သတင်း

စစ်ရေးအရအရေးပါသည့် လေးကေကော်မြို့အနီးရှိ စစ်ကောင်စီစခန်းကို ရရန် KNU နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေကော်မြို့အနီးရှိ စစ်ကောင်စီ စခန်းကုန်းကို သိမ်းယူရန် KNU နှင့် ပူးပေါင်းတပ်များက ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေကော်မြို့အနီးရှိ စစ်ကောင်စီ စခန်းကုန်းကို သိမ်းယူရန် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်နှင့် ပူးပေါင်းတပ်များက ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

လေးကေကော်မြို့တောင်ဘက် တစ်မိုင်ကျော်အကွာရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်းစခန်းကို KNU/KNLA တပ်မဟာ (၆) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်ဟု မြေပြင်တွင် ရောက်ရှိနေသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“သူတို့ဆီကိုတော့ စစ်ကူလာဖို့ လမ်းမရှိဘူး။ နေ့တိုင်း ဒရုန်းနဲ့ကြဲတယ်။ ဒရုန်းကို လိုက်ပြန်ပစ်တာတို့ စနိုက်ပါနဲ့ ပြန်ပစ်တာတို့လောက်ပဲ (စစ်တပ်က) လုပ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ စွယ်တော်ကုန်းစခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ခန့် အထိုင်ချထားသည့် စခန်းဖြစ်သည်။ အဆိုပါ စခန်းကို KNU/KNLA နှင့် ပူးပေါင်းတပ်များက ၆ လခန့် ပိတ်ဆို့ပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုစခန်းကုန်းသည် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီနှင့် ဘုရားသုံးဆူမြို့အကြား ကျန်နေသော စစ်ကောင်စီ၏ စစ်စခန်းဖြစ်ပြီး စစ်ရေးအရ အရေးပါသည့်စခန်းဖြစ်သည်ဟုလည်း အမည်မဖော်လိုသည့် ကရင်အမျိုးသားအစည်းအရုံး KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တပ်မဟာ ၆ နယ်မြေမှာ စခန်းတွေက မရှိသလောက်ဖြစ်ကုန်ပြီ။ ဒီစခန်းတစ်ခုပဲပေါ့။ ဒီဟာ ရှုပ်နေတဲ့သဘောပေါ့။ အဲဒီစခန်းရှင်းနိုင်ရင်တော့ မြဝတီနဲ့ ဘုရားသုံးဆူအထိ လမ်းထဲမှာ ဘာအနှောင့်အယှက်မှ မရှိတော့ဘူး။ ရှောင်စရာမလိုတော့ဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

KNU က သတ်မှတ်ထားသည့် တပ်မဟာ ၆ နယ်မြေများတွင် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ကျုံဒိုးမြို့နယ်တို့ ပါဝင်သည်။

စစ်ကောင်စီ၏ စွယ်တော်ကုန်းစခန်းတွင် ၁၂၀ မမ စိန်ပြောင်းများ အထိုင်ချထားပြီး အဆိုပါ စခန်းကုန်းကို အခြေပြုကာ လေးကေကော်မြို့ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ခြိမ်းခြောက်ပစ်ခတ်နေသည်ဟုလည်း KNU သတင်းရင်းမြစ်က ပြောသည်။

“ပစ်ခတ်နေတာတော့ နှစ်ပတ်လောက်ရှိပြီ ချနေတုန်းပဲ။ သူတစ်ပြန် ကိုယ်တစ်ပြန်ပေါ့ ဒီကလည်း စနိုက်ပါနဲ့ ချောင်းပစ် ဟိုဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ပေါ့ သူပစ်ကိုယ်ပစ်ပဲ ထိခိုက်တာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပွားရာပြ မြေပုံ

မြဝတီမြို့နယ်တောင်ဘက်တွင် တိုက်ပွဲဖြစ်နေသလို ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၃၆ မိုင်အကွာ အနန်းကွင်းရွာရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအနီးတွင်လည်း တိုက်ပွဲရှိနေသည်ဟု KNU သတင်းရင်းမြစ်က ဆက်ပြောသည်။

