သတင်း

မန္တလေးမြို့ခံ ၇ ဦးထက်မနည်း စစ်ကောင်စီကို ဝေဖန်မှုဖြင့် ဖမ်းဆီးခံရ

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ကိုဝေဖန်သည့် မန္တလေးမြို့ခံ ၇ ဦးထက်မနည်းကို စက်တင်ဘာလအတွင်းက ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ကိုဝေဖန်သည့် မန္တလေးမြို့ခံ ၇ ဦးထက်မနည်းကို စက်တင်ဘာလအတွင်းက လိုက်လံဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလက်နက်ကိုင်များသည် စက်တင်ဘာ၂၃ ညနေပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၅လမ်း၊ ၆၈လမ်းထောင့်ရှိ မြတော်ဝင် ဖက်ထုပ်ပေါင်း စားသောက်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အသက်၃၅ဝန်းကျင်အရွယ် မအေးအေးစိုးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ဖမ်းဆီးခံရသည့် အမျိုးသမီး သူ၏ဆိုင်ရှိ စားပွဲခုံများကြားတွင် ဒူးထောက်နေရပုံ၊  လက်ထိပ်တစ်ဖက်ခတ်လျက်ဖြင့် ခေါင်းပေါ်လက်တင်ထားပုံ ဓာတ်ပုံမှတ်တမ်း တင်ထားကြသည်ကို တွေ့ရသည်။

အဆိုပါအမျိုးသမီးသည် စက်တင်ဘာ ၂၁ ရက်နေ့က မန္တလေးမြို့အနီး ဧရာဝတီမြစ်ကမ်းဘေး သုံးဆယ်ပေးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး   Facebook တွင် မှတ်ချက်ရေးခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ်နေထိုင်သည့် မြို့ခံအမျိုးသား တစ်ဦးက ပြောပြသည်။

“ပြည်သူတွေပဲရှိတဲ့နေရာကို စစ်တပ်က ကြောက်ပြီး လျှောက်ပစ်နေတာ။ ထိပ်တိုက်ကျ ထွက်မတိုက်ရဲဘူး။ အာဏာရှင်တွေ အမြန်နိဂုံးချုပ်ပါစေဆိုပြီး အဲဒီလို ရေးတာနဲ့ပတ်သက်ပြီး ဖမ်းခံရတာလို့ ပြောတယ်”ဟု ထိုသူက ဆိုသည်။

အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးသည် ဇွန်လအတွင်းက လူမှုကွန်ရက်တွင် ရေးသားထားသည့်

စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ပို့စ်တစ်ခုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်၊ 

အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကမူ   လက်နက်ကိုင်ခုခံနေသည့် သူငယ်ချင်းထံ

သတိရကြောင်း ပေးပို့ထားသော စာများ လက်ကိုင်ဖုန်းအတွင်း ရှိနေသောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၀  ညနေပိုင်းတွင်လည်း အောင်မြေသာစံမြို့နယ်၊ ၂၆လမ်း၊ ကျုံးဘေးတွင် လမ်းသွားလမ်းလာအများအပြားကို တားဆီးပြီးနောက်  လက်ကိုင်ဖုန်းများကို  စစ်ဆေးခဲ့ကြောင်း ဒေသခံများကဆိုသည်။

စစ်ဆေးခံရသူများထဲမှ အသက် ၃၀ နှင့်  အသက် ၅၀ အရွယ် အမျိုးသား ၂ဦးကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးစစ်ဆေးမှုများအနက် အများအပြားမှာ ငွေညှစ်လိုမှုနှင့် ဆက်စပ်နေသည်၊ စစ်သား၊ ရဲ၊ ထွေအုပ် ခေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတို့ ပါဝင်သည့်  ပူးပေါင်းအဖွဲ့က အစစ်အဆေး ပိုမို ကြမ်းတမ်းသည်ဟု သိရသည်။

စစ်ဆေးသူတို့က လက်ကိုင်ဖုန်းကို တောင်းယူပြီး စစ်ဆေးကြသည်ဟု မန္တလေးမှ အသက်၂၀အရွယ် မြို့ခံအမျိုးသမီးတစ်ဦးက Myanmar Nowကို ပြောသည်။

“အလုပ်ပြန်ချိန် ဆီးဖမ်းတာ၊ အဲဒီနေ့က အများကြီးဖမ်းခံရတယ်။ ဖုန်းတွေစစ်ပြီး ဘာမှမတွေ့ရရင် ပြန်လွှတ်ပေးတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီသည် အသက် ၃၀ အရွယ်အမျိုးသားကို ဖမ်းဆီးချိန်က လမ်းမလယ်တွင် အင်္ကျီချွတ်ခိုင်းခဲ့ပြီး နာရီပေါင်းများစွာ ဒူးထောက်ခိုင်းခဲ့ကြောင်း  ယင်းအမျိုးသမီးက ပြောသည်။

စက်တင်ဘာ ၁၈ တွင်လည်း စစ်တပ်ဆန့်ကျင်ကြောင်း အွန်လိုင်းရေးသားသူ အသက်၂၅အရွယ် အမျိုးသားတစ်ဦး၊ စက်တင်ဘာ ၈ ရက်နေ့တွင် အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ရင်ဘတ်ပေါ်တွင် ဆေးမင်ကြောင်ထိုးထားသူ အသက်၃၀အရွယ် အမျိုးသမီးတစ်ဦး၊ စက်တင်ဘာ ၄ ရက်နေ့တွင် PDFတပ်ဖွဲ့ဝင်ဟု စွပ်စွဲခံရသူ အသက်၂၀ အရွယ် အမျိုးသားတစ်ဦး၊  အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားသူ အမျိုးသားတစ်ဦး၊ လျှပ်စစ်မီး ပုံမှန်မရကြောင်း အွန်လိုင်းတွင်ရေးသားသည့် လူငယ်တစ်ချို့ကို ဖမ်းဆီးခဲ့ကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့များ စုစည်းထားသည့် အချက်အလက်များအရ သိရှိရသည်။

တိုက်ပွဲများနီးကပ်နေသည့် မန္တလေးတွင် နယ်ပယ်အသီးသီးမှ စစ်အာဏာရှင်ဆန့်ကျင်သူအများအပြား နည်းလမ်းပေါင်းစုံဖြင့် ဖမ်းဆီးထောင်ချခံနေရဆဲဖြစ်သည်ဟု မန္တလေးမြေပြင်အခြေအနေများကို စုံစမ်းဖော်ပြနေသည့် Voice of Mandalay (Vomdy) မှ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် စစ်တပ်ဆန့်ကျင်သူများဟု ဆိုကာ ရဟန်း၊ ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာ ဆရာမများ၊ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ကြရပြီး ၎င်းတို့၏နေအိမ်နှင့် ပိုင်ဆိုင်သည့်လုပ်ငန်းများ ချိတ်ပိတ် အရေးယူခံခဲ့ရသည်။

Show More

Related Articles

Back to top button