
ရခိုင်ပြည်နယ် မြို့နယ် ၃ ခုတွင် ဩဂုတ်လ ပထမပတ်အတွင်း ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧက ထောင်နှင့်ချီ ပျက်စီးသွားသည်ဟု သိရသည်။
သြဂုတ် ၁ ရက်မှ ၃ ရက်နေ့အထိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် ရေဘေးသင့်ခဲ့သည်။
ယခုနှစ်တွင် စပါးစိုက်ဧက ၇၀,၀၀၀ ခန့် ရှိသည့် မြောက်ဦးမြို့နယ်အတွင်း ရွာ ၂၀ ကျော်ခန့် ရေလွှမ်းမိုးဒဏ် ခံခဲ့ရပြီး လယ်ဧက ၂,၀၀၀ ကျော်ခန့် ပျက်စီးသွားနိုင်ကြောင်း လယ်သမားများက ခန့်မှန်းကြသည်။
ကံလှရွာတစ်ရွာတည်းတွင် လယ်ဧက ၁၀၀ ခန့် ပျက်စီးသည်ဟု မြောက်ဦးမြို့နယ် ဒေသခံ လယ်သမား တစ်ဦးက ပြောသည်။
“စပါးပင်တွေကို နွံတွေဖုံးသွားတာ။ ရေနဲ့အတူ နွံလည်းပါလာပြီး တစ်ခါတည်းဖုံးသွားတာ။ ပြန်စိုက်ဖို့ဆိုရင် စပါး(မျိုးစေ့)လည်းမရှိ၊ စပါးပြန်ကြဲမယ်ဆိုလည်း အချိန်မမီတော့ဘူး” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားနေသည်၊ တိုက်ပွဲကာလ မတိုင်ခင်ကပင် ဒေသတွင်း ကုန်ပစ္စည်းများ သယ်ယူမှု ကန့်သတ်ခံထားရသည်။
အခြားကုန်ပစ္စည်းများနည်းတူ စိုက်ပျိုးရေးသုံးပစ္စည်းများလည်း ဈေးတက်နေသည်။
စက်သုံးဆီစျေး၊ စက်ပစ္စည်းများနှင့် မြေသြဇာစျေး မြင့်တက်မှုကြောင့် လယ်လုပ်သူအချို့မှာ စိုက်မြေဧက လျော့ချလုပ်ကိုင်ကြသည်ဟုလည်း ဒေသခံလယ်သမားများက ပြောသည်။
“စပါးတစ်ရာကိုက ငွေ ၄၀,၀၀၀ လောက်ပဲရှိတယ်၊ ဓာတ်မြေသြဇာ တစ်အိတ်ကို ၇၀၀,၀၀၀ ဆိုတော့ ဝယ်ဖို့ကို ကျွန်တော်တို့မစဉ်းစားရဲဘူး” ဟု လယ်သမားတစ်ဦးက ပြောသည်။
လက်ရှိတွင် စက်သုံးဆီ တစ်ပေပါလျှင် သိန်း ၃၀ အထိ ဈေးမြင့်တက်လျက်ရှိရာ ကုန်ကျစရိတ် မြင့်မားသည့်ကြား စိုက်ပျိုးထားသည့် လယ်မြေများ ပျက်စီးသွားခြင်းကြောင့် အကူအညီများပေးနိုင်ရန် မျှော်လင့်သည်ဟုလည်း အထက်ပါ လယ်သမားက ပြောသည်။
“နွေစပါးစိုက်ဖို့၊ ဆောင်းသီးနှံ စိုက်ပျိုးဖို့အတွက်ကို အဖွဲ့အစည်းကပဲ ဖြစ်ဖြစ်၊ အစိုးရအဖွဲ့အစည်းကပဲ ဖြစ်ဖြစ်အကူအညီပေးနိုင်ရင်တော့ တစ်ခုခုကုစားလို့ရမယ်။ ဒီပုံစံအတိုင်းသွားရင် နောက်နှစ်အတွက် အန္တရာယ်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ကုန်ကျစရိတ်ကြီးခြင်းကြောင့် လယ်ဧက လျော့ချစိုက်ပျိုးခြင်း၊ ရေကြီးခြင်းကြောင့် ပျက်စီးခြင်း၊ အထွက်နှုန်းကျဆင်းခြင်းတို့ကြောင့် ဆန်ရှားပါးမည်ကိုလည်း လယ်သမားများက စိုးရိမ်နေကြသည်။
“ကုစားဖို့အချိန်ရပါသေးတယ်။ မိုးနှောင်းရာသီတွေမှာ နွေစပါးတွေကို ရေရတဲ့နေရာတွေမှာ စိုက်ပျိုးနိုင်ရင် အတိုင်းအတာတစ်ခုထိ ကုစားနိုင်ပါမယ်။ အဲဒါမျိုးမလုပ်နိုင်ရင် ရခိုင်ပြည်မှာ ဆန်ရှားပါးမှုဖြစ်မယ်။ အဲဒါတော့အရေးကြီးတဲ့ ကဏ္ဍတစ်ခုလို့ပြောချင်ပါတယ်” ဟု မြောက်ဦးမြို့နယ်၊ ရွှေကျင်ပြင်ရွာနေ လယ်သမားတစ်ဦးကပြောသည်။
လက်ရှိတွင် ရေလွှမ်းမိုးမှုကြောင့်ပျက်စီးသွားသည့် လယ်ဧကနှင့် မစိုက်ပျိုးလိုက်ရသည့် လယ်ဧကစာရင်းကို အာရက္ခပြည်သူ့အစိုးရက မြို့နယ်အလိုက် စာရင်းကောက်နေသည်ဟု သိရသည်။
ဆန်၊စပါး ရှားပါးမှုဒဏ်ကို ရှောင်လွှဲနိုင်ရေးအတွက် နွေစပါးစိုက်ပျိုးနိုင်စေရန် အာရက္ခပြည်သူ့အစိုးရက လုပ်ဆောင်သင့်သည်ဟု အထက်ပါ ကံလှရွာက လယ်သမားက အကြံပြုသည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင်လကုန်ပိုင်းက သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ စသည့် မြို့နယ်များ ရေဘေးဒဏ် ခံထားရသည်၊ သြဂုတ်ပထမပတ်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့တွင် ရေကြီးခဲ့သည်၊ မြို့နယ်တချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စပါးခင်းများ ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။
ရေကြီးမှုဖြစ်စဥ်အတွင်း ရခိုင်မြို့နယ်များတွင် လယ်ဧကမည်မျှပျက်စီးသွားသည်ကို အတိအကျ မသိရသေးပေ။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲနှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။