နိုင်ငံအနှံ့ စစ်မက်ဖြစ်ပွားနေပြီး ရေကြီးရေလျှံမှုများကြောင့် အိုးအိမ်များပျက်စီး၊ လူဦးရေ သိန်းနှင့်ချီရေဘေးသင့်နေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ရည်ရွယ်သည့် သန်းခေါင်စာရင်းကောက်ယူရေးစီမံချက်ကို ဦးစားပေး ဆောင်ရွက်နေသည်။
စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် တစ်မျိုးသားလုံး ပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ဟု လှုံ့ဆော်နေပြီး သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိသည့် ရက်အရေအတွက်ကိုလည်း နေ့စဉ်ဖော်ပြနေသည်။
အောက်တိုဘာ ၁ရက်နေ့တွင် သန်းခေါင်စာရင်းကောက်မည် ဖြစ်သောကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးသို့ ရောက်နေသူများကို နေရပ်အမြန်ပြန်ပို့ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ညွှန်ကြားထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့နေအိမ်ပေါင်း ၈၀,၀၀၀ ကျော်မီးရှို့ခံရခြင်း၊ ယခုတစ်ဖန် ရေကြီးရေလျှံမှုများကြောင့် နေအိမ်များထပ်မံဆုံးရှုံးရခြင်း၊ လူပေါင်း ရာနှင့်ချီသေဆုံးသည့် ရေဘေးဖြစ်ပေါ်နေခြင်းတို့ကြောင့် ယခုအချိန်တွင် သန်းခေါင်စာရင်းကောက်ယူရန် မသင့်ဟု နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း တပ်ကုန်းမြို့နယ်တွင် ရေဘေးကူညီနေသူတစ်ဦးကဆိုသည်။
“ပြည်သူတွေ ဒီလောက်ဒုက္ခပေါင်းစုံတွေ့နေတာတောင် သန်းခေါင်စာရင်းက ကောက်မယ်ဆိုတာကြီးက လုံးဝမဖြစ်သင့်ဘူး” ဟု ၎င်းက ပြောသည်။
စစ်ဘေးနှင့်ရေဘေးတို့ကြောင့် ပြည်သူများဒုက္ခများနေချိန်တွင် ကောက်ယူသည့် သန်းခေါင်စာရင်း အချက်အလက်များသည်လည်း မှန်ကန်မှုမရှိနိုင်ဟု အထက်ပါ ရေဘေးကူညီနေသူက ဆိုသည်။
“မိသားစုတွေသေကွဲကွဲကြတယ်၊ အိမ်မရှိ ဘဝတွေပျက်တဲ့အချိန် သန်းခေါင်စာရင်းကောက်ယူပြီး ပိုင်ဆိုင်မှုအချက်လက်တွေ ပြောရမှာ၊ အဲဒီမိသားစုတွေအပေါ် အရမ်းရက်စက်ရာကျတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတဝန်း ရေကြီးမြေမြိုမှုများကြောင့် ပြည်သူ ၈၀၀,၀၀၀ ကျော် ရေဘေးသင့်နေပြီး သေဆုံးသူ ၃၀၀ကျော်နှင့် ဒဏ်ရာရရှိသူ ၁၀၀နီးပါးရှိသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိုနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
နေပြည်တော်၊ ပဲခူး၊ ကယား၊ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း စသည့် ဒေသများရှိ မြို့နယ်ပေါင်း ၆၅မြို့နယ် ထိခိုက်ခဲ့ကြောင်း UNOCHA က ဆိုသည်။ နေအိမ်များ၊ အိမ်သုံးပစ္စည်းများ၊ ရေအရင်းအမြစ်များနှင့်၊ လျှပ်စစ်ဓာတ်အားလှိုင်းများ၊ လမ်းများ၊ တံတားများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ ကျောင်းများ၊ ကောက်ပဲသီးနှံများနှင့် လယ်မြေများ ပျက်စီးသည်ဟုလည်း ဖော်ပြထားသည်။
ထိုအခြေအနေများကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးအချို့၌ နေအိမ်များပျက်စီးပြီး နေရပ်မပြန်နိုင်သေးသည့် ရေဘေးဒုက္ခသည်များစွာရှိနေပြီး ဘုန်းကြီးကျောင်းများနှင့် ရေဘေးရှောင်စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။
ပျဉ်းမနားမြို့နယ်တွင် ရေဘေးကြောင့် အိမ်နစ်မြုပ်ပြီး မိသားစုဝင် သုံးဦး ဆုံးရှုံးခဲ့သည့် အမျိုးသမီးတစ်ဦးကိုလည်း Myanmar Now က အဆက်အသွယ် ရခဲ့သည်။
