သတင်း

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးဟုဆို

ထားဝယ်၊ တနင်္သာရီ၊ ပုလောမြို့နယ်တို့တွင် စစ်ကြောင်းထိုး၊ အိမ်မီးရှို့နေသည့် စစ်ကောင်စီတပ်သည် ဒေသခံ တော်လှန်ရေး အင်အားစုနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု သိရသည်။

နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဒေသခံတို့၏ နေအိမ်များကို မီးရှို့နေကြောင်း  တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ဒေသတွင်းမှတော်လှန်ရေး အင်အားစုကလည်း ထားဝယ်၊ တနင်္သာရီ၊ ပုလောမြို့နယ်တို့တွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

စက်တင်ဘာ ၁၇ ရက်နေ့က မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်ကြား တုံးဗျောကျေးရွာအုပ်စု၊ တောင်ပုရွာ စာသင်ကျောင်းအနီး ကင်းချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) က ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲများပိုမိုပြင်းထန်လာသည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း  ပူးပေါင်းစစ်ကြောင်း (၂) က စက်တင်ဘာ ၂၅ တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ဗုံးတပ်ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသည့်တနင်္သာရီမြို့နယ်မှ အမျိုးသမီး။

စစ်ကောင်စီဘက်က ၎င်းတို့တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက် မြိတ်မြို့နယ် တုံးဗျောရွာဘက်မှ တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာဘက်သို့ အင်အား ၁၀၀ ဖြင့် ချီတက်လာခြင်းဖြစ်ကြောင်း   ပူးပေါင်းစစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ဆိုသည်။

စစ်ကောင်စီတပ်သည် မြိတ်အခြေစိုက် ခမရ (၅၅၆)၊ တနင်္သာရီအခြေစိုက် ခမရ (၅၅၇) ၊ ခမရ (၅၅၈) ၊ ခမရ (၅၆၁) နှင့် အမြောက်တပ်ရင်း ၃၀၆ မှ တပ်ဖွဲ့ဝင်များ ထုတ်နှုတ်၍ ပူးပေါင်းအင်အားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာ ၁၈ တွင် ဘန်းလမွတ်ရွာ အနောက်မြောက်ဘက်ရှိ ညောင်ကုန်းရွာသို့ ရောက်လာသော ထိုစစ်ကြောင်းကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇုန် (၅) အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦးသေဆုံးကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုများရှိနေသော်လည်း စစ်ကောင်စီစစ်ကြောင်းသည် ရှေ့ဆက်တိုးလာပြီး ဘန်းလမွတ်ရွာအရှေ့ဘက်က ပနပ်ငယ်ရွာအနီးသို့ရောက်လာသည်၊ ဘန်းလမွတ်ရွာသို့ ရောက်ရှိစဉ် စက်တင်ဘာ ၂၃ ရက်က ထိုရွာ အနောက်မြောက်ဘက်ရှိ ညောင်ကုန်းရွာသို့ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၆၀ ကျော် ဒေသခံအပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာရကြောင်း   ပူးပေါင်းစစ်ကြောင်း (၂)က ဆိုသည်။

 စက်တင်ဘာ ၂၄ ရက်တွင် တနင်္သာရီ ပကဖ ဇုန် (၅) အဖွဲ့က  ဘန်းလမွတ်ရွာအရှေ့ဘက်ရှိ ပနပ်ငယ်ရွာဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူများရှိကြောင်း  ပူးပေါင်းစစ်ကြောင်း (၂) က ပြောသည်။

တိုက်ပွဲအတွင်း ၂ ဘက်ထိခိုက်သေဆုံးမှု အရေအတွက်ကို Myanmar Now အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။

တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း ပျက်စီးသွားသည့် နေအိမ်တစ်လုံး၏အတွင်းဘက်။ Photo Creidt – မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂)

စက်တင်ဘာ ၂၅ အထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိနေကြောင်း   ပူးပေါင်းစစ်ကြောင်း (၂) ထံမှ သိရသည်။

စက်တင်ဘာ ၂၆  တွင် တနင်္သာရီမြို့နယ်ထဲ၌  တိုက်ပွဲထပ်မဖြစ်သော်လည်း စစ်ရေးတင်းမာနေကြောင်း   ပူးပေါင်းစစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ဆိုသည်။

၎င်းက စစ်ကောင်စီတပ်သည် မြိတ်နှင့် တနင်္သာရီမြို့ကို ဆက်သွယ်ထားသည့် လမ်းကို ပြန်လည်ထိန်းချုပ်လိုသဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

“မြိတ်မြို့နဲ့တနင်္သာရီအကြား လမ်းအပိုင်းကို စကစတွေက လွပ်လွပ်လပ်လပ် အသုံးပြုလို့မရဘူးဖြစ်နေတယ်။ မကြာခဏ တိုက်ပွဲဖြစ်လိုက် မိုင်းဆွဲခံနေရ ဒရုန်းတွေနဲ့ချခံနေရတော့ သူတို့တွေ တော်တော်အကြပ်ရိုက်နေကြတာ။ အဲဒါကြောင့် ဒီလမ်းအပိုင်းကို နယ်မြေပြန်လိုချင်နေတဲ့သဘောပါ” ဟု ရဲဘော်မျိုးကြီးက  ဆိုသည်။

