သတင်း

ဖားကန့် ဆိုင်းတောင်ရွာ တိုက်ပွဲတွင် စစ်တပ် အိမ်မီးရှို့ပြီး ဆုတ်ခွာ 

ကျောက်စိမ်းဒေသ စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ရက်အတန်ကြာ သိမ်းပိုက်ထားသည့် ဟိုတယ်တစ်ခုမှ ဆုတ်ခွာသွားပြီး ရွာထဲရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ဆိုင်းတောင်ရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေး (KPDF) ပူးပေါင်းတပ်များနှင့်  သီတင်းတစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားနေစဉ်  စစ်ကောင်စီတပ်က  နေအိမ်များကို   မီးရှို့ပြီး ဆုတ်ခွာနေသည်ဟု သိရသည်။

စက်တင်ဘာ ၇ ရက်က ဆိုင်းတောင်ရွာ ရပ်ကွက်(၄)ရှိ Lucky Men ဟိုတယ်ကို အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ရာ ထိုစစ်ကြောင်းကို KIA, KPDF တပ်များက ပိတ်ဆို့တိုက်ခိုက်ရာမှ တိုက်ပွဲများပြင်းထန်ခဲ့သည်။

ယမန်နေ့(စက်တင်ဘာ ၁၂ ရက်) တွင် ဆိုင်းတောင်ရွာရှိ ရဲစခန်းကုန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် Lucky Men ဟိုတယ်ရှိ စစ်ကောင်စီတပ်များလည်း တပ်ဆုတ်သွားခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ဆိုင်းတောင်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ဆိုင်းတောင်ရွာ ရပ်ကွက်(၄)ရှိ နေအိမ်အချို့ မီးလောင်ခဲ့သည်။

ယနေ့ (စက်တင်ဘာ ၁၃) နံနက်တွင်လည်း Lucky Men ဟိုတယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီသားများက ရပ်ကွက် ၄ ရှိနေအိမ်များကို ဆက်လက်မီးရှို့နေရာ KIA ပူးပေါင်းတပ်များက သွားရောက်တားဆီး တိုက်ခိုက်နေသည်ဟု KIA နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုတွေဖြစ်နေသေးတယ်၊ တပ်မကုန်းကလည်း လက်နက်ကြီးတွေဆက်ထုနေတယ်။ လောလောဆယ် လက်ကျန် xx တွေက အဲဒီရပ်ကွက် ၄ ထဲကို မီးတွေထပ်ရှို့နေတယ်၊ နေအိမ်တွေဆက်လက်မီးလောင်နေတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးမှုကြောင့် ရပ်ကွက်(၄)ရှိ အိမ်ခြေအများအပြား မီးလောင်နေပြီဟု သိရပြီး အိမ်ခြေ ၁၀၀ ခန့်  ဆုံးရှုံး ပျက်စီးသွားနိုင်သည်ဟု ဒေသခံအချို့က ခန့်မှန်းထားကြသည်။ သို့သော် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသောကြောင့် မီးလောင်သည့် အိမ်အရေအတွက်ကို  တိတိကျကျ မသိရသေးပေ။

ယမန်နေ့က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ရာ ဆိုင်းတောင်နှင့် ဖားကန့်မြို့ကြားရှိ ယူမာရပ်ကွက်တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

“တိုက်ပွဲကတော့ မနေ့ညနေထိကို ဆက်ပြီးချကြတာ၊ ယူမာဘက်မှာ  ဆက်ပြီးရှင်းလင်းရေး လုပ်နေတယ်။ မနေ့ကတော့ ရဲစခန်းသိမ်းတဲ့နေရာမှာ သူတို့သေတာများတယ်။ ဘယ်လောက်သေလဲတော့ မသိသေးဘူး” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

စက်တင်ဘာ ၁၂ ရက်အထိ တိုက်ပွဲအတွင်း  အရပ်သားနှင့် စစ်ကောင်စီအလောင်း ၂၀ ကျော်  တွေ့ရှိထားသည်ဟု သိရသည်။ သို့သော် တိုက်ပွဲဆက်လက်ဖြစ်နေခြင်းကြောင့် သေဆုံးအရပ်သားနှင့် စစ်ကောင်စီတပ်သား အလောင်းအရေအတွက်စာရင်းကောက်ယူနိုင်ရန် ခက်ခဲနေသည်ဟု ဒေသခံအချို့က ပြောသည်။

“ကျောက်သွေးတောင်မှာ အလောင်း ၆ လောင်း၊ နှစ်ရက်ရှိပြီ မကောက်ရသေးဘူး။ တာမခန်ဘက်ကလည်း အလောင်း ၈ လောင်းမျောလာတယ်။ အရပ်ဝတ်နဲ့က ၈ ယောက် တဲ့၊ တချို့က လက်ပြန်ကြိုးတုတ်ထားတယ်။ ပြီးရင်နှစ်ယောက်က စစ်ယူနီဖောင်းနဲ့။ ပြီးရင် ကျောက်သွေးတောင်မှာက အရပ်သားအလောင်းတစ်လောင်းရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေ သိရှိ ဖော်ပြနိုင်ရေးအတွက်  KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဩဂုတ် ၁၅ ရက်နေ့က ဖားကန့်မြို့ အနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ လမောင်ကုန်းနှင့် အနောက်မြောက်ဘက်ရှိ တောမှော်စခန်းကုန်းတို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ယမန်နေ့တွင် ဆိုင်းတောင်ရဲစခန်းကုန်းကို ထပ်မံသိမ်းပိုက်ထားသည်။

ဖားကန့်မြို့တွင် ကံစီးဗျူဟာကုန်း၊ လုံးခင်းကျေးရွာအနီးရှိ ယမ်းချက်စခန်းနှင့် မြို့ပေါ်ရှိ ဗျူဟာကုန်းစသည့် စစ်ကောင်စီစခန်းအချို့ ကျန်ရှိနေသေးသည်။

မိုးမောက်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်မှစတင်ကာ KIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လာပြီး ဩဂုတ် ၁၄ ရက်တွင်မှစတင်ကာ ဖားကန့်မြို့တွင်လည်း တိုက်ပွဲများ ပြင်းထန်လာနေသည်။

ထို့ပြင် ပန်ဝါဒေသတွင်လည်း KIA, KPDF ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ပြည်သူ့စစ်စခန်းကို ယခုလဆန်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပန်ဝါပြည်သူ့စစ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီက တိုက်ပွဲသတင်း ထုတ်ပြန်ခြင်း မရှိပေ။

ယခုနှစ် မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် တပ်စခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့၊ မိုးမောက်နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ မဘိမ်းမြို့တို့ကိုKIA က သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button