အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဒေသအသီးသီးမှ စခန်းအများအပြား အဆက်မပြတ် သိမ်းပိုက်ခံလိုက်ရသော်လည်း စစ်ကောင်စီတပ်တွင် တပ်တွင်းနေ မိသားစုများအတွက် လုံခြုံရေးအစီအမံ သီးခြားမရှိကြောင်း စစ်တန်းလျားမှ မိသားစုဝင်များ၊ စစ်တပ်နှင့် အဆက်အသွယ်ရှိသူများက ပြောသည်။
တိုက်ပွဲများ စစ်တပ်ဌာနချုပ်များသို့ နီးကပ်လာချိန်တွင် စစ်သားဇနီးများကို တပ်ရင်းစခန်းပတ်လည်ခံစစ်နေရာတွင် ဆက်လက် အသုံးချသည်၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို သားဖွားခန်း၊ တပ်ရင်းရုံးများတွင် နေရာချထားပေးသည်ဟု သိရကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“တပ်ရင်းမှူးကတော်၊ ဒုတပ်ရင်မှူးကတော်ဦးစီးတဲ့အဖွဲ့ ဆေးအဖွဲ့၊ ထောက်ပံ့ရေးအဖွဲ့ဆိုပြီး လုပ်ထားတာဆိုတော့ ဖြစ်လာရင်လည်း အသေခံတိုက်ရမဲ့အနေအထားပဲ၊ လုံးဝဆုတ်ခွာရမဲ့ အစီမံမရှိဘူးပေါ့နော်” ဟု ၎င်းက ရှင်းပြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစု တိုက်ခိုက်သိမ်းပိုက်ခဲ့ပုံ ရုပ်သံမှတ်တမ်းတစ်ခုတွင် စစ်သားနှင့် တပ်မိသားစုဝင်ဟု ယူဆရသူတချို့၏ ရုပ်အလောင်းများကို တွေ့မြင်ရသည်။
တိုင်းစစ်ဌာနချုပ်မှ စစ်သားနှင့် မိသားစုဝင် ရာပေါင်းများစွာ ဖမ်းဆီးခံရပုံ၊ ပြန်လွှတ်လာပုံတို့ကို မှတ်တမ်းတင်ထားသည့် ရုပ်သံများလည်း ဆက်လက် ထွက်ပေါ်နေဆဲဖြစ်သည်။
တပ်တွင်းမိသားစုဝင် လုံခြုံရေးကို ထည့်သွင်းစဉ်းစားလေ့မရှိဘဲ စခန်းများ၏ လုံခြုံရေး အားနည်းနေချိန်တွင် အသေခံတိုက်ခိုက်ခိုင်းခြင်း ဖြစ်သည်ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“တပ်တွင်းမိသားစုတွေကလည်း ထမင်းစားကျွန်ခံပဲလေ၊ မှီခိုစရာပေးထားပြီးတော့ ပါရမီဖြည့်ဖက်ဆိုတဲ့ ခေါင်းစဉ်လှလှအောက်မှာ စစ်သားတစ်ပိုင်း အကုန်လုပ်ရတော့တာပဲ” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီဘက်တော်သားအများအပြားမှာမူ ၎င်းတို့၏ အစီအစဉ်ဖြင့် နေပြည်တော်တွင် ခိုလှုံ၊ ပြည်ပသို့ ထွက်ခွာသည့်နည်းဖြင့် လုံခြုံရေးပြဿနာ ဖြေရှင်းနေကြသည်။
စစ်တပ်ထဲတွင် စစ်သည်တို့၏ ဇနီးများသည် အရန်အင်အားခေါင်းစဉ်အောက်မှ စစ်သင်တန်းများ တက်ရောက်ရပြီး တပ်စခန်းလုံခြုံရေးနှင့် ခံစစ်စည်းများတွင် အခမဲ့ အသုံးပြုခံရသူများ ဖြစ်လာသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်တွင်းအတူနေ သားသမီးများလည်း အလားတူ အသုံးချခံနေရသည်။
တပ်ထဲတွင် နှစ်ပေါင်းလေးဆယ်ကျော် တာဝန်ထမ်းခဲ့ပြီး အရာခံဗိုလ်ဘဝတွင် အငြိမ်းစားယူခဲ့သူတစ်ဦးက စစ်ရေးအခြေအနေများမှာ ယခင်ကနှင့် မတူတော့ကြောင်း၊ အလံဖြူထောင်ပြီး အလုံးအရင်းလက်နက်ချမှု နေရာအများအပြားတွင် ဖြစ်ပေါ်နေသည်က သိသာသည့် ပြောင်းလဲမှု ဖြစ်ကြောင်း ပြောသည်။
