သတင်း

သီပေါ၊ လားရှိုး အရပ်ဘက်ပစ်မှတ်များကို လေတပ်က အဆက်မပြတ်ဗုံးကြဲ

ရှမ်းမြောက် သီပေါမြို့ လက်ကျန်တပ် ခလရ(၂၃)ကို တအာင်း/ပလောင်တပ် ဆက်လက် ထိုးစစ်ဆင်နေသည်၊ ကိုးကန့်တပ် ထိန်းချုပ်ထားသည့် လားရှိုးကို လေတပ်က တိုက်ခိုက်နေဆဲ ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီတပ်၏ နောက်ဆုံးကျန်ရစ်နေသည့် အမှတ် (၂၃) ခြေလျင်တပ်ရင်းစခန်းကို တအာင်း/ပလောင်တပ်(TNLA) က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်က သီပေါမြို့နှင့် လားရှိုးမြို့တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေသည်။

သီပေါတွင် အမှတ် (၅၀၃)နှင့်(၅၀၄)  ခြေမြန်တပ်ရင်းစခန်းများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စွန့်လွှတ်လိုက်ရသည့် စစ်တပ်က  အပြင်းအထန်ဆက်လက်ခုခံနေသည်၊ လက်နက်ကြီးကျည်နှင့် ဗုံးများ လူနေရပ်ကွက်များအတွင်း ကျရောက်ပြီး ဒေသခံတို့ ထိခိုက်သေဆုံးနေသည်ဟု TNLA က ထုတ်ပြန်ထားသည်။

သီပေါမြို့မြောက်ဘက် ၁ မိုင်ခန့်အကွာ နောက်ဆုံးခံတပ်ဖြစ်သည့်  ခလရ(၂၃)တပ်ရင်းစခန်းဘေးရှိ တုံစင့်ရွာသည် လေကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီးကျည်ကျရောက်မှု မကြာခဏခံနေရသည်ဟု သီပေါဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ တုံစင့်ရွာအနီးတဝိုက်ကိုတော့ ဆက်တိုက်တော့ ကြဲနေတာပဲပေါ့နော်၊ နေ့တိုင်း၊ ညတိုင်းပဲ၊ အဲဒီဘက်ကတော့ အမြဲတမ်း လက်နက်ကြီးကျတာ၊ သေတာ ရှိတယ်ရှင့်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

“ခမရ ၅၀၃၊ ၅၀၄ တပ်ကတော့ TNLA က သိမ်းလို့ရသွားပြီရှင့်”

တိုက်ပွဲပြင်းထန်ခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ တစ်ရက်တည်းတွင်  ခလရ(၂၃)တပ်အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်  ၅ ကြိမ်ခန့် ရောက်လာပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ထိုစဉ်က မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဇာတ်စုရပ်ကွက် ရဲစခန်းအနီး၊ အနောက်ရပ်ကွက်နှင့် တောင်မြို့ရပ်ကွက်များတွင် ဗုံးများကျရောက်ပေါက်ကွဲခဲ့သည်၊ အနောက်ရပ်ကွက်တွင် နေထိုင်သူ အသက်(၅၁)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ သီပေါရဲစခန်းတွင် အကျဉ်းသားအချို့ ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ထို့နေ့တွင်ပင် နမ့်လန်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ သီပေါမြို့အနီး လွယ်ကျိုင်းကျေးရွာသို့  ကျရောက်ပေါက်ကွဲပြီး ၁၀ လသားအရွယ်နှင့် ၄ နှစ်သားအရွယ် ကလေးငယ်နှစ်ဦး၊ အသက်ကြီးပိုင်း အမျိုးသား ၃ ဦးတို့ ဒဏ်ရာရခဲ့ကြသည်ဟု သိရသည်။

စက်တင်ဘာလကုန်ပိုင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာစဉ်  သီပေါဒေသခံအချို့ သေဆုံးသည်ဟု အထက်ပါ သီပေါဒေသခံ အမျိုးသမီးက ပြောသည်။

“ရှေ့ရက်တွေက လူထိတာများတယ်၊ (စက်တင်ဘာ)၂၉၊ ၃၀ လောက်က လူထိတာများတယ်၊ အဲဒီနေ့ နှစ်ရက်ပေါင်းကို ၄ ယောက်သေတယ်၊ ဒဏ်ရာရတာကတော့ ၁၀ ယောက်ကျော်မယ်ရှင့်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