  မြိတ်မြို့တောင်ဘက် တနင်္သာရီတွင်သာ စစ်ကြောင်းထိုးနေခြင်းမဟုတ်ဘဲ မြိတ်မြို့မြောက်ဘက်ရှိ ပုလောမြို့နယ်တွင်လည်း စစ်ကြောင်းထိုးနေသည်ဟု ဆိုသည်။

စစ်မှုထမ်းရန် စစ်သားအစုခံရသည့် လူငယ် ၂၇ ဦးသည် စက်တင်ဘာ ၈ ရက်က ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်သတ်ကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ ထံ ခိုလှုံခဲ့သည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် လူငယ် ၂၇ ဦး စီးသွားသောစက်လှေ ကမ်းကပ်ခဲ့သည်ဟု ယူဆရသည့် ရွာအချို့ကို ပစ်မှတ်ထားကာ စစ်ကြောင်းထိုးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပုလောထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၉ ရက်မှစတင်ကာ ပုလောမြို့အနောက်မြောက်ဘက် ပင်လယ်ကမ်းခြေအနီးရှိ လိပ်သောင် ၊ လယ်ဖက် ၊ ကျောက်သင်္ဘော ၊ ၅ မိုင် ၊ မီးလောင်အော်နှင့် ရှပ်ပုံရွာများကို ဝင်ရောက်စီးနင်းကာ နေအိမ်အချို့ကို မီးရှို့ထားကြောင်း    ပုလော PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စီးနင်းသည့်တပ်တွင်   ပလောက်မြို့အခြေစိုက် ခလရ ၂၈၀၊ ပုလောမြို့အခြေစိုက် ခလရ ၂၈၅၊ မြိတ်အခြေစိုက် ခလရ ၁၀၃ တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း PDF ပုလော ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ၅ မိုင်ရွာတွင် နေအိမ် ၉ လုံး ၊ မီးလောင်အော်ရွာတွင် နေအိမ် ၃၁ လုံး ၊ ရှပ်ပုံရွာတွင် နေအိမ် ၃ လုံး လောင်ကျွမ်းပျက်စီးသွားကြောင်း PDF ပုလော က ကြေညာချက်ထုတ်သည်။

ထိုနှစ်ရွာမှ ဒေသခံ ၅ ဦးကိုလည်း ပုလောမြို့ရှိ ခလရ ၂၈၅ သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း PDF ပုလော ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ခွာသွားပြီးနောက် ရှပ်ပုံရွာကို တော်လှန်ရေးတပ်များဘက်က ဝင်ရောက်စဉ် မီးလောင်ထားသည့် အလောင်း ၂ လောင်းတွေ့ကြောင်း PDF ပုလောဘက်က ပြောသည်။ 

အသက် ၇၀ အရွယ် ဒေါ်ဖွားပု၊  PDF ပုလောတပ်ဖွဲ့ဝင်တစ်ဦးတို့၏ ရုပ်အလောင်းများ ဖြစ်ကြောင်း PDF ပုလောက Myanmar Now ကို ပြောသည်။

PDF ပုလောနှင့် မဟာမိတ်တပ်များဘက်က ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၁၉ ရက်တွင် ရှပ်ပုံရွာမှ တစ်ဆင့် မီးလောင်အော် ၊ တံမျှား စသည့်ရွာများကို ဖြတ်သန်းပြီး ပုလောမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်း ဝင်ရောက်ဆုတ်ခွာသွားကြောင်း သိရသည်။

 တိုက်ပွဲများပို ဖြစ်လာနိုင်သဖြင့် ဒေသခံများ စစ်ရေးသတိရှိရန် တိုက်တွန်းကြောင်း PDF ပုလောက ဆိုသည်။

စစ်တပ်က  စက်တင်ဘာလ ၂၅ ရက်မှ စတင်ကာ ထားဝယ်မြို့ မြောက်ဘက် မောင်မယ်ရှောင်ရွာ အရှေ့ဘက်တွင် စစ်ကြောင်းထိုးနေပြီး နေအိမ်တချို့ကို မီးရှို့ကြောင်း တနင်္သာရီတိုင်း သတင်းများကို အထူးပြုဖော်ပြနေသည့် Dawei Watch သတင်းဌာနက ရေးသားသည်။

ဖြစ်စဉ်အသေးစိတ်ကို လတ်တလောမသိရသေးပေ။

ထိုဖြစ်စဉ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသော်လည်း အရပ်သားများကို အနိုင်ကျင့်၊ သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှု ဖြစ်စဉ်များမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက မကြာခဏ ငြင်းချက်ထုတ်တတ်သည်။

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲအခြေအနေနှင့် နေအိမ်မီးရှို့ခံရမှုများကို မှတ်တမ်းတင်နေသည့် FE5 Tanintharyi ၏ ပဋိပက္ခကြားမှာ ရက်ပေါင်း ၁၃၀၀ ဆိုသော စာတမ်းအရ တနင်္သာရီတိုင်းတွင် ဩဂုတ်လအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမှု ပိုလုပ်လာသဖြင့် တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ ပိုများလာကြောင်း ရေးသားထားသည်။

ဩဂုတ်လ ၁ လအတွင်း တိုက်ပွဲပေါင်း ၅၁ ကြိမ်ဖြစ်ထားပြီး တနင်္သာရီတိုင်း တစ်တိုင်းလုံးတွင် စစ်ဘေးရှောင် ၆၀၃၁၈ ဦး ရှိနေကြောင်း FE5 Tanintharyi ၏ စာတမ်းအရသိရသည်။

Show More

Related Articles

Back to top button