ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်ထဲမှ စစ်ကောင်စီ၏ အမှတ် (၅၆၃) တပ်ရင်းကို အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်နေပြီး မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
အမှတ်(၅၆၃) တပ်ရင်းသည် မြို့အဝင်တွင်ရှိပြီး ထိုစစ်စခန်းမကျစေရေးအတွက် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပြီး အပြင်းအထန်ခုခံနေကြောင်း ရခိုင်အခြေစိုက် နိရဉ္စရာ သတင်းဌာနကလည်း ဒီဇင်ဘာ ၁၅ရက်နေ့က ရေးသားထားသည်။
ဂွမြို့ထဲမှ စစ်ရှောင်လာသူတစ်ဦးက ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်တို့ ခံစစ်ပြင်ထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု Myanmar Now ကို ပြောသည်။
“စစ်တပ်က ရဟိုင်ကွင်းမှာ ခံစစ်ပြင်ထားတာ၊ သံချပ်ကား၊ တင့်ကားတွေရောရှိတယ်။ ကင်းပုန်းတွေလည်း တောက်လျှောက်ပဲ” ဟု သူက ပြောသည်။
“ရဟိုင်ကွင်း ပတ်လည်၊ ရွှေနန်းခိုင် ပတ်လည် ၅၆၃၊ ၆၅၂ ပတ်လည်၊ ကျေးငူ-ဂွတံတား ဟိုဘက်ထိပ်မှာရော တောက်လျှောက် ကင်းပုန်းဝပ်နေတယ်”
ဂွကမ်းနားလမ်း တံတားထိပ် ကင်းစခန်းတွင် ရဲနှင့်စစ်တပ် အင်အား ၂၀ ကျော်က မြို့ထဲဝင်ရောက်မည့်သူများကို တင်းကျပ်စွာစစ်ဆေးနေကြောင်းလည်း ၎င်းကပြောသည်။
လျှပ်စစ်ဓာတ်အားနှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း၊ ဂွမြို့ပေါ်ရှိ ပိတ်မိနေသည့် စစ်ရှောင်များနှင့် အဆက်သွယ်မရရှိကြောင်း မိဘနှစ်ဦး ကျန်ရစ်ပြီး ရန်ကုန်သို့ ရောက်ရှိနေသူ အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ဂွမြို့နယ် စစ်ဘေးရှောင်များကို ကူညီနေသည့် အဖွဲ့အစည်းများကလည်း ဖုန်း၊ အင်တာနက် မရရှိကြောင်း၊ စစ်ဘေးရှောင်များ ခိုလှုံနေသည့် နေရာကို လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိကြောင်း အွန်လိုင်း လူမှုကွန်ရက်တွင်ရေးသားထားကြသည်။
စစ်ပွဲပြင်းထန်လာချိန် စစ်ရှောင်သူများပြားလာပြီး စားနပ်ရိက္ခာမလုံလောက်ကြောင်း၊ ဆန်အဓိကလိုအပ်နေကြောင်းလည်း ပါရှိသည်။
AA သည် ဂွမြို့ကို ထိုးစစ်ဆင်နေသည့် နှစ်လကျော်အတွင်း ဂွမြို့ပြင်ဘက်ရှိ၊ စစ်ကောင်စီစခန်းများ၊ ယာယီအထိုင်စခန်းများအားလုံးကို သိမ်းပိုက်ထားနိုင်ပြီးနောက် ဂွမြို့ပေါ်တွင် တည်ရှိသည့် တပ်ရင်း (၅၆၃)နှင့် (၅၆၂)တို့ကို ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသော ဂွမြို့နယ်တွင် ဒေသခံများသည် စစ်ရိပ်ဆင်လာသည့် ဩဂုတ်လမှစ၍ ဧရာဝတီတိုင်းဘက်သို့ တိမ်းရှောင်နေကြသည်။
ရခိုင်ဒေသခံအများပြားသည် တိုက်ပွဲများနှင့် ဝေးရာ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီတိုင်းစသည့် ဒေသများသို့ ပြောင်းရွှေ့သွားကြသည်။
စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်မည်ဟု ကြေညာထားသည့် AA သည် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်မြို့စသည့် ၁၂မြို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းပိုက်ထားသည်။