ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများပြားခဲ့သဖြင့် ယနေ့ (ဩဂုတ် ၃၀) နံနက်အစောက တိုက်ပွဲဖြစ်ရာနေရာအနီး လေယာဉ်တစ်စီး လာရောက်ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စစ်တွေမြို့နယ် မြစ်နားရွာရှိအခြေပြုစစ်ကြောင်းနှင့် ရွှေမင်းဂံကျေးရွာဘက်မှ ကူးလာသည့်ပူးပေါင်းစစ်ကြောင်း တို့ မင်းလှ(မီးလောင်ရွာ)သို့လာသည့် လမ်း၌ သြဂုတ် ၂၉ ရက် ညနေ ၃ နာရီကျော်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“မနေ့ ညက မြစ်နားရွာကနေ မင်းလှကိုတက်လာလို့ ကြားမှာ တိုက်ပွဲဖြစ်တယ်။ လက်ရှိ ရန်သူ(စစ်ကောင်စီတပ်) တွေ မြစ်နားရွာကို အထိအခိုက်နဲ့ ဆုတ်ခွာသွားတယ်”ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့မှ ၅ မိုင်အကွာတွင် ဖြစ်ပွားသော တိုက်ပွဲသည် သုံးနာရီခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအလောင်း ၃၀ ကျော် နှင့် လက်နက်ကြီး၊ စက်သေနတ် အပါအဝင် လက်နက်မျိုးစုံ ၆၀ ကျော်သိမ်းဆည်းရမိခဲ့သည်ဟု အထက်ပါလူက ပြောသည်။
ဆက်လက်၍ “ဒီနေ့ မနက် ၃ နာရီ ၁၅ မိနစ်က တိုက်ပွဲဖြစ်ခဲ့တဲ့ မီးလောင်ရွာနဲ့မြစ်နားရွာကြားဖက်ကို Jet fighter တစ်စီးနဲ့လာပစ်ခဲ့တယ်”ဟု ၎င်းက ဆိုသည်။
မြစ်နားရွာသည် စစ်တွေမြို့၏မြောက်ဘက် ၅ မိုင်ခန့်အကွာတွင်တည်ရှိသည်။ မီးလောင်ရွာသည် ကပ်လျက် ကျေးရွာဖြစ်ပြီး မြစ်နားရွာမှ ခြေလျင်လမ်းလျှောက်လျှင် ၁၅ မိနစ်ခန့်သာကြာမြင့်သည်ဟု မီးလောင်ရွာသား တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်သည်မှာ ဟုတ်မှန်ကြောင်း သူက ဆိုသည်။
မြစ်ကမ်းဘေးရှိ ထိုရွာများသည် စစ်တွေမြို့မြောက်ဘက် မနီးမဝေးတွင် တည်ရှိပြီး ပုဏ္ဏားကျွန်းမြို့နယ်အစပ် တွင် တည်ရှိသည်။
ထိုနေ့ ည ၉ နာရီခန့်က စစ်တွေမြို့မှ တိမ်းရှောင်ရန် ထွက်ခွာမည့် ဒေသခံတချို့အား ရွှေပြားစျေးအနီးဆိပ်ကမ်း အနီး စက်လှေဖြင့် လာရောက်ခေါ်ဆောင်သည့် ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာဒေသခံ ၆ ဦး ပစ်ခတ် ခံရပြီး ၂ ဦး ဒဏ်ရာရသည်။
ရွှေပြားစျေးအနီးဆိပ်ကမ်းသို့ ကမ်းတက်ရန်ပြင်ဆင်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုခံရခြင်းဖြစ် သည်။
ဦးဦးလှယိန် ဆိုသူသည် ညာဘက်ပေါင်တွင်ကျည်ထိမှန်သွားပြီး ဦးဝင်းဝင်းမှာ ညာဘက်ပေါင် ၊ညာဘက်လက် တို့တွင် ဒဏ်ရာရသွားပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။
စစ်တွေမြို့တွင် ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များ အခြေစိုက်လှုပ်ရှားလျှက်ရှိပြီး AA ထိန်းချုပ်နယ်မြေမှ စစ်ကောင်စီဝန်ထမ်းများကို စစ်တွေတွင် လာရောက်တာဝန်ထမ်းဆောင်ရန်ခေါ်နေပြီး မလာလျှင် လစာမပေးဟု ခြိမ်းခြောက်ထားသည်။
