သတင်း

ရေကြီးခဲ့သည့်ဒေသများတွင် နောက်တကြိမ်ရေထပ်ကြီးနိုင်ကြောင်း မိုးဇလသတိပေး

စက်တင်ဘာလ ဒုတိပတ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ပြည်သူ့အိုးအိမ်များ ပျက်စီးခဲ့သော်လည်း ပြန်လည်ထူထောင်ရေးကို စစ်ကောင်စီက လျစ်လျူရှုထားခဲ့သည်။

ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုများ ကြုံခဲ့ရသည့် နိုင်ငံအလယ်ပိုင်းအပါအဝင် ဒေသအချို့တွင် အောက်တိုဘာ ပထမသတင်းပတ်ပတ်အတွင်း နောက်တကြိမ် မိုးကြီးပြီးရေတက်မည့် အခြေအနေရှိကြောင်းစစ်ကောင်စီလက်အောက်ခံ မိုးလေဝသက သတိပေးထားသည်။

နေပြည်တော်၊ စစ်ကိုင်း၊မန္တလေး၊၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန် စသည့်တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာပထမပတ်အတွင်း မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်းများ ရှိနိုင်သည်ဟု စစ်ကောင်စီလက်အောက်ခံ မိုးလေဝသက သတိပေးထားသည်။

ရေကြီးရေလျှံမှုကြောင့် အိုးအိမ်ပျက်စီး လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည့် ရေဘေးသင့်ပြည်သူများသည် နွံများပင် မဖယ်နိုင်သေးသည့် ဇာတိနေရပ်ကိုပင် မပြန်နိုင်သေးဘဲ ရှိနေသေးသည်။ 

ရေဘေးရှောင်စခန်းများတွင်သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ရှိနေဆဲဖြစ်ကြောင်း နေပြည်တော် ရေဘေးသင့်သူများ ပြန်လည်ထူထောင်ရေးတွင် ပါဝင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

“လူတွေက အနာမကျက်သေးဘူး၊ နဂိုက ဖြစ်ပြီးသားသူတွေက စိတ်ပိုင်းဆိုင်ရာ အရမ်းလည်း ထိခိုက်သွားပြီ။ ရေဘေးသတင်းပြန်ကြားရင်ကိုသူတို့ ခံစားချက်အဟောင်းကြီးက ပြန်ပြန်ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၃၀မှ အောက်တိုဘာ ၅ရက်နေ့ထိ တိုင်းဒေသကြီးများတွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်၍ ကြိုတင်ရှောင်ရှားရန် မိုးလေဝသနှင့် ပညာရှင်များက သတိပေးထားသည်။

ရေပြန်မကျသေးခြင်း၊ ရေဘေးရှောင်သူများ နေရပ်သို့ မပြန်နိုင်သေးခြင်း၊ ပြန်လည်ထူထောင်ရေးကိုပင် မလုပ်နိုင်သေးချိန်တွင် ဒုတိယအကျော့ ရေကြီးရေလျှံခြင်းနှင့် လေပြင်းတိုက်ခတ်မည့် အခြေနေသည် ရေဘေးရှောင်တို့အတွက် ထိတ်လန့်စရာဖြစ်နေကြောင်း ပထမအကြိမ်ရေဘေးတွင် အိမ်ပျက်စီးခဲ့သည့် နေပြည်တော် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ရေဘေးရှောင်တဲ့ ဘုန်းကြီးကျောင်းမှာ အမေနဲ့ ကလေးတွေကို ထားခဲ့ရတာ၊ ခုအိမ်မှာ ပြန်နေဖို့ နုန်းတွေ ဖယ်ပြီးသန့်ရှင်းရေးလုပ်နေတာ၊ ခုရေကြီးသတင်းထပ်ကြားတော့ နုန်းပဲရှင်းရမလား၊

