သတင်း

ဖာပွန်မှ စခန်းတစ်ခုကို KNU နှင့် မဟာမိတ်များ ၈ ရက်ကြာ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်မြို့တောင်ဘက်ရှိ စစ်ကောင်စီစခန်းတပ်စခန်းတစ်ခုကို ယမန်နေ့ (ဒီဇင်ဘာ ၁၁) နံနက်တွင်  သိမ်းပိုက်လိုက်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သော အဖွဲ့များက ယနေ့ သတင်းထုတ်ပြန်ကြသည်။

ဖာပွန်မြို့နှင့် ကမမောင်းမြို့ကြားရှိ  တောင်သုံးလုံးစခန်းကုန်းကို ဒီဇင်ဘာ ၄ ရက်တွင်  ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၅ လက်အောက်ခံတပ်များ၊  ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်များ၊  ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် Force For Federal Democracy (FFD) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းပိတ်ဆို့ပြီး တိုက်ခိုက်ကြသည်။ 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိပြီး တော်လှန်ရေးပူးပေါင်း တပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာရကြောင်း PDF တောင်ပိုင်းစစ်ဒေသထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

အရေးပါသည့်နေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု  တောင်ပိုင်းစစ်ဒေသ  အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောသည်။ 

“ဖာပွန်နဲ့ ကတိုင်ထိကြားက စခန်းတွေပါ။ ဒီစခန်းတွေက လမ်းပိုင်းကိုထိန်းချုပ်ထားတဲ့ စခန်းတွေပါ။ ဗျူဟာအရ အရေးကြီးတဲ့ စခန်းတွေ ဖြစ်တယ်” ဟု Myanmar Now ကို ပြောသည်။

တိုက်ပွဲအတွင်း ၁၂၀ (မမ) စိန်ပြောင်း ၁ လက် ၊ ၈၁(မမ) စိန်ပြောင်း ၃ လက်၊ ၆၀(မမ) စိန်ပြောင်း ၃ လက် ၊ ပွိုင့်ဖိုက် စက်သေနတ်ကြီး ၂ လက်နှင့် စိန်ပြောင်းကျည် ၊ ပွိုင့်ဖိုက်ကျည် ၊ ရိုင်ဖယ်ကျည်များ သိမ်းနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသနှင့် BPLA က ထုတ်ပြန်သည့် ဓာတ်ပုံများအရသိရသည်။

ထိုသို့သော သိမ်းဆည်းရမိမှုက  လက်နက်ခဲယမ်း အင်အားနည်းပါးသည့် ပူးပေါင်းတပ်များ မျှော်လင့်သည့် ရလဒ်တစ်မျိုး ဖြစ်သည်။

ဖာပွန်မြို့ကို သိမ်းပိုက်သည့် စစ်ဆင်ရေး သည် ၂၀၂၄ ခုနှစ် မတ်လအကုန်တွင် စတင်သည်။

တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်များသည် မြို့ကို သိမ်းနိုင်ခဲ့သော်လည်း မြို့တောင်ဘက်ရှိ စစ်ကောင်စီ ၏ စစ်ဗျူဟာအခြေချ (စဗခ) နှင့် တပ်ရင်း ၂ ရင်းကို မသိမ်းနိုင်ခဲ့ပေ။

တပ်မဟာ ၅ နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် အဆိုပါစစ်ဗျူဟာနှင့် တပ်ရင်း ၂ ရင်းကို ဝိုင်း ပတ်ပိတ်ဆို့ထားပြီးနောက် ထိုးစစ်ဗျူဟာ ပြောင်းလဲသွားသည်ကို တွေ့ရသည်။ 

လက်ကျန် ဖာပွန်စစ်ဗျူဟာအတွက် ပစ်ကူပေးနေသည့် ဖာပွန်မြို့နယ်ထဲမှ စစ်ကောင်စီတပ်စခန်းများ ကို အောက်တိုဘာလကုန်မှစတင်၍ စခန်းတစ်ခုချင်း  တိုက်ခိုက်ချေမှုန်းနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

မြို့အရှေ့မြောက်ဘက်ရှိ စစ်ရေးအရ အရေးပါသော ခေါပုတ်စစ်စခန်းကို အောက်တိုဘာ ၃၁ ရက် တွင် သိမ်းပိုက်ခဲ့ပြီးနောက် မြို့တောင်ဘက်ရှိ စစ်ကောင်စီ စစ်စခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့ သည်။

လက်လွှတ်လိုက်ရသော ခေါပုတ်စခန်းမှ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၃ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦးသေဆုံး၍ ၁၇ ဦးကို အရှင်ဖမ်းနိုင်ခဲ့သည်။

ခေါပုတ်စခန်းကို သိမ်းနိုင်ပြီးနောက် မြို့တောင်ဘက်ရှိ ယွန်းစလင်းချောင်းကူးတံတားရှိရာ ကူးဆိပ်ရွာ အနီးမှ စစ်စခန်းကို နိုဝင်ဘာလ ၉ ရက်တွင်  ရရှိခဲ့သည်။ အဆိုပါကူးဆိပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲသည် မရပ်တန့်ဘဲ တောင်ဘက်သို့ ဆက်ဆင်းလာသည်။

-သိမ်းပိုက်ရရှိပြီးနောက် တွေ့ရသော ကူးဆိပ်စခန်း။ (ဓာတ်ပုံ- Brigade -1 Drone Force)

နိုဝင်ဘာ ၂၂ ရက်တွင် ကူးဆိပ်ရွာတောင်ဘက် ၂ မိုင်ကျော်အကွာ မထောရွာရှိ စစ်ကောင်စီတပ်စခန်း ကို သိမ်းပိုက်နိုင်ခဲ့ပြီး KNU နှင့် ပူးပေါင်းတပ်များသည် မထောရွာတောင်ဘက်ရှိ တောင်သုံးလုံးစခန်း ကို ဆက်လက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖာပွန်မြို့သည် စစ်ဒဏ်ကြောင့် ပျက်စီးနေပြီး စစ်ကောင်စီဘက်က မြို့တောင်ဘက်ရှိ စစ်ဗျူဟာအခြေချ (စဗခ) အပါအဝင် ခမရ (၃၄၀) ၊ ခမရ (၃၄၁) နှင့် တပ်စခန်းငယ်အချို့ကို ဆက် လက်ထိန်းချုပ်ကာ ခုခံနေကြောင်း ပူးပေါင်းတပ်များဘက်က ပြောသည်။ 

KNU တပ်မဟာ ၅ ၏  ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တိုက်ပွဲ ၄၃ ကြိမ် ဖြစ်ပွားခဲ့ ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးတစ်ဦးနှင့် ဒု-ရင်းမှူးတစ်ဦး အပါအဝင် ၈၈ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရကြောင်း သိရသည်။ 

တစ်လတာအတွင်း စစ်ကောင်စီလေတပ်က ရပ်ရွာများကို ဗုံးသီး ၁၆ လုံး ကြဲချခဲ့သည်၊   ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်သုံးလုံးစခန်းကုန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းတစ်ခု။ (ဓာတ်ပုံ-BPLA )

Show More

Related Articles

Back to top button