“ကျွန်မတို့က ဘဝတွေပျက်စီးသွားတာ၊ ခုပြန်စရာ အိမ်လည်းရှိတော့ဘူး၊ ပိုင်ဆိုင်မှုလည်းမရှိတော့ဘူး၊ ခုဘာဖြစ်နေလဲဆိုတော့ အိမ်ကိုမပြန်ရဲဘူး၊ ပြန်ရင် ကိုယ့်အိမ်ကို ဘယ်လိုပုံစံနဲ့ မြင်ရမလဲဆိုတာကို ရင်မဆိုင်ရဲသေးဘူး” ဟု သူက ပြောသည်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်ပင် ရေဘေးကြောင့် လူသေဆုံးပြီး အိုးအိမ်ပျက်စီးမှုများကြောင့် စီမံချက် ဆောင်ရွက်ရန် မလွယ်ကူတော့ကြောင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်မည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
နေပြည်တော်ရေဘေးတွင် သန်းခေါင်စာရင်းကောက်ယူမည့် ဆရာ၊ ဆရာများ၏ အိုးအိမ်များ၊ မိသားစုဝင်များကိုယ်တိုင် နေအိမ်ပျက်စီးဆုံးရှုံးမှု၊ သေဆုံးဒဏ်ရာရမှုများနှင့် ရင်ဆိုင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။
၂၀၀၈ ခုနှစ်အတွင်း နာဂစ်မုန်တိုင်းတိုက်ခတ်ချိန် လူသိန်းနှင့် အသေအပျောက်ရှိသည်အထိ ပျက်စီးထိခိုက်မှု ကြီးမားခဲ့သော်လည်း ကူညီကယ်ဆယ်ရေးကို ဦးစားမပေးဘဲ စစ်တပ်စိတ်ကြိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအတည်ပြုရန်သာ ကြိုးပမ်းခဲ့သည့် အာဏာရှင်ဟောင်း၏ ပြည်သူ့ဒုက္ခကိုမကြည့်သည့် လုပ်ရပ်ကို ဥပမာပေး၍ အထက်ပါ ပညာရေးဝန်ထမ်းက ဆိုသည်။
“သူတို့က လုပ်စရာရှိတာ လုပ်မှာပဲ၊ ဘာမှဂရုစိုက်နေမှာမဟုတ်ဘူး၊ ဘယ်သူ့မျက်နှာမှလည်း ကြည့်နေမှာမဟုတ်ဘူး၊၂၀၀၈ နာဂစ်ဖြစ်တာတောင် ဂရုမစိုက်ဘဲ လုပ်ချင်တာလုပ်ခဲ့တာပဲ၊ ခုရေဘေးဆိုတာ ခေါင်းထဲကို ထည့်မှာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊စစ်ကိုင်း၊ မကွေးဒေသခံအချို့နှင့် ရှမ်း(မြောက်) နေရာအနှံ့ လူဦးရေသန်းခေါင်စာရင်း ကောက်မည်ဆိုပါက တောင်တောင်အနှံ့ သွားရမည်ဖြစ်ပြီး စစ်ရှောင်စခန်းများနှင့် တော်လှန်ရေးအင်အားစု စိုးမိုးထားသည့် နယ်မြေများတွင် ကောက်ယူရန်မှာ မဖြစ်နိုင်သည့် အခြေနေတွင် ရှိနေသည်။
စစ်ကောင်စီကသန်းခေါင်စာရင်း ကောက်ယူရခြင်းသည် ၂၀၂၅ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်ဆက်စပ်နေသည်။ သန်းခေါင်စာရင်းကို အခြေခံပြီး ရွေးကောက်ပွဲမဲစာရင်းပြုစုမည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။
သို့သော် မဲစာရင်းမှားယွင်းမှု အကြောင်းပြပြီး အာဏာ သိမ်းယူထားသည့် စစ်ခေါင်းဆောင်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းမှာ ဟန်ပြသက်သက်သာ ဖြစ်လိမ့်မည်ဟု နေပြည်တော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“နာဂစ်နဲ့ ၂၀၀၈ (ဖွဲ့စည်းပုံ အခြေခံဥပဒေ) တောင်မှ ၉၀ရာခိုင်နှုန်းကျော်နဲ့ အတည်ပြု အောင်မြင်သွားသေးတာ။ သန်းခေါင်စာရင်းလောက်ကတော့ ပြောမနေနဲ့၊ မှန်၊ မမှန်တွေက သူတို့လက်ထဲမှာပဲရှိတယ်” ဟု ထိုသူက ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် ရေကြီးမြေပြိုခဲ့မှုကြောင့် လူနေအိမ် ၁,၉၁၅ လုံး ပျက်စီးခဲ့ပြီး၊ ၂၀၁လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကာ ရေဝင်နစ်မြုပ်သည့် အိမ် ၁၅၀,၀၀၀ အထိ ရှိသည်ဟုလည်း စစ်ကောင်စီက စက်တင်ဘာ ၁၈ရက်က ထုတ်ပြန်ထားသည်။ မြေပြင်တွင် ယင်းပမာဏာထက် ပိုမိုများပြားလာနိုင်ကြောင်း ကူညီကယ်ဆယ်သူအချို့က ဆိုသည်။
၂၀၁၄ ခုနှစ်က ကုလသမဂ္ဂ၏ အကူအညီဖြင့် သန်းခေါင်စာရင်း ကောက်ယူခဲ့ဖူးသည်။ ယခု စစ်ကောင်စီ ကွက်ကျား ကောက်ယူမည့် အစီအစဉ်အတွက် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့က ကူညီမည်ကို မသိရသေးပေ။
ယင်းမတိုင်မီက ကောက်ယူခဲ့သည်မှာ ၁၉၇၃၊ ၁၉၈၃ ခုနှစ်များတွင် ဖြစ်သည်။