ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ ခြေမြန်တပ်ရင်း (ခမရ) ၄၃၇ ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်နေရာ စစ်ကောင်စီက လေတပ် အားပြုပြီး ခုခံနေသည်ဟု သိရသည်။
မိုးမောက်-ဗန်းမော်ကားလမ်းပေါ်ရှိ ခမရ ၄၃၇ တပ်စခန်းသည် ဗန်းမော်မြို့ကို ထိန်းချုပ်ရေးအတွက်လည်း အရေးပါပြီး အခိုင်အမာတည်ဆောက်ထားသည့် စစ်တပ်စခန်းကြီးလည်း ဖြစ်သည်။
မြို့နှင့် ၇ မိုင်အကွာတွင် တည်ရှိသော ထိုတပ်ရင်းစခန်းကို KIA နှင့် ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၄ ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စစ်ကောင်စီလေတပ်ကလည်း ဇူလိုင် ၂၆မှစ၍ နေ့စဉ်နီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်နေသည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မြေပြင်ကနေလည်း စစ်ကူတွေလာပြီးမှ တိုက်ပွဲက ဆက်တိုက်ဖြစ်နေပါတယ်။ ဖုန်းလိုင်းတွေ ဘာမှ မရှိဘူး။ ဆက်သွယ်ရေးအခက်အခဲရှိတယ်။ လေကြောင်းနဲ့လာတယ်။ ဗုံးကြဲတယ်ဆိုတာပဲ ကြားရတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်တပ်က ထိုစခန်းကို လက်မလွှတ်ရန် လေကြောင်းဖြင့် အပြင်းအထန်ခုခံနေသလို ဗန်းမော်မြို့မှ လာသည့် စစ်ကူရာဂဏန်းလည်း ရှိနေသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သူတို့ (စစ်တပ်) လက်နက်တွေ အစုံတပ်ဆင်ထားတဲ့စခန်းဖြစ်တယ်။ နယ်မြေအနေအထားကလည်း ဧရိယာကျယ်ပြန့်တယ်။ ပြန့်မှာတည်ထားတဲ့စခန်းဖြစ်တယ်” ဟု သူက ပြောသည်။
“ဗန်းမော်ဘက်ကို သွားတဲ့ လုံခြုံရေးစခန်းပေါ့။ (ဗန်းမော်) မြို့အထိ သိမ်းနိုင်မယ့်စခန်းတော့ မဟုတ်ပါဘူး။ အများကြီး ကျန်ပါသေးတယ်။ ဒါပေမဲ့ (သိမ်းနိုင်ပြီဆိုလျှင်) မိုးမောက်ကိုတော့ ရပြီလို့ ပြောလို့ရပါတယ်”
KIA သည် မတ် ၇ ကတည်းက ဧရာဝတီမြစ်အရှေ့ဘက်အခြမ်း၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ် ခြေကုပ်ယူထားသည့် စစ်တပ်စခန်းများကို ထိုးစစ်ဆင်နေသည်။ လတ်တလောတွင် ကချင်ပြည်နယ်အတွင်း တပ်ရင်းဌာနချုပ် ၇ ခုအပါအဝင် စစ်တပ်စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းယူထားသည်။
ကချင်ပြည်နယ် အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်၊ မြို့လှ၊ ဆဒုံးမြို့တို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကိုလည်း သိမ်းပိုက်ထားသလို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့ကိုလည်း သိမ်းပိုက်ထားသည်။
ယမန်နေ့ (ဇူလိုင် ၃၀) တွင် ဗန်းမော်မြို့အနီး တိုက်ပွဲများဖြစ်ပွားခဲ့စဉ် မြို့အရှေ့ဘက် ၉ မိုင်ခန့်အကွာက မံရွတ်ရွာ၌ တပ်စွဲထားသည့် ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၄၇ တပ်စခန်းကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိကြောင်း ဒေသအခြေစိုက် Kachinwaves သတင်းဌာနက ရေးသားထားသည်။
ခလရ ၄၇ ကို သိမ်းဆည်းရမိသည့်အခြေအနေနှင့်ပတ်သက်၍ မြေပြင်သတင်းမရသေးသဖြင့် အတည်မပြုနိုင်သေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ရေကြီးမြင့်မှုဒဏ်ကြောင့် မြို့နယ်အများအပြား ရေးဘေးကြုံတွေ့ခဲ့ရကာ တိုက်ပွဲများလည်း ငြိမ်သက်သွားခဲ့သည်။
သို့သော် ဇူလိုင်လကုန်ပိုင်းတွင် ဗန်းမော်မြို့စောင့်တပ်စခန်းများကို ဆက်လက်စီးနင်းတိုက်ခိုက်ကာ KIA က ထိုးစစ်ပြန်လည် ဖော်ဆောင်လာသည်။