“အနန်းကွင်းလည်း တိုက်နေတာ ကြာပြီ။ တိုက်တိုင်း ပြန်လန်နေလို့ မရသေးဘူး။ အနန်းကွင်းကလည်း စခန်းကြီးပဲ သူက ဗဟိုကျတယ်။ အချက်အချာကျတယ် အဲဒီဘက်မှာတော့ ကြိုးကြားတိုက်ပွဲတွေတော့ ရှိတယ်” ဟု ဆိုသည်။

အနန်းကွင်းရွာသည် ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပေါ်တွင် တည်ရှိပြီး မြန်မာပြည်လွတ်လပ်ရေးမရမီ ဂျပန်ခေတ်က တည်ဆောက်ခဲ့သည့် နာမည်ကျော် သေမင်းတမန်ရထားလမ်း ဖြတ်သန်းရာ ရွာဖြစ်သည်။

အနန်းကွင်းဗျူဟာကို KNU/KNLA တပ်မဟာ ၆ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဇူလိုင်ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်နေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည်။

KNU/KNLA တပ်မဟာ ၆ နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ကော့ကရိတ်မြို့နှင့် မြဝတီမြို့ကြားရှိ စစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာကို သိမ်းပိုက်ပြီးနောက် ဧပြီလ ၁၁ ရက်တွင် မြဝတီမြို့ရှိ စစ်ကောင်စီ၏ မြို့စောင့်တပ်ဖြစ်သည့် ခြေလျင်တပ်ရင်း ခလရ (၂၇၅) ကို ဆက်တိုက်ခဲ့သည်။

ခလရ (၂၇၅) ကို သိမ်းပိုက်နိုင်သော်လည်း KNU/KNLA က မြဝတီမြို့ကို ဆက်မသိမ်းဘဲ တပ်ပြန်ဆုတ်ခဲ့သည်။

စစ်ကောင်စီဘက်လည်း သင်္ဃန်းညီနောင်ဗျူဟာကို ပြန်သိမ်းရန်အပါအဝင် မြဝတီမြို့ရှိ ၎င်းတို့၏ လက်ကျန်တပ်များကို စစ်ကူရန် သံချပ်ကာကားနှင့် အတွဲလိုက်ပစ်ဒုံးတင်ကားတချို့ပါသည့် အောင်ဇေယျစစ်ကြောင်းကို ဧပြီ ၁၃ ရက်တွင် စေလွှတ်ခဲ့သည်။

ထိုစစ်ကြောင်းသည် ကော့ကရိတ်ကို ကျော်၍ ကော့ကရိတ်အရှေ့ဘက်ရှိ ဒေါနတောင်ပေါ်သို့ တက်လာသောအခါ မြဝတီမြို့စစ်ဆင်ရေးမှ ဆုတ်ခွာလာသည့် KNLA တပ်များနှင့် ပူးပေါင်းတပ်များက ထိုစစ်ကြောင်းကို ဒေါနတောင်တန်းတွင် ခံစစ်ဆင်တိုက်ခိုက်ကြသည်။

အောင်ဇေယျစစ်ကြောင်းသည် ပုံမှန်အခြေအနေတွင် နေ့ချင်းပြန်သွားပါက ရောက်နိုင်သည့် သင်္ဃန်းညီနောင်သို့ မရောက်နိုင်ဘဲ ဒေါနတောင်ပေါ်၌ပင် ၃ လကျော်ကြာသည်အထိ KNU/KNLA နှင့် ပူးပေါင်းတပ်များ၏ ခံစစ်ကို ရင်ဆိုင်ခဲ့ရသည်။

KNU/KNLA နှင့် ပူးပေါင်းတပ်များ၏ ခံစစ်ကြောင့် အထိအခိုက်များလာသော စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၆ ရက်တွင် ရှေ့ဆက်မတိုးတော့ဘဲ နောက်ပြန်ဆုတ်ခွာခဲ့သည်။

စစ်ကောင်စီ၏ ထိုးစစ်ပြန်ဆုတ်သွားသည့်နောက်တွင် KNU/KNLA နှင့် ပူးပေါင်းတပ်များက ခံစစ်ကို ထိုးစစ်အဖြစ် ပြန်ပြောင်းကာ တပ်မဟာ ၆ နယ်မြေတွင် ကျန်ရှိသည့် စစ်ကောင်စီစခန်းတချို့ကို တိုက်စစ်ဆင်နေသည်။

Show More

Related Articles

Back to top button