သတင်း

အုပ်ချုပ်ရေးကို တိုင်းများတွင်သာ အဓိကထားဆောင်ရွက်မည်ဟု NUG ပြော

ပြည်နယ်များကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစု တိုက်ခိုက် သိမ်းပိုက် အုပ်ချုပ်နေစဉ် NUG က တိုင်းဒေသကြီးများတွင် အုပ်ချုပ်မည်ဖြစ်သည်။

တိုင်းရင်းသားဒေသအချို့တွင် တော်လှန်ရေးအင်အားစုက မြို့အချို့ကိုသိမ်းယူပြီး ထိန်းချုပ်ထားစဉ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ အုပ်ချုပ်ရေး လုပ်ငန်းကို တိုင်းဒေသကြီးများတွင်သာ ပိုမို တွေ့ရမည်ဟု  NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၁)တွင် ပြုလုပ်သည့် NUG ၏ ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းချက်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

“NUG အုပ်ချုပ်ရေးကို တိုင်းဒေသကြီးတွေမှာပဲ အဓိကထားဆောင်ရွက်မယ်လို့ မူဝါဒချပြီး ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ၎င်းကဆိုသည်။ 

မန္တလေးတိုင်းအတွင်းပါဝင်သည့်၊ အရည်အသွေးကောင်း ကျောက်မျက်များထွက်ရှိသည့် မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊  NUG လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ်များက  ဇူလိုင်လနှောင်းပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားသည်။

TNLA က လာမည့်နှစ်တွင် အရပ်သားများနှင့် ပူးပေါင်းအုပ်ချုပ်ရေးအတွက် ပြင်ဆင်နေသည်ဟု ဆိုထားသည်။ သို့သော် မိုးကုတ်မြို့ကို မည်သည့်ပုံစံဖြင့်အုပ်ချုပ်မည်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ 

ဦးလွင်ကိုလတ်ကမူ မိုးကုတ်မြို့အုပ်ချုပ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊   တော်လှန်းရေးအင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

“မိုးကုတ်နဲ့ပတ်သက်လို့ရှိရင်တော့ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စပြီးတော့ ဆက်သွယ်ဆောက်ရွက်နေတဲ့အပိုင်းရှိတယ်။ သို့သော်လည်းပဲ တကယ်တရားဝင် ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ဒီအုပ်ချုပ်ရေးတွေနဲ့ ပတ်သက်လို့ကတော့ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

NUG က  မြို့နယ်ပေါင်း ၁၃၇ မြို့နယ်တွင်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားသည်၊ ထိုအဖွဲ့များသည် တိုင်းဒေသကြီးများရှိ မြို့နယ်များတွင်ရှိသည်ဟု ယခုနှစ် မတ်လကုန်တွင်ထုတ်ပြန်သည့် NUG ၏ ကြားကာလဒေသန္တရာအုပ်ချုပ်ရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသည် NUG ဒေသအုပ်ချုပ်ရေး၏ အခြေခံအုပ်မြစ်များဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှုနှင့် ဒေသကာကွယ်ရေးအတွက်အခွန်ကောက်ခံရန်၊ ရဲလုပ်ငန်းနှင့် တရားရေးကို ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗမာတိုင်းရင်းသားအများစုရှိသည့် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေးတိုင်းရှိ မြို့နယ် ၄၆ ခုတွင် ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့ထားပြီး ရဲစခန်း ၈ ခုရှိကာ ကြားကာလတရားရုံး ၂၈ ရုံးရှိသည်ဟု NUG ၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

စစ်တပ်ကို နှစ်ပေါင်းများစွာ လက်နက်စွဲကိုင်တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိသည့် ကချင်၊ ကယား၊ ရခိုင်၊ ကရင်နှင့် ရှမ်းမြောက်ဒေသတို့တွင် စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ကင်းစင်နယ်မြေတွင် မတူညီသည့် အုပ်ချုပ်မှုစနစ်များဖြင့် အုပ်ချုပ်ရေးဖော်ဆောင်နေသည်။

လတ်တလောတွင် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မန်တုံ၊ မိုးမိတ်၊ နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ် မြို့တို့ကို သိမ်းထားသည်။

ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA တို့နှင့် TNLA တို့ ပူးပေါင်းပြီး ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က စစ်ကောင်စီကို ထိုးစစ်ဆင်ရာ ထိုပူးပေါင်းလှုပ်ရှားမှုကို  ၁၀၂၇စစ်ဆင်ရေးဟု အမည်ပေးထားသည်။   စစ်ဆင်ရေးဒုတိယအကျော့ကို ယခုနှစ် ဇွန်လ ၂၅ ရက်တွင် ထပ်မံစတင်ရာ  မူဆယ်၊ သီပေါ၊ တန့်ယန်း၊ မိုင်းရယ်မြို့များမှလွဲ၍   ရှမ်းမြောက်ဒေသရှိမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

 အာရက္ခတပ်တော် AA သည်လည်း ရခိုင်ပြည်နယ်ရှိ သံတွဲ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့်  ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

ကချင်ပြည်နယ်အတွင်းတွင်မူ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ မြို့နယ်အများအပြားတွင် တိုက်ပွဲများပြင်းထန်နေပြီး ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့၊ မိုးမောက်မြို့နယ်၊  နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့နယ်တို့ကို KIA က သိမ်းပိုက်ထားသည်။

ကယားပြည် ခေါ် ကရင်နီဒေသတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က မယ်စဲ့၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံနှင့် မိုးဗြဲမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်၊  စစ်ကောင်စီတပ်ကမူ ပြည်နယ်မြို့တော် လွိုင်ကော်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် ဆက်လက်ခုခံနေသည်။

Show More

Related Articles

Back to top button