလျှက်မှော်အရှေ့ မန်းတော်သာရပ်ကွက်နေ လူငယ်တို့ ဖမ်းဆီးခံရသည်ဟု Vomdy အဖွဲ့တာဝန်ခံက ဆိုသည်။
ဒီဇင်ဘာ ၅ ရက်တွင် အောင်မြေသာစံမြို့နယ် ၈၉လမ်း ၁၄လမ်းအနီး လူငယ် ၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်နေ လူငယ်တစ်ဦး၊ နောက်တစ်နေ့ နံနက် တစ်နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်နေ လူငယ် ၁၅ ဦးတို့ ဖမ်းဆီးခံရသည်ဟုလည်း ဆိုသည်။
ဒီဇင်ဘာ ၆ ရက် ည၇နာရီတွင် ၇၂လမ်း၇၃လမ်းကြား ၃၈လမ်းအနီးရှိ ကံလှရပ်ကွက်နေ လူငယ် ၁ ဦး၊ ဒီဇင်ဘာ ၈ တွင် ၁၂လမ်း ၈၇လမ်း ပြည်ကြီးရန်လုံရပ်ကွက်နေ လူငယ် ၃ဦး၊ ၁၇လမ်း၁၈လမ်း ၈၇လမ်းထောင့်မှ အလုပ်မှပြန်လာသည့် လူငယ်တစ်ဦး၊ ၁၂လမ်း၈၉လမ်း အကွက်(၈၂)ရပ်ကွက်တွင်နေ လူငယ် ၁၂ ဦးနှင့် တောင်သမန် ကန်ပတ်လမ်းတွင် လူငယ်နှစ်ဦးတို့ ဖမ်းဆီးခံရသည်ဟုလည်း Vomdy က ဆိုသည်။
ဒီဇင်ဘာ ၉ရက်တွင် ၇၆လမ်း ၃၆လမ်းအနီး အသက်(၂၁)အရွယ် လူငယ်တစ်ဦး ဖမ်းဆီးခံရသည်ကိုလည်း Vomdy က ပြုစုထားသည့်စာရင်းများတွင် ဖော်ပြသည်။
“ကျွန်တော်တို့သိရသလောက် လက်လှမ်းမီသလောက်ပါ မြေပြင်မှာတော့ ဒီထက်ပိုပြီး ကျွန်တော်တို့မသိလိုက်တဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိနိုင်ပါတယ်” ဟု Vomdy အဖွဲ့တာဝန်ခံ အမျိုးသားက ပြောသည်။
ဒီဇင်ဘာ၁၁ရက်နေ့ ည၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ် ၇၉လမ်း မီးရထားလမ်းနှင့် ၃၄လမ်းကြားတွင် လူငယ် ၈ ဦး ဖမ်းဆီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ထို့ပြင် ဒီဇင်ဘာ ၁၃ရက်ကလည်း ပုသိမ်ကြီးမြို့နယ် ပီနံအိတ်ချုပ်စက်ရုံရှိ အလုပ်သမား ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မန္တလေးမြေပြင်သတင်းများအရသိရသည်။
နိုဝင်ဘာလဆန်းအတွင်း မန္တလေးတိုင်းနှင့် စစ်ကိုင်းမြို့တို့မှ လူငယ်လူရွယ် စုစုပေါင်း (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု စစ်မှုထမ်းသတင်းများကို မြေပြင်စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေသည့်Voice Of Mandalay(Vomdy)အဖွဲ့တာဝန်ခံက ဒီဇင်ဘာ(၁၀)ရက်နေ့က Myanmar Nowကို ပြောဆိုထားသည်။
ဖမ်းဆီးပုံ
စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူများသည် နေအိမ်များတွင် ညအချိန်မတော်နှင့် မနက်ဝေလီဝေလင်းတွင် လာရောက်ခေါ်ဆောင်ခံရခြင်း၊ ဧည့်စာရင်းအကြောင်းပြ၍ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းတို့အပြင် ညအချိန်မတော်သွားလာသူများနှင့် နေ့လည်ပိုင်းအချိန်များ၌ပင် အလုပ်သွားအလုပ်ပြန် လူငယ်များကိုပါ ပစ်မှတ်ထားဖမ်းဆီးမှုများ ရှိလာသည်ဟု မြို့ခံတို့ကဆိုကြသည်။
ရပ်ကွက်အတွင်းနေထိုင်သူ ကြံ့ခိုင်ရေးပါတီဝင်များ၊ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များပူးပေါင်းကာ လှည့်လည်ဖမ်းဆီးနေခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့(အုပ်ကြီးနှင့်အဖွဲ့ဝင်များ)က အရပ်ထဲမှာ သူတို့ကို ပြန်မလှန်နိုင်တဲ့၊ ဒုက္ခမပေးနိုင်တဲ့ အဆိပ်မရှိတဲ့ ကလေးတွေ၊ ဆင်းရဲတဲ့မိသားစုက ကလေးတွေကို ပိုပစ်မှတ်ထားလာကြတယ်” ဟု မန္တလေးမြို့ခံ အသက်၄၅အရွယ် အမျိုးသားက ပြောသည်။
