သတင်း

စစ်ဖြစ်နိုင်သည့်မြို့များမှ ဆုတ်ခွာနိုင်ရန် မန်းတိုင်းမြေစာရင်းဌာန ပြင်ဆင်

မန္တလေးတိုင်း မြေစာရင်းဦးစီးဌာနက ပြင်ဦးလွင်နှင့် ပုသိမ်ကြီးမြို့နယ်များမှ ဌာနဆိုင်ရာ အရေးကြီးပစ္စည်းများကို လုံခြုံရေးအတွက် ပြင်ဆင်ထားရန် ၎င်း၏ရုံးခွဲများကို ညွှန်ကြားထားသည်။

တိုက်ပွဲများနှင့် နီးကပ်လာသည့် မန္တလေးတိုင်း ပြင်ဦးလွင်၊ ပုသိမ်ကြီးမြို့နယ်များရှိ ဌာနဆိုင်ရာ အရေးကြီးပစ္စည်းများ၊ စာရွက်စာတမ်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားနိုင်မည့် အစီအမံများ ပြင်ဆင်ထားရန် မန္တလေးတိုင်း မြေစာရင်းဦးစီးဌာနက ၎င်း၏ ရုံးခွဲများကို ညွှန်ကြားထားသည်။

ယမန်နေ့ (ဩဂုတ် ၈) ရက်စွဲဖြင့် မန္တလေးတိုင်း မြေစာရင်းဦးစီးဌာန ဌာနမှူး၏ ညွှန်ကြားချက်တွင် “ဌာနပိုင် အရေးကကြီးစာရွက်စာတမ်းများ၊ ရုံးသုံးကိရိယာနှင့် မြေတိုင်းပစ္စည်းများ အရေးပေါ်ရွှေ့ပြောင်း သိမ်းဆည်းနိုင်မည့် အစီအစဉ်နှင့် ဝန်ထမ်းများအားလုံး လုံခြုံမှုရှိသော နေရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် အစီအမံများ ရေးဆွဲပြီး အမြန်(အမြန်) ပြန်လည်တင်ပြရန် အကြောင်းကြားသည်” ဟု ပါရှိသည်။

ထိုသို့ ညွှန်ကြားထားသည်ကို သိရှိကြောင်း၊ ဝန်ထမ်းများကိုမူ တိမ်းရှောင်ခွင့်၊ ပြောင်းရွှေ့ခွင့်မပြုကြောင်း၊ မန္တလေးဒေသခံ ဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။

“မန္တလေးက စစ်ပဲနီးတာ၊ မဖြစ်သေးတော့ ဝန်ထမ်းတွေက မတိမ်းရှောင်ရဘူး၊ ဖြစ်လာမှ ကြိုတင်စီမံထားဖို့ ပြောတဲ့ သဘောပဲ ရှိပါသေးတယ်” ဟု သူက ပြောသည်။ 

လတ်တလောတွင် မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တို့ တိုက်ပွဲဖြစ်ပွားနေရာ ထိုမြို့နယ်များရှိ ဝန်ထမ်းများလုံခြုံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သီးခြားအစီအစဉ်မရှိခြင်းကို ထိုဝန်ထမ်းက ဝေဖန်သည်။

“အုပ်ချုပ်ရေးယန္တရား မပျက်ဖို့ပဲ အဓိကစဉ်းစားတာ၊ ဝန်ထမ်းတွေ အသက်နဲ့ ဘဝအတွက် သူတို့ဦးစားပေးပြီး မစဉ်းစားဘူး” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ မြို့အချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်စဉ်ကလည်း ဝန်ထမ်းများအတွက် သီးခြားအစီစဉ်မရှိဘဲ ဘေးကင်းရာသို့ မိမိအစီစဉ်ဖြင့် ပြောင်းရွှေ့နေထိုင်ရကြောင်း နေပြည်တော်သို့ တိမ်းရှောင်လာသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အသက် ၃၀ကျော်အရွယ်  ဝန်ထမ်းတစ်ဦးက ပြောသည်။

“နီးစပ်ရာ မြို့က ကိုယ့်ဦးစီးဌာနကို သတင်းပို့၊ သတင်းမပို့ပဲ ပျောက်နေတာကြာရင် လစာမပေးတော့ဘူး၊ ပြီးရင် စာရွက်စာတမ်းတွေကို အသိမိတ်ဆွေအိမ်တို့ အုပ်ချုပ်ရေးမှူး နေအိမ်တွေမှာ အပ်ထားခဲ့ရတာ၊ သယ်ဖို့ကလည်း မလွယ်ဘူးလေ” ဟု ထိုအမျိုးသားက ဆိုသည်။ 

 ရှမ်းပြည်မြောက်ပိုင်းမှ တိမ်းရှောင်လာသည့် အရာရှိများသည်ပင် နေပြည်တော်သို့ ရောက်ရှိချိန် ၎င်းတို့အတွက် နေအိမ်တိုက်ခန်း မရှိတော့သည်အထိ ကြုံတွေ့နေရကြောင်း နေပြည်တော်တွင် တာဝန်ကျနေသည့် ဝန်ထမ်းများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးအင်အားစု သိမ်းပိုက်ခံထားသည့်မြို့များမှ ဝန်ထမ်းများသည် နေပြည်တော်ဝန်ကြီးရုံးနှင့် နီးစပ်ရာ မြို့များရှိ ဌာနများသို့ ဆက်သွယ် သတင်းပို့ရကြောင်း၊ သတင်းမပို့ဘဲ ၆ လကျော်ထိ ပျောက်ဆုံးနေပါက လစာမပေးတော့ဘဲ ယင်းနောက်မှ ဆက်သွယ်ပါက ခုံရုံးဖွဲ့စစ်ဆေးခံရကြောင်း နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

“တိုက်ပွဲဖြစ်ပြီးပြေးရင် ဝန်ထမ်းကတ်၊ အင်္ကျီ အကုန်ထားခဲ့ရတာ၊ အဲဒါ ဝန်ကြီးရုံးရောက်လို့ အဲဒါတွေ မပါရင် ပေးမဝင်ဘူး၊ အဲသလိုတွေ ကြုံနေရတာ၊ ဝတ်စုံချုပ်ပြီးမှ ဌာနကိုဝင်ခွင့်ရတာ” ဟု ထိုအမျိုးသမီးက ပြောသည်။

 မန္တလေးမြို့နှင့် မိုင်၂၀ ပတ်လည်အတွင်းရှိ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း စသည့် မြို့များတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည့်အတွက် မန္တလေးဒေသခံများသည် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးများ စုဆောင်းနေကြပြီး နေအိမ်လုံခြုံရေးအတွက် ပြင်ဆင်နေကြောင်း ဒေသခံများက ဆိုကြသည်။

မန္တလေးတိုင်းအတွင်းရှိ စစ်တက္ကိသိုလ်များရှိရာ ပြင်ဦးလွင်တွင် စစ်ကောင်စီတပ် လှုပ်ရှား ပြင်ဆင်လာသည်၊ စစ်ဖြစ်လာနိုင်သည့် အရိပ်အယောင်ကြောင့် ထိုမြို့ဒေသခံများလည်း မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

Show More

Related Articles

Back to top button