
စစ်ကောင်စီသည် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှ မြွေတလှိုင်း၊ ဝန်စု၊ဝေါစု၊ သမင်တွင်း စသည့်ကျေးရွာများကို ယမန်နေ့ (အောက်တိုဘာ ၂၁) ညနေက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်နှစ်သားကလေးတစ်ဦးနှင့်မိခင်တို့ သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။
စစ်ကောင်စီလေတပ်သည် ဧရာဝတီမြစ်ကမ်းဘေးမှ ထိုကျေးရွာများကို ယမန်နေ့တစ်ရက်ထဲတွင် ငါးကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ထိုတိုက်ခိုက်မှု များကြောင့် မြွေတလှိုင်းကျေးရွာမှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးနှင့် သားဖြစ်သူတို့ သေဆုံးသွားကြခြင်း ဖြစ် ကြသည်။
“ညနေပိုင်းက စပြီး ညအထိ လေယာဉ်အဆင်းပေါင်းမနည်းဘူးလာပစ်တာ” ဟု အသက် ၆၀ အရွယ် မတ္တရာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သမင်တွင်းကျေးရွာပစ်ခတ်မှုတွင်လည်း လူအသေအဆုံးအထိအခိုက်များရှိနိုင်ကြောင်းနှင့် အသေးစိတ် စုံစမ်းနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
“မြွေတလှိုင်းကျေးရွာကိုက တိုက်ပွဲမဖြစ်ပွားဘဲ သက်သက်လာကြဲတာလို့သိရတယ်။ သမင်တွင်းကတော့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်သွားတယ်။ ညပိုင်းမှာ လာကြဲတာ” ဟု၎င်းကပြောသည်။
မတ္တရာမြို့နယ်လေကြောင်းတိုက်ခိုက်မှုများကို စာရင်းပြုစုထားသည့် Wetlet Informational Network က ယမန်နေ့က မတ္တရာမြို့နယ် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၄ ကြိမ်ရှိကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့ ညနေ ၄နာရီတွင် ပထမအကြိမ်အဖြစ် ဗုံးကြဲခံရကြောင်း၊ ၄ နာရီကျော်တွင် တစ်ကြိမ်၊ အချိန် အနည်းငယ်အကြာတွင် တစ်ကြိမ်၊ ထိုမှ နောက်နာရီဝက်အကြာတွင် နေရာ ၂ ခုမှ လာသော လေယာဉ် ၂ စီးက တစ်ကြိမ် အချိန်အတော်ကြာကြာ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထိုတိုက်လေယာဉ်များသည် မန္တလေးတိုင်း၊ တံတားဦးနှင့် မိတ္ထီလာလေတပ်တို့မှ တက်လာသည့် လေယာဉ်များဖြစ်ကြပြီး ဗုံးကြဲသည့် အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြကြောင်း ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က “ မနေ့က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြောင်းမဲ့သက်သက် ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာပြည်အလယ်ပိုင်း ဒုတိယစီးပွားရေးမြို့တော် မန္တလေးနှင့် မိုင်၂၀ ခန့်အကွာ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF )တို့အကြား တိုက်ပွဲများ ပြင်းထန် လျှက်ရှိပြီး စစ်ကောင်စီ၏လေကြောင်းနှင့်လက်နက် ကြီးရန်ကြောင့် ဒေသခံများသေဆုံးမှု မြင့်တက်နေ သည်။
တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် မတ္တရာမြို့နယ်အတွင်း နယ်မြေများကို ပြန်လည်ရရှိနိုင်ရေး စက်တင်ဘာလအတွင်း စစ်ကောင်စီက လေကြောင်း၊ မြေပြင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်၍ ကြိုးပမ်း လာ၍ တိုက်ပွဲများပြင်းထန်နေသည်။
“ မတ္တရာ မြို့နယ်ထဲမှာတော့ ဒီနေ့လည်း တိုက်ပွဲငယ်တချို့ဖြစ်ပွားနေတာရှိပါတယ် ။ အသေးစိတ်အခြေ အနေတော့ မသိရသေးပါဘူး” ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။
ယနေ့ နံနက် ၁၁ နာရီမှစကာ MDY PDF သိမ်းပိုက်ထားသည့် ဖယောင်းတောင် ရွှေတွင်းအနီးကျေးရွာများ ကိုလည်း လေယာဥ်နှစ်စီးဖြင့် ၄ကြိမ် တိုက်ခိုက်ထားကြောင်း အသက် ၆၀ အရွယ် မတ္တရာဒေသခံ အမျိုးသားထံက သိရသည်။
“(မွန်းလွဲ ၂ နာရီခန့်) အခုထိပဲ။ လာပစ်နေတာ။ တိုက်ပွဲဖြစ်၊မဖြစ်ကတော့ ဦးလေးတ်ို့မသိဘူး။ အပေါ်က လာပစ်တာ မြင်နေရတာ။ မီးခိုးလုံးတွေ တက်တက်လာတာ” ဟု ဆိုသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးဘဲ ယင်းနေရာသို့ လေကြောင်းမှ မကြာခဏ တိုက်ခိုက်မှုများ ရှိနေသည်။
မန္တလေးမြို့မှ ၅ မိုင်အကွာ မတ္တရာမြို့နယ်အနောက်ခြမ်း သုံးဆယ်ပေးကျေးရွာအနီး စက်တင်ဘာ၂၁ ရက် နံနက်က စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းခဲ့၍ တော်လှန်ရေး အဖွဲ့များ စခန်းဆုတ်ပေးလိုက်ရသည်။
စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေး မတ္တရာအနောက်ပိုင်းကျေးရွာများ ဖြစ်သော စက်တင်ဘာ ၁၈ ရက်တွင် ရွာသာကြီးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး၊ စက်တင်ဘာ၂၁ ရက်တွင် ဆူးလေကုန်းရွာတွင် ကလေးငယ်များအပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့သည်။
အောက်တိုဘာ ၁၁ ရက်တွင် မတ္တရာမြို့နယ် ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းကို လေကြောင်းဖြင့် ဗုံးကြဲ ချရာ သံဃာ ၃ ပါး၊ ကလေး ၁ ဦးအပါအဝင် စစ်ရှောင်ပြည်သူ၁၂ဦး စုစုပေါင်း၂၁ ဦး တို့ သေဆုံးခဲ့သည်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲခြင်းဖြစ်ပြီး ၊စစ်ရေးနှင့် မသက်ဆိုင်သော ပြည်သူများကို ထိပါးတိုက်ခိုက်ခြင်းသည် ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်ညပိုင်းက MDY-PDF က ထုတ်ပြန်ထားသည်။
ဇွန်၂၅ ရက်မှစတင်ကာ MDY-PDF နှင့်မဟာမိတ်တပ်များက ထိုဒေသတွင်း ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး မတ္တရာမြို့နယ်မှ စစ်စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံရှိကင်းစခန်း၊ စစ်ကောင်စီ ခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်သည့်ရွှေတွင်းတို့ အပါအဝင် စခန်း ၃ ခု ရရှိထား ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။