တစ်ဖက်တွင်လည်း စစ်တွေမြို့ကို ကုန်းလမ်း၊ရေလမ်းဖြင့်ပိတ်ဆို့ထားသဖြင့် ဒေသခံများ ဘေးလွတ်ရာကို မတိမ်းရှောင်နိုင်ကြပေ။
ငွေကြေးတတ်နိုင်သူအချို့ ရန်ကုန်၊မန္တလေးများသို့ လေကြောင်းဖြင့်ထွက်ခွာနိုင်သော်လည်း ငွေကြေးချို့တဲ့သူ များ မြို့တွင်းတွင်ပိတ်မိလျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မြို့ထဲမှာ တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တော့ စိုးရိမ်နေရပါတယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်တော့ ရန်ကုန် သွားဖို့လည်းအဆင်မပြေ။ နယ်ဘက်သွားဖို့လည်း လမ်းကြောင်းမရှိဘူး”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် AA ထိုးစစ်ကို စိုးရိမ်ပြီး စစ်တွေမြို့ကမ်းခြေတစ်လျှောက်တွင် ခြံစည်းရိုးများခတ်ပြီး ခံစစ် ပြင် ဆင်နေသလို စစ်စခန်းတိုးချဲ့မှု၊ လမ်းဆုံလမ်းခွများတွင် ဘန်ကာများတည်ဆောက်မှုများရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် အမ်း၊ တောင်ကုတ်၊မာန်အောင်တို့တွင် လူအင်အား၊လက်နက်အင်အား ဖြည့်တင်း မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်တွေမြို့တစ်ပတ်လုံးကို မိုင်းထောင်ခြင်း၊ ခြံစည်ရိုးကာရံခြင်းများ ပြုလုပ်ပြီး ခံစစ်ဆင်နေသည်ဟု AA ပြန်ကြားရေးတာဝန်ခံဦးခိုင်သုခက Myanmar Now ကို ယမန်နေ့က ပြောသည်။
“ပြောမယ်ဆိုလို့ရှိရင်တော့ စစ်တွေမြို့ကိုပြည်သူတွေကို ဘယ်မှထွက်သွားခွင့်မပေးဘဲ လူသားဒိုင်းကာ လုပ်ထားတဲ့သဘောမျိုးဖြစ်ပါတယ်။ ပြီးတော့ သူတို့ ဖမ်းချင်တဲ့အချိန် ဖမ်း၊ နှိပ်စက်ချင်သလို နှိပ်စက်ပေါ့နော်။ အဲဒါမျိုး တွေကို လုပ်ပြီးတော့မှ တောက်လျှောက်အကြမ်းဖက်မှုတွေ ကျူးလွန်နေတာရှိပါတယ်”ဟု ၎င်းက ဆိုသည်။
အာရက္ခ(ရခိုင်)ဒေသအတွင်း လက်ကျန်မြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံဘဲ မိမိတို့ အား ခုခံနေသည့် ရန်သူ့စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွားမည်ဟု AA က ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များ ကို ထုတ်ပြောထားသည်။
AA သည် မောင်တောမြို့ရှိနေရာအများစုကိုသိမ်းပိုက်ရရှိထားပြီးဖြစ်ကာ သံတွဲမြို့နယ်ရှိတစ်ခုတည်းသော လက် ကျန်တပ်စခန်းဖြစ်သော မောင်ရွှေလေးရေတပ်စခန်းကိုတိုက်ခိုက်လျက်ရှိသည်။
ထို့ပြင် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး သံတွဲမှာ ရေတပ်စခန်းတစ်ခုသာ ကျန်သည်။