စစ်တပ်တွင် အိမ်ထောင်ဖက် အမျိုးသမီးများ လက်နက်ကိုင်ရခြင်းမှာ ယခင်ကပင် ရှိခဲ့ပြီး “ယောက်ျားသေ၊ မိန်းမတိုက်” ရသည့် စနစ်ဟု ၎င်းတို့က ခေါ်ဆိုကြောင်း၊ လတ်တလော အင်အားချည့်နဲ့နေသည့် စစ်တပ်က ထိုစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကချင်ပြည်နယ်တိုက်ပွဲတစ်ခုတွင် စစ်သားတို့၏ အိမ်ထောင်ဖက်များက နောက်တန်းလုံခြုံရေး တာဝန်ယူခဲ့သည်ကို ကြုံခဲ့ရဖူးကြောင်း ၎င်းက ပြန်ပြောပြသည်။
“အဲတုန်းက တိုက်တိုင်းနိုင်တယ်လေ၊ ခုက တိုက်တိုင်းရှုံးဆိုတော့ ဒီအဖြစ်မျိုးတွေ၊ ဒီအသံမျိုးတွေ ဒီလိုဟာမျိုးတွေ (အရင်က) မကြားဖူးဘူးကွ“ ယင်းစစ်မှုထမ်းဟောင်းက ဆိုသည်။
တပ်မိသားစုဝင်တစ်ဦးကလည်း လုံခြုံရေး အထူးတင်းကျပ်သည့် စစ်တပ်စခန်းအတွင်းမှ မိသားစုလိုက်ထွက်ပြေးရန် ခက်ခဲသည်ဟု ပြောသည်။
ကိုယ်ပိုင်အိမ်မရှိသဖြင့် ပြင်ပတွင် နေထိုင်စားသောက်ရန်လည်း အခက်အခဲရှိကြောင်း ပြောသည်။
“စဖြစ်ကတည်းက တပ်ထဲမှာနေတော့ အပြင်မှာလည်း မနေရဲတော့ဘူး၊ ခု မိသားစုဆီ ပြန်မယ်လုပ်ရင် တပ်ရေးဗိုလ်ကြီးဆီ စာနဲ့ ကတိတွေပေးပြီး ရက်ပိုင်းလောက်ပဲ သွားခွင့်ရတာ၊ ခုက အကျယ်ချုပ်လို နေနေရတာ” ဟု ၎င်းက ဆိုသည်။
စစ်ခေါင်းဆောင်ကမူ ရှေ့တန်းတိုက်ပွဲဝင်နေသည့် တပ်မတော်သားများကို အားပေးနေသည်ဟု ဩဂုတ်လ ၆ ရက် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။
စစ်ခေါင်းဆောင်၏ မိန့်ခွန်းတွင် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေချိန် ကျဆုံး၊ ပျောက်ဆုံး၊ ထိခိုက်ဒဏ်ရာရရှိသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်၊ ရဲမေနှင့် မိသားစုဝင်များကိုလည်း ချီးကျူးဂုဏ်ပြုပြီး ကူညီစောင့်ရှောက်မှုများ ပေးမည်ဟု ပါရှိသည်။
တစ်နိုင်ငံလုံးစစ်မျက်နှာဖွင့်ထားရသည့် စစ်တပ်သည် ဒေသအများအပြားတွင် လက်နက်ငယ်သင်တန်းများဖွင့်ပြီး ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းထားသည်။ ၂၀၂၁ နောက်ပိုင်း ပေါ်လာသည့် ထိုအဖွဲ့များကို ပျူစောထီးအဖွဲ့ဟုလည်း ခေါ်ဆိုကြသည်။
နိုင်ငံအထက်ပိုင်းတွင် အင်အားကောင်းသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့၊ ပအိုးဝ်ပြည်သူ့စစ်အဖွဲ့တို့၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရရှိထားသည်က ၎င်း၏ အားသာချက်တစ်ခုဖြစ်သည်။
သို့သော်လည်း အင်အား ဆက်လက် လိုအပ်နေသေးသဖြင့် စစ်မှုထမ်းဟောင်းများကို တပ်ထဲပြန်ခေါ်ခြင်း၊ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး ၁၈ နှစ် ပြည့်ပြီးသူများကို စစ်သားသစ်အဖြစ် စုဆောင်းခြင်း စသည့် လုပ်ရပ်များ ယခုနှစ်ဆန်းပိုင်းတွင် ဆက်တိုက် လုပ်ဆောင်လာသည်။