သတင်း

တနင်္သာရီတိုင်း ပြည်ထောင်စုလမ်းမတွင်  စစ်ကောင်စီစစ်ကြောင်းထိုး

တော်လှန်ရေးတပ်များ အခြေစိုက်သည့် ပုလောမြို့နယ်အတွင်း စစ်ကောင်စီက နယ်မြေစိုးမိုးရန် စစ်ရေးလှုပ်ရှားနေရာ တော်လှန်ရေးအင်အားစုကလည်း ခုခံရန်ပြင်ဆင်ထားသည်ဟု ဆိုသည်။

မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း ပုလောမြို့နယ် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမတွင် နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပုလောမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်ကာ မြိတ်မြို့နှင့် ပုလောမြို့ကို ဆက်သွယ်ထားသည့်လမ်းတစ်လျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“မြိတ် – ပုလောလမ်းပိုင်းက တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ ရွာတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်ရေးလုပ်ပါတယ်။ ပုလော – ပလောက်လမ်းပိုင်း ကားလမ်းရွာတွေနဲ့ လမ်းအောက်ဘက်ရွာတွေကိုလည်း နယ်မြေရှင်းစစ်ကြောင်းထိုးပါတယ်” ဟု ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူ အမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ခန့်ဖြင့် ပလောက်မြို့မှ မြိတ်မြို့အထိ ၇၈ မိုင်ကျော်ရှည်လျားသော ပြည်ထောင်စုလမ်းအစိတ်အပိုင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်က စစ်ကြောင်းထိုးပြီးနောက် တပ်ပြန်ဆုတ်သွားလေ့ရှိ သော်လည်း ယခုအခါတွင် တပ်ပြန်မဆုတ်ဘဲ တပ်စိတ်၊ တပ်စုများကို စစ်ကြောင်းဝင်ခဲ့သည့် ရွာများတွင် ချန်ထားခဲ့ကြောင်း တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေနှင့် လူမှုစီးပွားအခြေအနေများကို စောင့်ကြည့်မှတ်တမ်းတင်နေသော Fe5 Tanintharyi သုတေသနအဖွဲ့က နိုဝင်ဘာ ၂၀ ရက်တွင် ပြောဆိုထားသည်။

“အစကဆိုရင် ဒီစစ်ကြောင်းက ဝင်လာပြီးပြီဆိုရင် တိုက်မယ်၊ မီးရှို့မယ်၊ ပစ်မယ်၊ ပြန်ထွက်သွားမယ်၊ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘူး ရွာတွေမှာ တပ်စိတ်တွေ၊ တပ်စုတွေ ချန်ခဲ့တယ် နောက်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို ပြန်ခန့်တာတွေ ရှိလာတယ်” ဟု Fe5 Tanintharyi တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်က အင်အား ၁၀၀ အောက်ဖြင့်သာ စစ်ကြောင်းထိုးသော်လည်း အောက်တိုဘာလမှ စတင်ကာ အင်အား ၁၀၀ အထက်ဖြင့် စစ်ကြောင်း ၃ ကြောင်းထက်မနည်းခွဲကာ လှုပ်ရှားနေသည်ဟု သိရသည်။

ပေါက်ကြားလာသည့်  ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်၏ ညွန်ကြားချက်ကြေးနန်းစာအရ စစ်တပ်က တနင်္သာရီတိုင်းတွင် ထိုးစစ်စတင်ရန် ပြင်ဆင်နေကြောင်း သိရသည်ဟု Fe5 Tanintharyi တာဝန်ရှိသူက ပြောသည်။

ကြေးနန်းစာတွင် ထိုးစစ်အတွက်  အသင့်ဖြစ်ရန်၊ တပ်ဖွဲ့ဝင်များ တစ်ဝက်အိပ်တစ်ဝက်နိုးစနစ်ကျင့်သုံးရန်  လက်အောက်ခံတပ်ရင်းများသို့ ညွှန်ကြားကြောင်း Fe5 Tanintharyi တာဝန်ရှိသူက ဆိုသည်။

ထားဝယ်မြို့အရှေ့ဘက်တွင် လှုပ်ရှားသည့် ဒေသကာကွယ်ရေး အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီဘက်က ထိုးစစ်တစ်ခုလာနိုင်သည်ကို သိရှိထားပြီး တော်လှန်ရေးအင်အားစုက ခံစစ်အတွက် ပြင်နေသည်ဟု ဆိုသည်။

လူထုအာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းအတွင်းရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်းလမ်းဖြင့် ကုန်စည်ပို့ဆောင်ရေးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်လိုသဖြင့် စစ်ရေးဖော်ဆောင်ရန် အလေးပေးလာသည်ကို တွေ့ရသည်ဟု ပြောသည်။

“ကုန်းလမ်းကို ပြန်ပြီးစိုးမိုးချင်နေတယ်။ ကော့သောင်း – ရနောင်းဆိုတာက ကမ်းရိုးတန်းအတိုင်း သွားရင်လည်းရတယ်။ ဒါပေမယ့် ကုန်စည် စီးဆင်း မှုတွေနှောင့်နှေးမယ်ပေါ့။ ကော့သောင်းရနှောင်းကနေ ရန်ကုန်ဘက်အထိ ကုန်စည်စီးဆင်းမှုကို အဓိကထားပြီး ပြုလုပ်လိုတဲ့ သဘောမျိုးမြင်ရပါတယ်” ဟု ၎င်းက သုံးသပ်သည်။

ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ကုန်စည်စီးဆင်းမှုသည် တနင်္သာရီတိုင်းရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် လမ်းပိုင်းများကို ဖြတ်သန်းပြီး စစ်ကောင်စီထိန်းချုပ်သည့် မြို့များသို့ ရောက်ရသည့် အခြေအနေကို စစ်ကောင်စီက မလိုလားခြင်းကြောင့် နယ်မြေစိုးမိုးရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟုလည်း စစ်ရေးလေ့လာသူအချို့က သုံးသပ်ထားသည်။

တနင်္သာရီတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများနှင့် ကော်သူးလေတပ် (KTLA) လက်အောက်ခံတပ်များ အခြေစိုက်လှုပ်ရှားသည်။

NUG ၏ တိုင်းစစ်ဌာန – တနင်္သာရီ၊ ဗျူဟာ (၃၅) ကလည်း ၎င်းတို့ လှုပ်ရှားသည့် နယ်မြေအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးပစ်မှတ်၊ စစ်ရေးပစ်မှတ်များကို အရှိန်မြှင့်တိုက်သွားမည်ဟု နိုဝင်ဘာ ၁၁ ရက်တွင် ဒုတိယအကြိမ် ကြေညာချက်ထုတ်ထားသည်။

ခရီးသည်တင်ကားနှင့် ကုန်ကားများ မြိတ်၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ရှိ ပြည်ထောင်စုလမ်းမတစ်လျှောက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဘေးတံခါး မှန်ချမောင်းနှင်သွားလာကြရန်၊ ကုန်ကားများ အလုံပိတ် ဖုံးအုပ်သွားခြင်း လုံးဝမလုပ်ရန် NUG လက်အောက်ခံတပ်များက သတိပေးထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်ကြား၌ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ် DNLA နှင့် ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ် (YPPDF) တို့က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုင်ဆောင်သည့် MA စီးရီးဝင် ရိုင်ဖယ်သေနတ် ၅ လက်ကိုလည်း တော်လှန်ရေးအဖွဲ့က သိမ်းယူကာ ပြန်ဆုတ်လာနိုင်ကြောင်း DNLA က ထုတ်ပြန်သည်။

ထားဝယ်မြို့နယ် အရှေ့ဘက်ရှိ ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းရှိရာ ထီးခီးနှင် မေတ္တာမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသေးသော်လည်း ထားဝယ်- ထီးခီးလမ်းပိုင်း ရှိ အချို့နေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

စစ်ကောင်စီတပ်သည် စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် စစ်သားသစ်များကို တနင်္သာရီတိုင်းသို့ ပို့ဆောင်နေပြီး ထိုသူများထဲမှ အများအပြား စစ်ကောင်စီတပ်မှ ထွက်ပြေးကာ တော်လှန်ရေးအင်အားစုထံထံ ခိုလှုံလာသည့် ဖြစ်စဉ်များလည်းရှိသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ စစ်သားသစ်အဖြစ် စုဆောင်းခံရပြီး တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၃ သို့ အပို့ခံရသော စစ်သားသစ် ၅ ဦးသည် ရေဖြူမြို့နယ်တွင် လှုပ်ရှားသည့် NUG လက်အောက်ခံ ဒေါန စစ်ကြောင်းထံ ခိုလှုံဝင်ရောက်လာကြောင်း အဆိုပါ စစ်ကြောင်းက နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာသည်။

စစ်ကောင်စီတပ်သည် ကြည်း၊ ရေ၊ လေ တိုင်းစစ်ဌာနချုပ်ရှိရာ မြိတ်မြို့အနောက်မြောက်ဘက် မိုင် ၈၀ ကျော်အကွာ ပင်လယ်ပြင်တွင် အောက်တိုဘာ ၂၀ ရက်မှစတင်ကာ  ကျည်အစစ်ပစ်ခတ်မှုပါဝင်သည့် ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှု ၅ ရက်ကြာ  လုပ်ခဲ့သေးသည်။

တနင်္သာရီတိုင်းသည် ပင်လယ်ပြင်နှင့် ထိစပ်နေသဖြင့် စစ်ကောင်စီဘက်က စစ်ဆင်လာပါက ရေတပ်အင်အားပါ ထုတ်သုံးလာနိုင်ဖွယ်ရှိကြောင်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီဘက် ထိုးစစ်ကို ထပ်မံပြုလုပ်ပြီး စစ်နယ်ချဲ့ထွင်လာပါက တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုနှင့် တိုက်ပွဲပိုဖြစ်လာနိုင်ဖွယ်ရှိကြောင်း လေ့လာသူအချို့က သုံးသပ်ကြသည်။

တနင်္သာရီတိုင်း မြိတ်မြို့တွင် စစ်ကောင်စီလေတပ်စခန်းဌာနချုပ်နှင့် တနင်္သာရီ ရေတပ်စခန်းလည်းရှိသည်။

Show More

Related Articles

Back to top button