သတင်း

မန္တလေးရှိ အကြိမ်ကြိမ် တိုက်ခိုက်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ပေါက်ကွဲမှုဖြစ်

မန္တလေးမြို့ထဲရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်နက်ကိုင်တို့က အနီးဝန်းကျင်ကို ပစ်ခတ်ကြသည်၊ ရပ်ကွက်အတွင်း လူငယ်များကို ဝင်ဖမ်းသည်ဟု သိရသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခု ပေါက်ကွဲမှု ဖြစ် ပြီးနောက် ထိုရုံးတွင် ရှိနေသော စစ်ကောင်စီလက်နက်ကိုင်များက  အနီးဝန်းကျင်ကို   ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း မြို့ခံများထံက သိရှိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၄) ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၃ လမ်းနှင့် ၅၆ လမ်းအနီးရှိ ထိုရုံး၌ ပြည်သူ့စစ်များ စုဝေးနေခိုက် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါရုံးအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အသံက အကျယ်ကြီးနှစ်ချက် ကြားလိုက်ရတယ်။ ပြီးတော့ သူတို့ပြန်ပစ်ခတ်နေတာတော့ ညပိုင်းအထိ ပဲ။ (ည) ဆယ်နာရီကျော်လောက်အထိ၊ ရပ်ကွက်ကိုခြောက်ပြီး ပစ်နေတာ”ဟု ၎င်းက ဆိုသည်။

ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရှိ ပစ္စည်းတချို့ ထိခိုက်သော်လည်း ဒဏ်ရာရသူ မရှိခဲ့ဟု သိရကြောင်း၊   စစ်ကား နှစ်စီး ရောက်လာကာ အဆိုပါရုံးဝန်းကျင်တွင် လမ်းပိတ်ပြီးနောက် ဖြတ်သန်းသွားလာနေသူများကို စစ်ဆေးကြခဲ့ကြောင်း မြို့ခံတို့ကပြောသည်။

ည ကိုးနာရီခွဲခန့်တွင် စစ်ကားသုံးစီးထပ်မံရောက်ရှိလာကာ အဆိုပါရပ်ကွက်အတွင်း လူငယ်လူရွယ်များကို  ဖမ်းဆီးကြောင်း၊  ဆိုင်ကယ်များကို ရပ်တန့် စစ်ဆေးပြီးနောက် ဖမ်းဆီးမှုများ ရှိကြောင်း၊ ရမ်းကားပစ်ခတ်မှုများ ညအချိန်မတော်အထိလုပ်ဆောင်ခဲ့ကြောင်း မန္တလေးမြို့ မြေပြင်အခြေအနေများ ဖော်ပြနေသည့် ကင်းထောက်အဖွဲ့များက Facebook တွင် ရေးသားကြသည်။

အဖမ်းအဆီးများနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။

စစ်တပ်ဝါဒဖြန့်စာမျက်နှာများက အုပ်ချုပ်ရေးမှူးရုံးရှေ့သို့  ဆိုင်ကယ်ဖြင့် လာသူနှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်သွားခြင်းဖြစ်ပြီး လူအထိအခိုက်မရှိကြောင်းရေးကြသည်။

ပြီးခဲ့သည့် ၄ နှစ်အတွင်း ၇ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသည့် ထိုရုံးသည်   အောက်တိုဘာ၂၀ ရက်နေ့ကလည်း အလားတူ တိုက်ခိုက်ခံရပြီး  ရုံးအဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရကာ ရုံးရှေ့ ရပ်ထားသည့် ကားနှစ်စီး ပျက်စီးသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူဒေသခံအများအပြား ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက်  လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာကာ  မန္တလေးမြို့ရှိ မီတာရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ လဝကရုံး၊ အခွန်ရုံးနှင့်ရဲစခန်းများလည်း မကြာခဏ ဆိုသလိုတိုက်ခိုက်ခံခဲ့ရသည်။ 


လတ်တလောတွင် ထိုရုံးရှိ အုပ်ချုပ်ရေးမှူးအပါအဝင် ရုံးအဖွဲ့ဝင်များက ရပ်ကွက်အတွင်း လူငယ်များကို စစ်မှုထမ်းရန်လှုံ့ဆော်နေပြီး စစ်တပ်အတွင်းသို့ အဓမ္မလူသစ်စုဆောင်းပေးနေသည့် အတွက် ဖောက်ခွဲ တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ကြောင်း ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူ အမျိုးသားတစ်ဦးက ယူဆသည်။

“စစ်မှုထမ်းတွေကလည်း တအားဆိုးနေတာဗျာ။ အရင်လက ဆွဲပြီး၊ ပြန်ငြိမ်သွားပြီး  အခု ပြန်စနေပြန်ပြီ။ အဲဒီ(ဇ)ရပ်ကွက်မှာကိုက လာဆွဲနေတာများပြီ။ အဲဒီအတွက် လုပ်ခံရတယ်ထင်ပါတယ်” ဟု သူက ဆိုသည်။

မန္တလေးမြို့တွင် ယခုဒီဇင်ဘာလဆန်း၌ လူငယ်အများအပြားဖမ်းဆီးခံနေရပြီး ထိုသူများမှာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခံရဖွယ်ရှိသည်ဟု မိသားစုများက ယူဆကြသည်။

ယမန်နေ့ညတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ မျက်ပါးရပ်နှင့်မဟာမြိုင်ရပ်ကွက်မှ လူငယ် ငါးဦး ထက်မနည်း ဖမ်းဆီးခံရသည်ဟု ရပ်ကွက်နေထိုင်သူတို့က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်သည့် စစ်မှုထမ်းအမှတ်စဉ် (၇) တွင်လည်း မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်း တို့မှ တစ်လအတွင်း လူငယ် ၃၀၀ ကျော်ဖမ်းဆီးခံခဲ့ရသည်။

မန္တလေးတိုင်းအတွင်းမူ ၁၄၇ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရသည်ဟု ဒေသတွင်းစစ်သားသစ် စုဆောင်းမှု ဖြစ်ရပ်များကို စုံစမ်းဖော်ပြနေသည့်Voice Of Mandalay( Vomdy)ကင်းထောက်အဖွဲ့က Myanmar Now ကို ပြောထားသည်။

စစ်တပ်ထောက်ခံသည့်ချန်နယ်များတွင် နိုဝင်ဘာ ၂၅ ရက်က ဖော်ပြထားသည့် မန္တလေးတိုင်းရှိ သင်တန်းကျောင်းတစ်ခုတွင် ပြည်သူ့စစ် သင်တန်းအပတ်စဉ် (၇) တက်ရောက်လာသူများကို တွေ့ရစဉ်။ 

Show More

Related Articles

Back to top button