သတင်း

ဗန်းမော်မြို့တွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

‌မြန်မာ- တရုတ် နယ်စပ်အနီးမှ မံစီ၊ ဗန်းမော်မြို့များရှိ စစ်စခန်းများကို KIA နှင့်မဟာမိတ်တို့က စစ်ကြောင်း ရှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၄  မှ စတင်ခဲ့သည့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေသည်။

ထိုနေ့ နံနက် ၅ နာရီမှ စတင်ကာ တရုတ်နယ်စပ်နှင့် မိုင် ၅၀ ခန့်သာဝေးသည့် ဗန်းမော်မြို့နှင့် မံစီမြို့များရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို  ထိုးစစ်ဆင်ပြီး ဗန်းမော်မြို့နှင့် တစ်မိုင်ခန့် အကွာတွင်ရှိသည့် ခလရ(၄၇)တပ်ရင်း၏ ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။

ပူးပေါင်းတပ်များထဲတွင် အာရက္ခတပ်တော်(AA)၊ ကျောင်းသားတပ်မတော်(ABSDF)၊ ကူကီးအမျိုးသားများတပ်မတော်၊ KIA ၏ ဂေါ်ရခါးတပ်ရင်းနှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)တို့လည်း ပါဝင်သည်။

ဒီဇင်ဘာ ၆ ရက်နေ့တွင် မဟာမိတ်တပ်များ ဗန်းမော်မြို့တွင်းကို  ဝင်ရောက်နိုင်ခဲ့ပြီး မြို့တွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များ၊ မြို့နှင့် တစ်ဆက်တည်းရှိနေသည့် စကခ(၂၁)နှင့် တပ်ရင်းဌာနချုပ်များကို ဆက်လက်တိုက်ခိုက်နေသည်ဟု KIA နှင့် နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မြို့ထဲတော့ ဝင်နေပြီပေါ့၊ ဖြစ်တဲ့ ၄ ရက်နေ့ ၅ ရက်နေ့လောက်ကနေစပြီး မြို့ထဲကို ဝင်နေကြပြီ။ အဲဒီလိုမျိုး ထိန်းတာတော့ မရှိသေးဘူး၊ အနီးကပ်ချနေကြတာ”  ဟု အဆိုပါ အမျိုးသားက ပြောသည်။

“မံစီနဲ့ ဗန်းမော်က စစ်ကောင်စီစခန်းတွေကို စစ်ကြောင်း ရှစ်ခုနဲ့ ဝင်ချတာပေါ့၊ လောလောဆယ်က အနီးကပ်ချနေကြတယ် တဲ့၊ လေကြောင်းတိုက်ခိုက်မှုလည်း ၄ ရက်နေ့ ဖြစ်ကတည်းကနေ နေ့တိုင်းရှိတယ်၊ နေ့ရော ညရော လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်လုပ်နေတယ်၊ အဲဒီ စကခ တပ်က လက်နက်ကြီးလည်း တောက်လျှောက်ပစ်နေတယ်တဲ့”

ရှေ့တန်းထွက်မည့် KIA ဂေါ်ရခါးတပ်ဖွဲ့ဝင်များကို ၂၀၂၂ နှစ်လယ်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Jithu Magar)

ပူးပေါင်းတပ်များကလည်း ယခင်တိုက်ပွဲများအတွင်း   သိမ်းပိုက် ရရှိထားသည့် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်နေသည်၊  တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်တွင် သေဆုံးသူ၊  သုံ့ပန်းဖြစ်သွားသူတို့ ရှိသည်၊   ကူကီးတပ်မှ ၆ ဦး သေဆုံးသလို အခြားတပ်များတွင်လည်း အကျအဆုံးရှိသည်ဟု သိရသည်။

တိုက်ပွဲစဖြစ်သည့် ၄ ရက်နေ့မှစတင်ကာ ယနေ့ (ဒီဇင်ဘာ ၉) နံနက်အထိ စစ်ကောင်စီလေတပ်က ဗန်းမော်မြို့ကို    အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

ဒီဇင်ဘာ ၄ မတိုင်မီ မိုးမောက်မြို့ထိုးစစ်ဆင်နေသည့် စစ်ကောင်စီစစ်ကြောင်းမှာလည်း ဗန်းမော်နှင့် မိုးမောက်မြို့ကြားတွင် ပိတ်မိနေပြီး KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

ဗန်းမော်မြို့သည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ(၂၃၆)၊ ခလရ(၄၇)နှင့် အမြောက်တပ်များဖြစ်သည့် အမတ(၃၃၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်းငါးရင်းခန့် အခြေစိုက်ထားသည့် တပ်မြို့ဖြစ်သည်။

စကခ(၂၁)နှင့် ခလရ(၂၃၆)အပါအဝင် လက်ရုံးတပ်အများစုမှာ ဗန်းမော်မြို့အရှေ့ဘက် မိုးမောက်မြို့သို့သွားသည့် လမ်းမပေါ်တွင်ရှိပြီး ခလရ(၄၇)မှာ ဗန်းမော်မြို့တောင်ဘက် မံစီမြို့ဘက်သို့ သွားသည့် လမ်းကြောင်းပေါ်တွင်ရှိသည်။