“တချို့အုပ်ကြီးတွေကျလည်း မျက်နှာနာတော့ ဖမ်းမပေးဘူး၊ ရပ်ကွက်ကို ငွေပဲများများကောက်ပြီး စစ်တပ်ကိုထောက်ပံ့ပေးတယ်၊ အဲဒီလိုရပ်ကွက်တွေဆိုရင်တော့ ဘာပဲပြောပြောနည်းနည်းသက်သာတာပေါ့”
အဆက်အသွယ်ကန့်သတ်ခံရ
အောင်မြေသာစံမြို့နယ်မြို့နယ် ၂၂လမ်းရွာကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးကလည်း စစ်မှုထမ်းခေါ်ဆောင်ခံရသည့် ၎င်း၏ မိသားစုဝင်နှင့် အဆက်အသွယ်မရကြောင်း Myanmar Nowကို ပြောသည်။
“ကျွန်တော့်ညီက အလုပ်အပြန်မှာ ဖမ်းခံလိုက်ရတာ၊ သူနဲ့အတူ သူငယ်ချင်းနှစ်ဦးစလုံး ပထမလိုက်စုံစမ်းလို့မရဘူး။ နောက်မှ ရပ်ကွက်ရုံးကလူတွေက စစ်မှုထမ်းထဲပါသွားတယ်လို့ပြောတာ၊ မိသားစုကိုတော့ ခုထိလုံးဝ ဆက်သွယ်မလာဘူး”ဟု ထိုအမျိုးသားက ပြောသည်။
“ကျွန်တော်တို့က ငွေကြေးမပြည့်စုံတော့ လိုက်လည်းမရွေးနိုင်ဘူး။ သူဘယ်ရောက်ပြီး ဘာတွေဖြစ်နေလဲ စိတ်တော့ ပူနေတာပေါ့ဗျာ။ အမေဆို မျက်ရည်နဲ့မျက်ခွက်ပေါ့။ လုပ်ကျွေးနေတဲ့ သားလေးဆိုပြီး ခဏခဏငိုနေတာ”
နိုဝင်ဘာလအတွင်း မဟာအောင်မြေမြို့နယ်နေ လူငယ်တစ်ဦး ဖမ်းဆီးခံရပြီး မိသားစုနှင့် အဆက်အသွယ်ပြန်ရသည့်အခါ ပြင်ဦးလွင်မြို့နယ်တွင် အစောင့်တပ်သားအဖြစ် ခိုင်းစေခံနေရကြောင်း နီးစပ်သူက Myanmar Nowကိုပြောသည်။
“သူနဲ့အတူပါသွားတဲ့ ရပ်ကွက်ထဲကငါးယောက်မှာ ကျန်တဲ့သူတွေက ရှေ့တန်းမှာပို့ခံရပေမယ့် သူကလောလောဆယ်လမ်းအစောင့်အနေနဲ့ ခိုင်းခံနေရတယ်လို့ပြောတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ရှေ့တန်းရောက် စစ်သားသစ်များ
စစ်ကောင်စီသည် ဧပြီလဆန်းမှစ၍ လူငယ်များကို စစ်မှုထမ်းရန် လစဉ်ဆင့်ခေါ်သင်တန်းပေးကာ စစ်မှုထမ်းစေခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ထုတ်ပြန်မှုများတွင် စစ်မှုထမ်းလူငယ်များကို လစာပေးမည်၊ ရှေ့တန်းစစ်မျက်နှာသို့မပို့ဟု ဆိုသော်လည်း ထိုစစ်သင်တန်းမှ ထွက်ပြေးလာသူများနှင့် မိသားစုဝင်များက ထိုအချက်ကို ငြင်းဆိုကြသည်။
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ -YRFမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ မန္တလေဒေသခံ ကိုမြတ်သူကလည်း နိုင်ငံအလယ်ပိုင်းတွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးပြင်ဆင်နေကြသည်ဟု ထောက်ပြသည်။
“နှစ်ဘက်လုံးရဲ့ပြင်ဆင်မှုတွေ ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့ မကြာမီမှာတော့ တိုက်ပွဲတွေက အခုထက်ပိုပြီး ပြင်းထန်လာဖွယ်ရှိပါတယ်။ ဒေသတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီအတွက်ကတော့ ဒီတပ်သားအသစ်လိုအပ်ချက်က အရမ်းကိုအရေးပါနေပါတယ်။ တပ်သားအသစ်တွေရှိနေမှ သူတို့ဆက်ပြီးစစ်တိုက်လို့ရမယ်”ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ၎င်းတို့အဓမ္မစုဆောင်းထားသော လူငယ်လူရွယ်များကို စစ်ကိုင်း၊ မန္တလေးတိုင်း မတ္တရာကဲ့သို့သော ရှေ့တန်းနယ်မြေများတွင် အသုံးပြုလာသည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုကြသည်။
“အဲဒီတော့ သူတို့လက်လှမ်းမီတဲ့ အရပ်ဒေသမှာ နေထိုင်နေကြတဲ့ လူငယ်တွေကို ပေါ့လျော့မနေဖို့၊ လုပ်သင့်တာလုပ်ကြဖို့၊ လွတ်မြောက်နယ်မြေတွေဆီ ရှောင်တိမ်းနေကြဖို့တွေ သတိပေးချင်ပါတယ်” ဟု တိုက်ပွဲနယ်မြေရောက် လုံခြုံရေးအရအမည်မဖော်လိုသူ မန္တလေးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Nowကိုပြောသည်။