သတင်း

စစ်ကောင်စီသစ္စာခံဘဝမှ ရှမ်းတပ် SSPP ထံ ဘက်ပြောင်းခိုလှုံသွားသည့် စိန်ကြော့ပြည်သူ့စစ်အကြောင်း သိရသမျှ

စစ်တပ်၏သစ္စာခံ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ၁၄ နှစ်ကြာရှိနေခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စိန်ကြော့ပြည်သူ့စစ်အဖွဲ့သည် ရှမ်းတပ် SSPP ထံ ဘက်ပြောင်းခိုလှုံသွားခဲ့သည်။

မြန်မာစစ်တပ်၏သစ္စာခံ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ၁၄ နှစ်ကြာ ရပ်တည်ခဲ့သည့် စိန်ကြော့ပြည်သူ့စစ်သည် ၎င်းတို့ထံ ဘက်ပြောင်းခိုလှုံလာသည်ဟု ရှမ်းတပ် (SSPP/SSA) က ယမန်နေ့က ကြေညာလိုက်သည်။

အဆိုပါဖြစ်ရပ်သည် စစ်ကောင်စီ၏ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကိုးကန့်တပ် (MNDAA) ထံ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျရောက်သွားခဲ့ပြီးနောက် ဒေသတွင်းမှ စစ်တပ်သြဇာခံ ပြည်သူ့စစ်တပ်ဖွဲ့တစ်ခုက စစ်တပ်ကို ပြန်လည်ကာ ပုန်ကန်ခြားနားခဲ့သည့် နောက်ဆုံးဖြစ်ရပ် ဖြစ်လာသည်။

ရှမ်းတပ် SSPP ထံဘက်ပြောင်းခိုလှုံသွားသည့် စိန်ကြော့ပြည်သူ့စစ်။ (ဓာတ်ပုံ – SSPP/SSA)

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကပင် စိန်ကြော့ပြည်သူ့စစ် ခေါင်းဆောင်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူ့စစ်များကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သို့ ခေါ်ယူခဲ့ပြီး စစ်ကောင်စီကို ဆက်လက်သစ္စာခံရန် အမိန့်ပေးခဲ့သည်။

သို့သော်လည်း ထိုတွေ့ဆုံပွဲအပြီး သီတင်းပတ်အနည်းငယ်အကြာတွင် စတင်ခဲ့သည့် “ ၁၀၂၇ စစ်ဆင်ရေး” က ဒေသတွင်းစစ်ရေးအခြေအနေကို ကြီးကြီးမားမား အပြောင်းအလဲဖြစ်စေခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း စစ်ခေါင်းဆောင်ကို ဆက်လက်သစ္စာခံမည်ဟု ကတိပြုခဲ့ကြသည့် ရှမ်းမြောက်မှ ပြည်သူ့စစ်များသည် တစ်နှစ်ကျော်အကြာတွင် မြန်မာစစ်တပ်ဘက်တွင် ရှိမနေကြတော့ပေ။

စိန်ကြော့ပြည်သူ့စစ်

ဆန်းကျော့၊ ဆင်ကျော့ စသည့်အမည်များဖြစ်လည်း ခေါ်ကြသည့် ထိုအဖွဲ့ကို မြန်မာစစ်တပ်က စိန်ကြော့ပြည်သူ့စစ်ဟု တရားဝင်သုံးနှုန်းသည်။ ထိုတပ်ဖွဲ့သည် ၁၉၇၀ ကာလများအတွင်းက ဖွဲ့စည်းခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) ထံမှ မြစ်ဖျားခံသည်။

စိန်ကြော့ပြည်သူ့စစ်ဟု သတ်မှတ်မခံရမီ ထိုတပ်ဖွဲ့သည် SSA ၏ တပ်မဟာ (၃) အဖြစ် ရှိနေခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း လှုပ်ရှားသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလများတွင် လူမျိုးစုလက်နက်ကိုင်တပ်များကို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် ဖိအားပေးခဲ့ပြီးနောက် ထိုတပ်ဖွဲ့သည့် စိန်ကြော့ပြည်သူ့စစ် ဖြစ်လာခဲ့သည်။

သို့သော် SSA ၏ တပ်မဟာ (၁) ကမူ စစ်တပ်၏ဖိအားကို တွန်းလှန်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

စိန်ကြော့ပြည်သူ့စစ်များသည် ၎င်းတို့၏ဌာနချုပ်ဖြစ်သည့် ဝမ်ဟိုင်းသို့ရောက်လာပြီး ဘက်ပြောင်းခိုလှုံခဲ့သည်ဟု SSPP/SSA က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ထိုတပ်များကို စစ်ကောင်စီလက်အောက်မှ ၎င်းတို့ လက်အောက်ခံတပ်အဖြစ် သတ်မှတ်ကြောင်းလည်း ကြေညာခဲ့သည်။ ဘက်ပြောင်းခိုလှုံသူ အရေအတွက်နှင့် ထိုတပ်ဖွဲ့၏အနာဂတ်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး SSPP ၏ ပြောရေးဆိုခွင့်ရှိသူထံ Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ချက် မရသေးပါ။

