သတင်း

နိုင်ငံအဝှမ်း တရုတ်စီမံကိန်းအများအပြား တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားပြီ 

မြန်မာ-တရုတ် နယ်စပ်မျဉ်းမှ မန္တလေးမြို့အနီးထိ နယ်မြေများလက်လွှတ်ခဲ့ရခြင်း၊ နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့ရှိ တရုတ်တို့၏ စီမံကိန်းများကို တော်လှန်ရေးတပ်များက ဝင်စီးခဲ့ခြင်းတို့ကြောင့် စစ်ရှုံးစစ်ကောင်စီသည် ၎င်းတို့အကျိုးစီးပွားကို ဆက်လက်ကာကွယ်နိုင်မည်လောဟု တရုတ်ဘက်က မေးခွန်းထုတ်လာနိုင်သည်ဟု စစ်ရေးနှင့် စီးပွားရေးလေ့လာသူများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်းစစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မြို့များမှ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထိ တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်လာမှုကြောင့် ထိုဒေသရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ အနာဂတ်အတွက် နယ်မြေစိုးမိုးထားသူများနှင့် စေ့စပ်ဆွေးနွေးမှု ပိုလုပ်လာရတော့မည်ဟု သိရသည်။

ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)၊ အာရက္ခတပ်တော်(AA) မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ ပထမပိုင်းနှင့် ဒုတိယပိုင်းစစ်ဆင်ရေးတွင် မူဆယ်၊ သီပေါ၊ တန့်ယန်း၊ မိုင်းရယ်မြို့များမှလွဲ၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့အပါဝင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံး ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ လက်ကျန်မြို့များကို သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင်နေသည်။

ထို့အပြင် မန္တလေးတိုင်းအတွင်း မိုးကုတ်နှင့် စဉ့်ကူးမြို့များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ TNLA နှင့် မဟာမိတ်တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မန္တလေးမြို့နှင့်ကပ်နေသည့် မတ္တရာ၊ သပိတ်ကျင်းနှင့် ပုသိမ်ကြီးမြို့နယ်တို့ကို အပြင်းထန်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည်။

တရုတ်မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ် (EPA) 

နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားအရအရေးပါသည့် မြန်မာ-တရုတ် နယ်စပ်မျဉ်းမှ မန္တလေးမြို့အနီးထိ နယ်မြေများလက်လွှတ်လိုက်နေရသည့် စစ်ရှုံးစစ်ကောင်စီသည် မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံသူ စီးပွားဖက်ဖြစ်သည့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို အပြည့်အဝကာကွယ်နိုင်စွမ်း ကင်းမဲ့သွားသည်ဟု စစ်ရေးနှင့် စီးပွားရေးလေ့လာသူများက ပြောသည်။ 

စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီတို့ နေပြည်တော်တွင် ယနေ့(သြဂုတ် ၁၄) တွေ့ကြမည့် ဆွေးနွေးပွဲတွင် တော်လှန်ရေးအင်အားးစုများ ထိန်းချုပ်ထားသည့် နိုင်ငံအဝှမ်း တရုတ်စီမံကိန်းများအကြောင်းက ထိပ်ဆုံးကပါမည်က အသေအချာပင်ဖြစ်သည်။

စစ်ကောင်စီအပေါ် ယုံကြည်မှုကျဆင်းသွားပြီး တရုတ်အနေဖြင့် ၎င်းတို့အကျိုးစီးပွားများကို ကာကွယ်ရန် နယ်မြေထိန်းချုပ်ထားသော တော်လှန်ရေးအင်အားစုများနှင့် ပိုမိုထိတွေ့ဆက်ဆံရတော့မည်ဖြစ်ကြောင်း NUG အစိုးရ၏ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

လက်တလောတွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)သည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော အယ်လ်ဖာဘိလပ်မြေစက်ရုံရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စက်ရုံတွင် တပ်စွဲထားသည်။