သို့သော် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် ယနေ့အထိ မြေပြင်အခြေအနေကို အသေးစိတ်မသိရသေးကြောင်း အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၆ နံနက်ပိုင်းအထိ   ခလရ(၂၃) စခန်း အနီးတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်၊    Y 12 အမျိုးအစား ထောက်ပံ့ရေးလေယာဉ်  ၇ ကြိမ်ခန့်လာရောက်ကာ ထိုစခန်းအတွင်းသို့  အထုပ် ၁၂ ထုပ်  ချပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် နောင်ချိုမြို့ တောင်ခမ်းအမြောက်တပ်များတည်ရှိရာ တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေရာ အောက်တိုဘာ ၅ ရက်နေ့က အဆိပ်ငွေ့ဗုံးများ ကြဲချခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ယနေ့ သီပေါနှင့် နောင်ချိုမြို့များရှိ တိုက်ပွဲအခြေအနေများကို သိရှိနိုင်ရန် TNLA မှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အလားတူ ကိုးကန့်တပ်(MNDAA)တပ်များ ဩဂုတ် လဆန်းပိုင်းမှစတင် သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့ကိုလည်း စစ်ကောင်စီတပ်က မကြာခဏဗုံးကြဲနေရာ   သေဆုံးသူ ဒေသခံ ၈ ဦးထက်မနည်းရှိသည်၊  ဒဏ်ရာရသူ ၄၀ နီးပါး ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့အထိ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀ ကြိမ်ကျော်အထိ ရှိလာပြီး ယမန်နေ့ အောက်တိုဘာ ၆ ရက်က လေကြောင်းတိုက်ခိုက်မှုအတွင်း လားရှိုးမြို့ ရပ်ကွက်(၅)အတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားတစ်ဦး  ဒဏ်ရာရသလို နေအိမ်အချို့လည်း ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်မှစတင်ကာ မြို့သိမ်းတိုက်ပွဲပြီးနောက်ပိုင်း ရပ်ကွက်အချို့တွင် ရရှိခဲ့သည့် လျှပ်စစ်ဓာတ်အားနှင့် ဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်သွားခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့သိမ်းတိုက်ပွဲဖြစ်ပွားစဉ် လားရှိုးမြို့မှ တိမ်းရှောင်သွားသည့် ဒေသခံများ မြို့သို့ ပြန်မလာရဲကြသေးသလို မြို့တွင်းရှိနေသူတချို့လည်း ပိုမိုလုံခြုံမည့်ဒေသများသို့ ထွက်ခွာသွားကြသည်ဟု သိရသည်။

လေကြောင်းရန် ရှိနေလင့်ကစား မြို့ထဲတွင်   ဒေသခံများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မြို့တွင်းမှာတော့ အေးဆေးပါပဲ၊ သွားလာနေကြတယ်၊ တချို့ လေယာဉ်ကြောက်လို့  (ရပ်ဝေး) ထွက်တဲ့သူတွေလည်း ရှိပါတယ်ဗျ၊ လူဦးရေတော့နည်းပါတယ်။ ကျန်တာတော့ မြို့ထဲမှာရှိပါတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

မြို့ခံများ အင်တာနက်အသုံးပြုနိုင်ရေးအတွက်  StarLink များအသုံးပြုခွင့်ပေးခဲ့သော်လည်း ဗုံးကြဲမှုများမှာ စစ်ကောင်စီသတင်းပေး ဒလန်များကြောင့် ဖြစ်နိုင်သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် MNDAA က Starlink အသုံးပြုခွင့် ပြန်လည်ကန့်သတ်ခဲ့သည်ဟု သိရသည်။

“အဓိကက (စစ်ကောင်စီသတင်းပေး)ဒလန်ကြောင့်ပါ၊ ဒလန်တွေက Starlink ပေးထားတယ်ဆိုရင်လည်း ပေးထားတဲ့နေရာကို သွားပြီးမှ ဒလန်တွေက Information တွေ (သတင်းတွေ)  ပေးပါတယ်ဗျ၊ ဟိုနေ့ကမှ ဒလန်နှစ်ယောက်မိထားပါတယ်” ဟု MNDAA အဖွဲ့နှင့်လည်း နီးစပ်သူ အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုများအပြင်း လားရှိုးမြို့တွင်းရှိ အခြေအနေများအတွက် အသေးစိတ်သိရှိနိုင်ရန် MNDAA ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)နှင့် အာရက္ခတပ်တော်(AA) တို့ ပူးပေါင်း ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ မြို့များအားလုံးနီးပါးကို စစ်ကောင်စီတပ်က လက်လွှတ်ထားရသည်။

လက်ကျန်မြို့များ လက်မလွှတ်ရရေး စစ်ကောင်စီတပ်က အပြင်းအထန်ခုခံနေသလို လက်လွှတ်ထားရသည့်  လားရှိုးမြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ စစ်ပြင်နေသည်။

Show More

Related Articles

Back to top button