ရှမ်းတပ် SSPP ထံဘက်ပြောင်းခိုလှုံသွားသည့် စိန်ကြော့ပြည်သူ့စစ်။ (ဓာတ်ပုံ – SSPP/SSA)

ရှမ်းမြောက်တွင် သဲထဲရေသွန်ဖြစ်ခဲ့ရသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မဟာဗျူဟာ

တရုတ်-မြန်မာနယ်စပ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် လူမျိုးစုလက်နက်ကိုင်များ၏သြဇာကို ကန့်သတ်နိုင်ရန်အတွက် မြန်မာစစ်ခေါင်းဆောင်အဆက်ဆက် ကျင့်သုံးခဲ့သည့် ပြည်သူ့စစ်မဟာဗျူဟာသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် ကျဆုံးသွားပြီး သဲထဲရေသွန်ဖြစ်ခဲ့သည်။

အာဏာသိမ်းပွဲကို ဆန့်ကျင်သည့် လူငယ်အများအပြားသည် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ထွက်ခွာသွားပြီး ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA နှင့် ကချင်တပ် KIA တို့ထံတွင် စစ်သင်တန်းတက်နေသည်ဆိုသည့် ထောက်လှမ်းရေးသတင်းများရထားသည့် စစ်ခေါင်းဆောင်သည် ကြုံလာမည့် ဆန့်ကျင်မှုများကို ကာကွယ်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ရှမ်းမြောက်သို့ ခရီးထွက်ခဲ့ပြီး လက်ရွေးစင်အမာခံပြည်သူ့စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်နှင့် ရှမ်းမြောက်တကြောမှ စစ်ကောင်စီကို သစ္စာခံသည့် ပြည်သူ့စစ်များကို ကွပ်ကဲရသည့် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)တွင် စစ်ကောင်စီခေါင်းဆောင်နှင့် သီးသန့် တွေ့ဆုံခွင့်ရခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင် ၇ ဦး ရှိခဲ့သည်။ ၎င်းတို့မှာ –

(၁) ကိုးကန့်နယ်ခြားစောင့်တပ်ကြီးကြပ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီးဝေဆန်း (အငြိမ်းစား)

(၂) ထင်ပါကျိုင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင် (ဦးပယ်ဆောက်ချိန်၏သားအကြီး၊ ကိုးကန့်စစ်ကောင်စီအဖွဲ့ဝင်)

(၃) စိန်ကြော့ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်

(၄) နမ့်ခမ်းမြို့မ ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆမ်

(၅) ပန်ဆေး ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်

(၆) မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း

(၇) မုံးစီး ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း တို့ဖြစ်ကြသည်။

ထိုသူများအနက် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကြီးဝေဆန်းကို စစ်ကောင်စီက ကျားဖြန့်အမှုဖြင့် ယခုနှစ်အစောပိုင်းတွင် နေပြည်တော်တွင် ဖမ်းဆီးပြီး တရုတ်ဘက် လွှဲပြောင်းပေးခဲ့သည်။ အလားတူ ထင်ပါကျိုင်းပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင်သည် ဖခင်ဖြစ်သူ ဦးပယ်ဆောက်ချိန်နှင့် ညီဖြစ်သူ ပယ်ရင်ချန်တို့ကို စစ်တပ်က တရုတ်အစိုးရထံ လက်လွှဲပြီးတည်းက လူမြင်ကွင်းမှ ပျောက်သွားသည်။

၎င်းတို့ဦးစီးသည့် စစ်ကောင်စီသြဇာခံ ကိုးကန့်ပြည်သူ့စစ်များသည်လည်း ကိုးကန့်တပ် (MNDAA) ထံ လက်နက်ချခဲ့ပြီး တပ်ပြိုကွဲသွားခဲ့သည်။

ထို့အတူ စိန်ကြော့ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်သည်လည်း SSPP/SSA ထံ ဘက်ပြောင်းခိုလှုံခဲ့သည်။

နမ့်ခမ်းမြို့မ ပြည်သူ့စစ် အခြေစိုက်သည့် တရုတ်-မြန်မာနယ်စပ်မြို့ နမ့်ခမ်းကိုလည်း တအာင်းတပ် (TNLA) က သိမ်းဆည်းထားသည်။

ကျန်ပြည်သူ့စစ်ခေါင်းဆောင်များ၏အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါ။

စစ်ကောင်စီတပ်သည် ရှမ်းမြောက်တွင် ၎င်းတို့၏စစ်ဌာနချုပ်ဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဆုံးရှုံးရုံသာမက ဆယ်စုနှစ်နှင့်ချီကာ သစ္စာခံခဲ့ကြသည့် ပြည်သူ့စစ်တပ်ဖွဲ့များကိုလည်း ဆုံးရှုံးခဲ့ရသည်။

Show More

Related Articles

Back to top button