အယ်လ်ဖာဘိလပ်မြေစက်ရုံ ပိုင်ဆိုင်မှုနှင့် စက်ရုံကို တရုတ်နိုင်ငံ Anhui ပြည်နယ်၊ Wuhu မြို့ရှိ Anhui Conch Cement Co., Ltd. က အစုရှယ်ယာ ၅၅ ရာခိုင်နှုန်း၊ မြန်မာကုမ္ပဏီ Myint Investment Group Co.,Ltd. က ၄၅ ရာခိုင်နှုန်း ဖက်စပ်ရင်းနှီးမြှုပ်နှံထားသော Myanmar Conch Cement (Mandalay) Co.,Ltd. ပိုင်ဆိုင်သည်။ 

ထို့အပြင် မန္တလေးတိုင်း သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်း ထီးချိုင့်တွင် အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီမံကိန်းတစ်ခုဖြစ်သည့် တကောင်းနီကယ်စက်ရုံကိုလည်း NUG လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်များက ဇူလိုင်လကုန်တွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။

တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining and Construction သတ္ထုတူးဖော်ရေးကုမ္ပဏီက ထိုစီမံကိန်းကို လက်ရှိစစ်ကောင်စီထိန်းချုပ်ထားသည့် အမှတ်(၁) သတ္ထုတွင်းလုပ်ငန်းနှင့် ပူးပေါင်း၍ ထုတ်လုပ်မှုအပေါ်အကျိုးအမြတ်ခွဲဝေသည့်စနစ်ဖြင့် ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ် ၂၀ စာချုပ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။

တရုတ်ပိုင်တကောင်းနီကယ်စက်ရုံ (ဓာတ်ပုံ – Geological Knowledge & Sharing)

NUG ၏ တော်လှန်ရေးတပ်များ၏ ထိန်းချုပ်မှုအောက်ရှိ စီမံကိန်းများနှင့်ပတ်သက်၍ အာဏာမသိမ်းမီ ခွင့်ပြုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်ပါက အသိမှတ်ပြုလည်ပတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။ 

ထိုကဲ့သို့ ခွင့်ပြုရာတွင် စစ်ကောင်စီအကျိုးအမြတ်တစ်စုံတစ်ရာမရရန် NUG က ကြိုးစားသွားရမည်ဟု ၎င်းက ဆိုသည်။ သို့သော် သေချာသည်မှာ ထိုစီမံကိန်းကြီးနှစ်ခုကို NUG ၏ ထိန်းချုပ်လိုက်ခြင်းကြောင့် စစ်ကောင်စီတပ်အပေါ် ယုံကြည်မှုကျဆင်းသည့်အပြင် လုပ်ငန်းမှ တိုက်ရိုက်ရနေသည့် အကျိုးအမြတ် များလည်းထိခိုက်စေသည်ဟု ဆိုသည်။ 

မန္တလေးနှင့် ရှမ်းမြောက်ဒေသသည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အခရာအကျဆုံးလမ်းကြောင်း ပေါ်တွင်တည်ရှိသည်။ တအာင်းတပ်(TNLA) ထိန်းချုပ်ထားသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် နယ်စပ်ကုန်သွယ်မှုတွင် အဓိကအကျဆုံးစခန်းကြီးဖြစ်ပြီး တစ်နိုင်ငံလုံး၏ ပြည်ပကုန်သွယ်မှုပမာဏ၏ ၂၀ ရာခိုင်နှုန်းဝန်းကျင်ရှိသည်။

အာဏာမသိမ်းမီက ထိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ရက်လျှင် ပျှမ်းမျှကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၉ သန်းဝန်းကျင်ရှိကြောင်း စစ်ကောင်စီထိန်းချုပ် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများက ဆိုသည်။ 

