သတင်း

အယောင်ဆောင် ဆက်ကြေးတောင်းခံမှုများကို တိုင်ကြားရန် NUG တိုက်တွန်း 

တော်လှန်ရေးတပ်ဖွဲ့များအသွင်ယူပြီး ဆက်ကြေးတောင်းခံသည့်စာများ ဖြန့်ဝေမှုများရှိနေသဖြင့် လက်ခံရရှိပါက တိုင်ကြားရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၎င်း၏  တပ်ရင်းတပ်ဖွဲ့ အမည်ကို သုံးပြီး ဆက်ကြေး လိမ်ညာတောင်းခံသူများ ရှိနေသဖြင့် ထိုသို့ တောင်းခံရပါက တိုင်ကြားကြရန် ယနေ့ (စက်တင်ဘာ ၁၃) တွင် ကြေညာချက်ထုတ်ပြန်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အမည်များ၊ အမှတ် တံဆိပ်များကို အသုံးပြုပြီး တော်လှန်ရေးကို ပုံဖျက်လိုသူများက ဆက်ကြေးတောင်းသည့် စာ၊ အသံဖိုင် နှင့် ဗီဒီယိုဖိုင်များ ပေးပို့ခြင်း၊ အွန်လိုင်းတွင် ဖြန့်ဝေခြင်းများ ပြုလုပ်လျက်ရှိသည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုလုပ်ဆောင်ချက်များမှာ တပ်ရင်း၊ စစ်ကြောင်းများနှင့် ပကဖများ၏ လုပ်ဆောင်ချက်မဟုတ်ဘဲ  မသမာသူများက တော်လှန်ရေးကို ထိခိုက်စေရန် လုပ်ကြံဖြန့်ဝေနေခြင်းသာဖြစ်သည်ဟုဆိုသည်။

ထိုလုပ်ဆောင်ချက်များကို လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ (သို့မဟုတ်) အဖွဲ့ဝင်တစ်ဦးဦးက လုပ်ဆောင်ကြောင်း စိစစ်တွေ့ရှိလျှင် စစ်စည်းကမ်း ဥပဒေနှင့် အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

လုပ်ငန်းရှင်များ  ခြိမ်းခြောက်စာ ရရှိပါက  ကာကွယ်ရေးဝန်ကြီးဌာန အီးမေးလ် လိပ်စာဖြစ်သည့် office@modnugmm.org နှင့် တိုင်ကြားမှုများဆိုင်ရာကော်မတီ cc@mod.nugmyanmar.org ကို ဆက်သွယ် အသိပေးပြီး စိစစ်နိုင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

မန္တလေးတိုင်းတွင် စစ်ဆင်ရေးအကြောင်းပြချက်ဖြင့် လုပ်ငန်းရှင်များ၊ စက်သုံးဆီဆိုင်များထံ လိမ်လည်ပြီး ဆက်ကြေးကောက်ခံနေသည်၊ မကွေးတိုင်းတွင်လည်း  လုပ်ငန်းရှင်များ ဆက်ကြေးမပေးပါက    အပြစ်ပေး အရေးယူမည်ဟူသော  စာများ ပေးပို့နေသည်ကို တွေ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၅ ရက်နေ့က လက်နက်တပ်ဆင်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ – NUG/MOD)

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇွန်လကုန်ပိုင်း တွင် တကျော့ပြန် စတင်ခဲ့ပြီးနောက်တိုက်ပွဲများမှာ မန္တလေးတိုင်းထိ ကျယ်ပြန့်လာသည်၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့်တကောင်းမြို့တို့ကို တော်လှန် ရေးအင်အားစုက သိမ်းပိုက်ထားသည်။ 

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းသည်လည်း လက်နက်ကိုင်ခုခံမှုအားကောင်း ရာဒေသဖြစ်ပြီး မကွေးတိုင်း မြောက်ဘက်ခြမ်းမှာ တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးမှုအားကောင်းသည်။ 

ပြီးခဲ့သည့်နှစ် မေလကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စီးပွားရေးလုပ်ကိုင်နေသူများထံ PDF အယောင်ဆောင်ကာ ငွေကြးတောင်းခံစာ ပေးပို့မှုများရှိခဲ့သည်။ 

မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းဖြစ်သည့် Myingyan Black Tiger အဖွဲ့၏ အမည်ကို အလွဲသုံးစားပြုလုပ်ပြီး   လုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေး တောင်းခံသည်ကို သုံးကြိမ်ခန့် ကြုံခဲ့ရကြောင်း အဆိုပါ အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲကပြော သည်။

