သတင်း

မိုင်းလားအဖွဲ့ (NDAA) ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေစိုက် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့) ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ယမန်နေ့ (ဩဂုတ် ၈) က ကင်ဆာရောဂါဖြင့် တရုတ်နိုင်ငံ‌ဆေးရုံတစ်ခုတွင် ကွယ်လွန်သွားသည်။

ဦးစိုင်းလင်းသည် ကိုးကန့်တပ် (MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင်၏ သမက်လည်းဖြစ်သည်။

ကိုးကန့်တပ် MNDAA နှင့် ဦးစိုင်းလင်း၏ NDAA မိုင်းလားတပ်တို့အကြား မဟာမိတ်ဆက်ဆံရေး ရှိသော်လည်း ၁၀၂၇ စစ်ပွဲတွင် ၎င်းတို့အဖွဲ့ “ဝင်ရောက် ပါဝင်ခြင်း၊ စွက်ဖက်ခြင်းတို့ ပြုမည်မဟုတ်” ဟု NDAA က ပြီးခဲ့သည့်နှစ် နိုင်ဝင်ဘာ ၁ ရက်‌နေ့က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၀၉ အတွင်းက မြန်မာစစ်တပ်က ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ကို လိုက်လံဖမ်းဆီးချိန်တွင် ဦးစိုင်းလင်းက သူ၏နယ်မြေထဲတွင် ဦးဖုန်ကြားရှင်ကို ခိုလှုံခွင့်ပေးခဲ့သည်။

ဦးစိုင်းလင်း ကွယ်လွန်ပြီးနောက် ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် မိုင် ၆၀ အကွာတွင်ရှိသည့် မိုင်းလားမြို့တွင်အခြေစိုက်ပြီး လက်နက်ကိုင်အင်အား ၅၀၀၀ ကျော် ရှိမည်ဟု အကဲခတ်တို့ ခန့်မှန်းထားသည့် NDAA တပ်ဖွဲ့ကို သူ၏သား ဦးထိန်လင်းက ဆက်ခံမည်ဟု ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က Myanmar Now ကို ပြောသည်။

မြန်မာအစိုးရအဆက်ဆက်က ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ဟု သတ်မှတ်ထားသည့် မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင်၏ ရုပ်အလောင်းကို တရုတ်ဘက်မှ မိုင်းလားသို့ ပြန်လည်သယ်ဆောင်ရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။

အဖွဲ့အတွင်း အရေးပေါ် အစည်းအဝေးတစ်ခု ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် ဥက္ကဋ္ဌနေရာအတွက် အဖွဲ့၏ဒုဥက္ကဋ္ဌ ဦးထိန်လင်းကို ရွေးချယ်ခဲ့ကြသည်ဟု ဦးကြည်မြင့်က Myanmar Now ကို ပြောသည်။

“ဥက္ကဋ္ဌနေရာမှာ ဦးထိန်လင်းကို ထမ်းဆောင်မယ်ဆိုတာ တစ်ညီတစ်ညွှတ်တည်းနဲ့သဘောတူထားတယ်။ နောက်တစ်ခုက ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) မှာ ဥက္ကဋ္ဌ ဦးစိုင်းလင်း လုပ်ဆောင်ထားတဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်မှာ ဆက်လက်ချီတက်သွားမယ်”

ယမန်နှစ် ဇွန်လအတွင်းက ပြုလုပ်သော ရှမ်းပြည်နယ် (အ​ရှေ့ပိုင်း)၊ အထူးဒေသ (၄)၊ (၃၄) နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသော NDAA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – Mongla SR4 News Agency )

ဦးထိန်လင်းသည် ကွယ်လွန်သွားသော ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ သားဖြစ်သလို NDAA ၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်သည်။

သို့သော် နာရေးအခမ်းအနားပြင်ဆင်နေသဖြင့် အသေးစိတ်အခြေအနေကို မမေးမြန်းနိုင်သေးပေ။​

တရုတ်နိုင်ငံနှင့်ထိစပ်နေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းက အထူးဒေသ (၄) နယ်မြေသည် မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ခရိုင် ၃ ခုရှိသည့်​ ဒေသတစ်ခုဖြစ်သည်။

ကွယ်လွန်သွားသည့် မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းသည် ကိုးကန့်တပ် (MNDAA) တည်ထောင်သူ ဖုန်းကြားရှင်၏ သမီးဖြစ်သူ ဒေါ်နန်းရင်နှင့် လက်ထပ်ထားပြီး ဖုန်ကြားရှင်၏ သမက်တော်စပ်သူလည်းဖြစ်သည်။​

မိုင်းလားဒေသသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကြီးစိုးစဉ်ကာလက ဗကပ ၈၁၅ စစ်ဒေသတစ်ခုဖြစ်သည်။​ ဦးစိုင်းလင်းသည် ဗကပ ၈၁၅ စစ်ဒေသ၏ တပ်မှူးဖြစ်ခဲ့သည်။

၁၉၈၉ ခုနှစ် ဧပြီ ၁၉ တွင် ဦးစိုင်းလင်းဦးဆောင်ကာ ဗကပလက်အောင်ကနေ ခွဲထွက်လိုက်ပြီးနောက် NDAA ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။

ထို့နောက် ၁၉၈၉ ခုနှစ် ဇွန် ၃၀ တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလိုက်ကာ စစ်အစိုးရကလည်း မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသတို့ကို အထူးဒေသ (၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။

Show More

Related Articles

Back to top button