ထိုကုန်သွယ်ဇုန်ကို ၁၀၂၇ စစ်ဆင်ရေးပထမအကျော့ကတည်းက TNLA က ထိန်းချုပ်ခဲ့ခြင်းကြောင့် စစ်ကောင်စီသည် နေ့စဉ် ပို့ကုန်ဝင်‌ငွေ ဒေါ်လာ ၉ သန်းဆုံးရှုံးနေသည်ဟု ဆိုနိုင်သည်။

TNLA တပ်ဖွဲ့ဝင်များကို ရှမ်းမြောက်တစ်နေရာတွင် တွေ့ရစဉ် (ဓာတ်ပုံ – TNLA ပြန်ကြားရေး)

ကုန်သွယ်ရေးအတွက်အရေးပါသည့် ထိုလမ်းကြောင်းသည် နိုင်ငံအနောက်ဘက်ပိုင်းရှိ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံအထိ သွယ်တန်းထားသည့် တရုတ်ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားရာဒေသဖြစ်ပြီး ရည်မှန်းချက်ကြီးမားလှသည့် တရုတ်၏ ပိုးလမ်းမနှင့် ခါးပတ်လမ်း(BRI)၏ စီမံကိန်းကြီးများရှိနေသည့်  ဒေသလည်းဖြစ်သည်။ 

ထိုစီမံကိန်းများစွာအနက် ၂၀၁၉ တွင် ဖြစ်မြောက်နိုင်ခြေလေ့လာခဲ့ပြီး ဒေါ်လာ ၇ ဘီလျံကုန်ကျနိုင်သည့် မူဆယ်-မန္တလေးရထားလမ်း၊ ချင်းရွှေဟော်နှင့် မူဆယ်နယ်စပ်အထူးစီပွားရေးဇုန်စီမံကိန်းများပါဝင်နေပြီး ထိုစီမံကိန်းနေရာများသည် တော်လှန်ရေးအင်အားစုများထိန်းချုပ်မှုအောက်တွင်ရှိနေပြီးဖြစ်သည်။

ယခင်စစ်အာဏာရှင်အစိုးရများလက်ထက်  ၁၉၈၈ မှ ၂၀၁၀ အထိ မြန်မာကို နိုင်ငံတကာအသိုင်းဝိုင်းမှ ဖယ်ကျဉ်ခံထားရချိန် တရုတ်နိုင်ငံသည် မြန်မာတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။ တစ်ကြော့ပြန် အာဏာသိမ်းသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် တရုတ်နိုင်ငံသည် စင်ကာပူပြီးလျှင် ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံအဖြစ်ဆက်ရှိနေဆဲဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) အချက်လက်များအရ ၂၀၂၄ ဇူလိုင် ၃၀ ထိ ခွင်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်း တရုတ်ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်ဟု ဆိုသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ၂၁ ဘီလျံကျော်ရှိသည်ဟု DICA မှတ်တမ်းတွင် တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စစ်ဆင်ရေးအရှိန်အဟုန်ကောင်းနေချိန် တရုတ်စီးပွားရေးစီမံကိန်းများ၊ ထိုစီမံကိန်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူများကို ထိခိုက်မှုမရှိစေရန် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်များကို ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်တွင်ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

MNDAA ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှန်သမျှကို ကာကွယ်မည်ဖြစ်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်နိုင်ငံသားများ၏ ကျိုးစီးပွားကို အတက်နိုင်ဆုံးထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ တွင် သတင်းထုတ်ပြန်ထားသည်။

တရုတ်၏ကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းရန် တော်လှန်ရေးတပ်များနှင့် ထိတွေ့ရမည်ဟူသော မှန်းဆချက်များဖြစ်ပေါ်နေနိုင်သော်လည်း ရှမ်းမြောက်ဒေသရှိ MNDAA, TNLA နှင့် PDF များအပေါ် တရုတ်အနေဖြင့် ဩဇာသက်ရောက်မှု အကန့်အသတ်ရှိနေကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း Naresuan University ၏ အာဆီယံအသိုက်အဝန်းလေ့လာရေးစင်တာ၏ ကထိက ဒေါက်တာ Paul Chambers က Myanmar Now ကို Email မှပြောသည်။