ပြေးပဲပြေးရမလားပဲ၊ အခြေနေတော့ စောင့်ကြည့်နေနေရတာပေါ့” ဟု ၎င်းက ပြောသည်။

ပဲခူးတိုင်း တောင်ငူခရိုင်ရှိ ရေဘေး ဒုက္ခသည်များကို စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ်။ ထိုရေဘေး ဒုက္ခသည်များသည် လုံလောက်သည့် ထောက်ပံ့မှု မရခဲ့ကြပေ။ (ဓာတ်ပုံ − AFP)

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်လည်း ရေအနည်းငယ်သာ ပြန်ကျသေးပြီး ရေဘေးရှောင်သူများ ရှိနေသေးကြောင်း ဒေသခံတစ်ဦးဆိုသည်။

အိမ်များနစ်မြုပ်နေဆဲဖြစ်ပြီး မိုကြီးလာမှုကြောင့် အခြေနေပိုဆိုးလာမည်ကို စိုးရိမ်နေပြီး မိသားစုနှင့်လည်း အဆက်သွယ်မရရှိကြောင်း နေပြည်တော်တွင်နေထိုင်သူ အထက်ပါ ညောင်ရွှေဒေသခံက ဆိုသည်။

ကရင်နီပြည်နယ် လွိုင်ကော်တွင်လည်း ရေကြီးနေဆဲဖြစ်ပြီး ရှားတော၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းနှင့် ဖယ်ခုံစသည့် မြို့နယ်များတွင် ရေဘေးသင့်ပြည်သူ နှစ်သောင်းကျော်ရှိပြီး မြေပြိုမှုကြောင့် ၂၈ဦး သေဆုံးခဲ့ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က စက်တင်ဘာ ၁၉ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့နယ်ရှိ ဘီးလူးချောင်းရေမြင့်တက်ပြီး ရေအားလျှပ်စစ်စက်ရုံ(လောပိတ)ရေကြီးရေလျှံဖြစ်နေမှုကို ကကားပြည်နယ်ဝန်ကြီးချုပ် ဦးမျိုးဇော်တင့် သွားကြည့်ခဲ့သည်ဟုလည်း စက်တင်ဘာ ၁ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ကရင်နီပြည်နယ်နှင့် စစ်တောင်းမြစ်ဘေးရှိ ရွာများကို စစ်တပ်က အကူညီများကန့်သတ်ထား၍ ရေးဘေးသင့်ပြည်သူများ ခက်ခဲနေသည်ဟုလည်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဘေးရှိ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ပရဟိအဖွဲ့တွေကို မလာခိုင်းတော့ စားသောက်ဖို့ တော်တော်ဒုက္ခရောက်တယ်။ ခုရေဘေး လေဘေးလာဦးမယ်ဆိုတော့ မြို့ပေါ်ရှောင်ဖို့တော့ လုပ်နေပြီ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာ လဆန်းအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘောဝဘေးအန္တရာယ်အတွက် စားနပ်ရိက္ခာများ ကြိုတင်ပြင်ဆင်ထားရန် နေပြည်တော်တွင် ရေဘေးသင့်များကို ကူညီနေသူ တစ်ဦးက သတိပေးသည်။

“ကယ်ဆယ်ရေးတွေရောက်မှ လိုက်လာတာဆိုရင် သူတို့အတွက် ပိုပြီး ဒုက္ခရောက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့သည့် ရာဇီမုန်တိုင်းကြောင့် နိုင်တစ်ဝန်း ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ ၄၃၃ဦးနှင့် ပျောက်ဆုံးသူ ၇၉ဦးထိရှိပြီး အဆောက်အအုံပေါင်း ၅၆၀၄ ပျက်စီးသွားကြောင်း စက်တင်ဘာ ၂၇ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

မြေပြင်တွင် သေဆုံးမှု၊ ပျောက်ဆုံးမှု၊ နေအိမ်ဆုံးရှုံးမှုတို့သည် ယင်းပမာဏာထက် ပိုမိုများပြားလာကြောင်း ကူညီနေသူအချို့က ခန့်မှန်းထားသည်။

Show More

Related Articles

Back to top button