အဆိုပါ တပ်ရင်းများအပြင် ဗန်းမော်မြို့၏ တောင်ဘက် ၁၃ မိုင်ခန့်အကွာတွင်ရှိသည့် မံစီမြို့ရှိ   ခမရ(၃၁၉)၊(၆၀၁)နှင့် အမြောက်တပ် အမတ(၅၂၃)တို့ကိုပါ တိုက်ခိုက်နေသည်။

တိုက်ပွဲဖြစ်ပြီး ရက်အနည်းငယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသော်လည်း တပ်ရင်းဌာနချုပ်များနှင့် မြို့တွင်းရှိ ရဲစခန်း၊ ဌာဆိုင်ရာရုံးများကို သိမ်းပိုက်နိုင်သည်ဆိုသည့် သတင်းများကို အတည်မပြုနိုင်သေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဗန်းမော်ဘက်က အခြေအနေကတော့ အားလုံးသိမ်းနိုင်တဲ့အနေအထားမရှိပါဘူး။ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။ တင်းမာနေတဲ့အနေအထားပဲဖြစ်ပါတယ်”  ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“(စခန်းသိမ်းနိုင်မှု)အတိအကျမသိရဘူး။ ဖုန်းလိုင်းတွေအားလုံးဖြတ်ထားတယ်။ မြို့တွင်းမှာလည်း ဘယ်မှာရောက်နေတယ်၊ ဘယ်လိုသိမ်းတယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုမှမကြားမိပါဘူး” 

တိုက်ပွဲအတွင်း သောင်းနှင့်ချီသည့် ဒေသခံများက နီးစပ်ရာ မြို့နယ်များအပြင် မန္တလေးနှင့် အခြား မြို့ကြီးများသို့ ကုန်းလမ်း ရေလမ်းများမှ အဆင်ပြေသလို ထွက်ပြေးနေရသည်။

ဗန်းမော်မြို့မြောက်ဘက်နှင့် တရုတ်နယ်စပ်မျဉ်းရှိ KIA ဌာနချုပ် လိုင်ဇာမြို့သို့လည်း ထောင်နှင့်ချီ သည့် စစ်ရှောင်များ ရောက်ရှိလာကြသည်ဟု လိုင်ဇာမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လမ်းတွင်တွေ့သည့် အရပ်သားများ၊ မော်တော်ယာဉ်များ၊ စက်လှေများကို လိုက်လံပစ်ခတ်သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

“အရပ်သားတွေလည်း အကုန်ပစ်တယ် တဲ့။ တွေ့တဲ့ဟာအကုန်ပစ်တယ် တဲ့။ xxတွေကတော့ ပြည်သူတွေလည်း အကုန်ပစ်သတ်တယ် တဲ့။ ပြည်သူတွေလည်း တော်တော်သေတယ် တဲ့” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ထို့အပြင် မြို့တွင်း၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသည့် အရပ်သားများလည်း ရှိပြီး တိုက်ပွဲကာလအတွင်းဖြစ်နေသည့်အတွက် အရေအတွက် အသေးစိတ်ကို အတည်မပြုနိုင် သေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗန်းမော်မြို့၌ ကျန်ရှိနေသည့် လူမမာ အဒေါ်နှင့် အစ်မ တော်စပ်သူတို့မှာ ဗန်းမော်မြို့မှ ထွက်လာနိုင်ခဲ့ပြီဖြစ်ကြောင်း မန္တလေးမြို့တွင်ရောက်ရှိနေသည့် ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မြို့တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ခွန်သာရပ်ကွက်မှ သူငယ်ချင်းတစ်ဦး၏ ဖခင်၊   နာရီစင်အနီးရှိ အမျိုးသမီးမိတ်ဆွေတစ်ဦးတို့ သေဆုံးခဲ့သည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

 ဗန်းမော်စစ်ရှောင်ဖြစ်သူ အခြားအမျိုးသမီးတစ်ဦးကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗန်းမော်မှ မိသားစုအားလုံး မြို့တွင်း တိုက်ပွဲများကြားထဲမှ ထွက်နိုင်ခဲ့ကြောင်း ပြောသည်။

“အခုကျွန်မတို့အိမ်ကလည်း အကုန်ထွက်လာကြပြီ၊ တနေ့က ထွက်လာနိုင်တယ်လို့ပြောတယ်။ လုံးဝအဆင်မပြေလို့ မထွက်နိုင်တဲ့ မိသားစုတွေလောက် ပဲကျန်ခဲ့မယ်။ (သူတို့ထွက်လာချိန်) မြို့လယ်ခေါင်မှာ တိုက်ပွဲဖြစ်နေတာ။ (ကျည်ဆန်တွေ)  တောက်လျှောက် ကျနေတာ။ ခေါင်းပေါ်မှာ ကျည်ဆန်တွေပျံနေတယ်လို့ ပြောတယ်။ အဲဲဒီကြားထဲက ထွက်လာနိုင်ခဲ့တာ” ဟု ထိုအမျိုးသမီးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယခုနှစ်နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များ၏ ကချင်ပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများ ပေါ်ပေါက်လာသည်။

စက်တင်ဘာလက ကချင်ပြည်နယ် အရှေ့မြောက်ဘက်တွင်ရှိသည့်  စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)များကို KIA က တိုက်ခိုက်ရှင်းလင်းခဲ့သည်။

လက်တလော ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများ တိုက်ပွဲ ငြိမ်သက်နေချိန်တွင် ဗန်းမော်မြို့နှင့် မံစီမြို့သိမ်း တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။

ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားနိုင်သည်။

Show More

Related Articles

Back to top button