သို့သော် မြန်မာတွင် အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဝပြည့်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အပေါ်တွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုရှိနေပြီး ‘ဝ’တပ်ဖွဲ့သည် စစ်တိုက်စရာမလိုဘဲ ၎င်း၏ နယ်မြေစိုးမိုးမှုကျယ်ပြန့်လာသည်ကို သတိပြုနိုင်ကြောင်း သူက ပြောသည်။

 တရုတ်နယ်စပ် ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စစ်ရေးပြအခမ်းအနား။ ဓာတ်ပုံ-EPA

တစ်ချိန်တည်းတွင် တရုတ်အကျိုးစီးပွားများကို မထိခိုက်စေရန် NUG တွင် ဖိအားရှိနေနိုင်သည်ဟု သူက ဆိုသည်။ 

“ဒါပေမယ့် တရုတ်က သူ့အကျိုးစီးပွားကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ခံစားရတယ်ဆိုရင် သူတို့က နယ်စပ်ဖြတ်ပြီး စစ်တပ်တွေအမြဲတမ်းစေလွှတ်တာ ဒါမှမဟုတ် NUG အစိုးရဆန့်ကျင်ရေးအုပ်စုတွေကို ငွေကြေးထောက်ပံ့တာတွေ စလုပ်နိုင်ပါတယ်” ဟု သူက သုံးသပ်သည်။ 

တရုတ်စီးပွားရေးစီမံကိန်းများ တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက်ရောက်ချိန် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံပေါ်ထားသည့် မူဝါဒများပြောင်းလဲရန်တောင်းဆိုနိုင်သည့် အကျိုးအမြတ်များရလာသည်ဟု သူက ပြောသည်။ အခြားတစ်ဖက်တွင်မူ ထိုစီမံကိန်းများမှ အခွန်အခများမရဘဲ အာဏာသိမ်းစစ်တပ် အားပျော့သွားနိုင်သည်ဟု ဆိုသည်။

နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရသည့် စစ်ပွဲများနှင့် နယ်မြေစိိုးမိုးမှုကျဉ်းမြောင်းလာခြင်းကြောင့် မန္တလေးနှင့် ရှမ်းမြောက်တွင်သာမက အခြားတိုင်းနှင့်ပြည်နယ်များတွင် စစ်ကောင်စီလက်လွှတ်ရမည့် စီပွားရေးစီမံကိန်းများစွာရှိနေသည်။ 

ရခိုင်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၈ ခုအထိရှိပြီး တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလျံကျော်အထိရှိပြီး အများစုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများဖြစ်သည်ဟု DICA ၏ မှတ်တမ်းများအရသိရသည်။ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း အစရှိသည့် စီမံကိန်းများသည် တရုတ်၏ ဒေါ်လာဘီလျံချီရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး မဒေးကျွန်းပေါ်ရှိ တရုတ်နိုင်ငံပိုင် ရေနံသန့်စင်သည့် စက်ရုံတစ်ရုံကို ၂၀၁၉ အောက်တိုဘာက တွေ့ရပုံ (AFP)

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ၏ တော်လှန်ပုန်ကန်မှုကြောင့် နှစ်စဉ် ဒေါ်လာသန်းနှင့်ချီ ဝင်ငွေရနေသည့် စီးပွားရေးလုပ်ငန်းများ လက်လွှတ်ရဖွယ်ရှိနေသည်။ ထို့မျှသာမက တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားသည့် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်ရှိ ပိုက်လိုင်းလုံခြုံရေးစခန်းများကို ကာကွယ်ရေးတပ်များက တိုက်ခိုက်နေသည်။ 