“ကျွန်တော်တို့ အဖွဲ့ Certificate (ဂုဏ်ပြုမှတ်တမ်းလွှာ)ကို ကွန်ပျူတာဖောင့်နဲ့ edit  ပြန်လုပ်ပြီး (ပြန်ပြင်ပြီး) တကယ်ကို ဆင်တူရိုးမှားဖြစ်အောင်လုပ်တဲ့အနေအထားတွေရှိတယ်” ဟု ဗိုလ်မိုက်ခဲက ဆိုသည်။  

“ကျွန်တော်တို့ရဲဘော်တွေက တိုက်ခိုက်ရေး  သီးသန့်သွားတယ်။ အုပ်ချုပ်ရေး၊ အခွန်ဘဏ္ဍာ၊ တရားရေးမှာ လုံးဝ ဝင်မစွက်ဖက်ဘူး”

၎င်းတို့အဖွဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး ခြိမ်းခြောက်ငွေတောင်းခံစာများ ပေးပို့မှုများမှာ ပြီးခဲ့သည့်နှစ်က မုံရွာတွင် ဖြစ်ပွားခဲ့သည်၊ ယခုနှစ်တွင် မြင်းခြံ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ အလယ်လတ်အခြေအနေရှိ စီးပွားရေးလုပ်ငန်းရှင်များ ပစ်မှတ်ထား ပေးပို့ခံရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ 

“အဓိကကတော့ စစ်အုပ်စုရဲ့လက်ပါးစေ၊ ဒါမှမဟုတ် အခြားတော်လှန်ရေးကို အဖျက်အမှောင့် လုပ်ချင်တဲ့သူတွေက ပို့တာလို့ထင်တယ်။ ဘယ်သူတွေဆီကို ပို့တာလဲဆိုတာကတော့လုပ်ငန်းရှင်ပိုင်းတွေ၊ အကြီးပိုင်းတွေလည်း မဟုတ်ဘူး။ အငယ်တွေလည်း မဟုတ်ဘူး။ အလတ်ပိုင်းတွေကို ပို့တာများတယ်” ဟု ဗိုလ်မိုက်ခဲက ဆိုသည်။ 

တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် လမ်းကြောင်းများတွင် ဂိတ်ဖွင့်လှစ်ပြီး ငွေကြေး ကောက်ခံမှု အများအပြားရှိနေကြောင်း၊  ထိုလုပ်ရပ်များကိုလည်း အရေးယူ ကိုင်တွယ်ရန် လိုအပ်ကြောင်း၊ သစ်လုပ်ငန်း၊ ဆီလုပ်ငန်း လုပ်ကိုင်သူတို့ ပိုမို ကောက်ခံနေရကြောင်း တော်လှန်ရေးအင်အားစုနှင့် ဒေသခံများက ပြောသည်။ 

“အဓိကအားဖြင့် သစ်အများဆုံးကောက်တယ်။ ဒုတိယအများဆုံးက ဆီ။ (NUGကို ဆောင်ထားတဲ့) အခွန် စာရွက် ပြလည်း သူတို့ကကောက်တာပဲ၊ မရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကိုင်းတိုင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“အဓိကအားဖြင့်တော့ ချင်းတွင်းမြစ်ကြောင်း ပေါ့။ အပေါ်ပိုင်းကနေ အခွန်ဆောင်လာရင် လည်း လမ်းကနေလည်း ကြားဖြတ်ကောက်တာတွေ ရှိတယ်”

ဗိုလ်မိုက်ခဲကလည်း  လမ်းကို ဝါးလုံးတန်းဖြင့် ကန့်လန့်ဖြတ် ပိတ်ထားသည့် စစ်ဆေးရေးဂိတ် အလွန်များပြားနေကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူတို့ မြေပြင်ကို ကွင်းဆင်းလေ့လာကာ သင့်တော် လိုအပ်သည့် မူဝါဒ ချသင့်ကြောင်း ထောက်ပြသည်။ 

“ကားသမားတွေက ဂိတ်ဖြတ်ရမှာကို ပြန်ကြောက်နေတဲ့အနေထားရှိတယ်။ ဂိတ်တိုင်းတော့ မဆိုလိုပါဘူး။ ဒါတွေကို သေချာလေး စနစ်တကျနဲ့အရေးယူပေးမယ်ဆိုရင် ကောင်းတာပေါ့။ အခုက ဝါးတားဂိတ်တွေက များနေတယ်” ဟု ဗိုလ်မိုက်ခဲက မှတ်ချက်ပြုသည်။ 

စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကျော်မြင့်လာချိန်တွင် လက်နက်ကိုင်ခုခံမှုအားကောင်းရာ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့်နယ်မြေ ပိုမိုကျယ်ပြန့်လာပြီး ကုန်စည်စီးဆင်း ရေးလမ်းပိုင်းအချို့ကို နယ်မြေစိုးမိုးထားသည်။

Show More

Related Articles

Back to top button