NUG နှင့် တော်လှန်ရေးအင်းအားစုများက တရုတ်အကျိုးစီးပွားကို ထိခိုက်အောင်မလုပ်သော်လည်း တရုတ်အနေဖြင့် လုပ်ငန်းသဘောအရ နယ်မြေစိုးမိုးသူတို့နှင့် ထိတွေ့ဆက်ဆံမှုမတွေ့ရသေးကြောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

“တရုတ်က အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ NUG ကို ဆက်သွယ်ပြောဆိုတာ မကြားရသေးပါဘူး။ အတိုင်းအတာ နည်းသေးလို့လည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနောက်ပိုင်း အရေးအတွက် ပိုပြီးတော့များလာရင်တော့ သူလည်း ဒီတိုင်းထိုင်ကြည့်နေလို့မရပါဘူး။ တစ်စုံတစ်ရာတော့ ဆက်သွယ် ပြောဆိုလာရမှာပါပဲ” ဟု သူက ပြောသည်။

သို့သော် တရုတ်သည် စစ်ကောင်စီအပေါ် လုံးလုံးလျားလျားသဘောထားမပြောင်းသေးဟု တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအသစ်များဆက်လက်စီးဝင်နေခြင်းက သက်သေခံနေသည်ဟု သူက ပြောသည်။

လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရွီကျွင်း (Deng Xijun) နှင့် စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ 

ထို့နောက်တွင် လစ်လပ်လျှပ်ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနေရာတွင် ဝါရင့်သံတမန် မစ္စမာကျား (Ms Ma Jia) ကို ခန့်အပ်ရန် တရုတ်၏အဆိုပြုချက်ကို လက်ခံကြောင်း စစ်ကောင်စီက ယနေ့ (သြဂုတ် ၁၂) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အသက် ၅၇ နှစ်အရွယ် မစ္စမာကျားသည် အိန္ဒိယနိုင်ငံဆိုင်ရာ သံမှူးကြီးနှင့် တရုတ်သံအမတ်အဖြစ် တာဝန်ယူနေရာမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရခြင်းဖြစ်သည်။

ယနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် မြန်မာကို ရောက်လာပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ဆွေးနွေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ 

မည်သို့ဆိုစေ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကိုသိမ်းပိုက်နိုင်ခဲ့ခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းအများအပြားကို​ တော်လှန်တပ်များထိန်းချုပ်လာနိုင်ခြင်းနှင့် တရုတ်၏ အထင်ကရစီမံကိန်းကြီးများကို သိမ်းပိုက်လာခြင်းကြောင့် တရုတ်ကို အံ့အားသင့်သွားစေကြောင်း အမည်မဖော်လိုသည့် စီပွားရေးကျွမ်းကျင်သူတစ်ဦးက ဆိုသည်။ 

တစ်ချိန်တည်းတွင် အကျိုးစီးပွားများအတွက် တော်လှန်ရေးတပ်များကို ထိတွေ့ရမည်ဖြစ်သလို လိုအပ်သည့် အခွန်ပေးသွင်းမှုများလုပ်ရန်လိုကြောင်း သူက ဆိုသည်။ 

“သူတို့ မလွဲမသွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ကိုချိတ်ဆက်ရတော့မယ်။ မချိတ်ဆက်ရင် ဒီလုပ်ငန်းကြီးတွေ ဆက်လုပ်လို့မှ မရတာ။ စစ်ကောင်စီနဲ့ ဆက်မယ်ဆိုရင်လည်း ဘယ်လိုမှ အလုပ် ဖြစ်နိုင်စရာအကြောင်းမရှိဘူး” ဟု သူက ဆိုသည်။

“သူတို့(တော်လှန်ရေးတပ်တွေ)က ဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ နှောက်ယှက်မှာလည်းမဟုတ်ဘူး။ ခြွင်းချက်အနေက စကစကနေ ဗုံးကြဲခဲ့ရင်တော့ မတက်နိုင်ဘူးပေါ့”

Show More

Related Articles

Back to top button