ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တော်လားရှိုးကို ကိုးကန့်တပ် (MNDAA) က သိမ်းယူနိုင်ရေးအတွက် ယခုလ အစကတည်းက ထိုးစစ်ဆင်နေရာ ယမန်နေ့ (ဇူလိုင် ၃၀) က လေယာဉ်ကွင်းအနီးရှိ စစ်တပ်ခံစစ်ကုန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မြို့မြောက်ဘက် လားရှိုးလေယာဉ်ကွင်းအနီးရှိ စစ်တပ်စခန်းတစ်ခုကို အင်အားအလုံးအရင်းအဖြင့် ဝင်ရောက်စီးနင်းခြင်း ဖြစ်ပြီး ထိုနေရာအနီး စစ်ကောင်စီတပ်စခန်း ၃ ခုခန့်ရှိသည့်နေရာလည်း ဖြစ်သည်။
ထိုခံစစ်ကုန်းကို သိမ်းနိုင်လျှင် လားရှိုးမြို့လယ်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တစ်ခုသာ ကွက်ကျန်တော့မည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
လေယာဉ်အချက်ပြမီးများနှင့် လေယာဉ်ကွင်းဟု ယူဆရသော နေရာတွင် MNDAA တပ်ဖွဲ့ဝင်များ ရှိနေသည့် ပုံများ၊ လေယာဉ်ကွင်းအနီး စစ်တပ်စခန်းကို စီးနင်းထားသည့် ရုပ်သံများ ယမန်နေ့က Facebook နှင့် တရုတ်အွန်လိုင်းလူမှုကွန်ရက်တချို့တွင် ပျံ့နှံ့ခဲ့သည်။
ယမန်နေ့ (ဇူလိုင် ၃၀) ကလည်း ရမခနှင့် အနီးဆုံးလူနေရပ်ကွက်တစ်ခုဖြစ်သည့် (၁၂) ရပ်ကွက်နှင့် လားရှိုးမြို့ မြောက်ဘက်၊ ဆင်တောင်အနီးရှိ ရပ်ကွက် (၉) တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်လေယာဉ်များ လာရောက်ဗုံးကြဲခဲ့သည်ဟု လားရှိုးမြို့ခံများက ပြောသည်။
“မနက် ၉ နာရီကနေ ညနေ ၅ နာရီလောက်အထိ ရပ်ကွက် (၉) မှာ လေယာဉ်နဲ့ ဗုံးကြဲတယ်။ (ရပ်ကွက်) ၃ ပုံ ၂ ပုံလောက် ပျက်စီးတယ်။ (ဗုံးကြဲတဲ့အကြိမ်အရေအတွက်) ရေလို့တောင် မရဘူး။ လူနေအိမ်တွေပေါ်ကို ကြဲတယ်။ ရပ်ကွက် (၉) က ဆင်တောင်နဲ့ အနီးဆုံးဆိုတော့လေ” ဟု ယမန်နေ့ နံနက်တွင် လားရှိုးမြို့မှ ထွက်လာသည့် ရပ်ကွက် (၉) မှ အမျိုးသားတစ်ဦးက ပြောသည်။
“ကိုးကန့်တွေက (ရပ်ကွက်ထဲက) အိမ်တွေမှာ လိုက်နေတာမျိုး၊ တပ်စွဲထားတာမျိုးရှိတယ်။ အတည်တကျကြီး တပ်စွဲထားတာတော့ မဟုတ်ဘူး။ သူတို့က ပစ္စည်းတွေလည်း မယူဘူး။ ခဏတာ ဝင်ခိုတဲ့အနေအထား။ လူတွေကိုတော့ ထွက်ခိုင်းတယ်။ လူတွေကို တိုက်ပွဲဖြစ်တဲ့အခါတွေ ထိမှာစိုးလို့ ပြည်သူတွေကို ထွက်ခိုင်းတယ်”
ရမခတိုင်းရုံးမြောက်ဘက် ထောက်ပံ့ရေးတပ် အမှတ် (၆၂၆) တွင် တိုက်ပွဲများကြောင့် ယမန်နေ့တွင် မီးလောင်ကျွမ်းခဲ့ကြောင်း လားရှိုးမြို့ခံတစ်ဦးကလည်း ဆိုသည်။
“မနေ့က သူတို့ဆီဂိုဒေါင်လည်း ထိထားလို့ မီးလောင်သွားတယ်။ စစ်ဆေးရုံဘေးနားက။ စစ်ဆေးရုံက ထောက်ပံ့ရေးတပ် ၆၂၆ မျက်စောင်းထိုးလောက်မှာရှိတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
လားရှိုးမြို့ထဲတွင် ပိတ်မိနေသည့် အရပ်သား ၄၀၀ ကျော်ခန့်ရှိနေပြီး မြို့အဝင် ပိတ်ထားသောကြောင့် သွားရောက်ကယ်ဆယ်ရန် မဖြစ်နိုင်ကြောင်း လူမှုရေးအသင်းအဖွဲ့များထံမှ သိရသည်။
“မြို့ထဲမှာ ၃ ပုံ ၁ ပုံလောက်တော့ အရပ်သားတွေကျန်နေတာရှိတယ်။ တစ်လမ်းမှာ အိမ် ၁၀ လုံး ရှိတယ်ဆိုရင် အနည်းဆုံး ၃ အိမ်လောက်တော့ ကျန်တယ်။ တချို့ကလည်း အမေအိုတွေကျန်ခဲ့တာ အသက်ကြီးတဲ့သူတွေ ကျန်ခဲ့တာရှိတယ်၊ သွားခေါ်ပေးဖို့ အကူအညီတောင်းတယ်” ဟု လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောသည်။
ထို့ပြင် လားရှိုးမြို့အတွင်း လက်နက်ကြီးနှင့် ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားသည့် အရပ်သားများ၏ ရုပ်အလောင်းများစွာ ရှိနေပြီး မြို့ထဲ ဝင်ခွင့်မရသေးခြင်းကြောင့် ကောက်ယူရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း အဆိုပါ လူမှုကူညီရေးအဖွဲ့ဝင်ထံမှ သိရသည်။
“(တိုက်ပွဲ) စဖြစ်ကတည်းက ရပ်ကွက်အားလုံးကို ပေါင်းလိုက်မယ်ဆိုရင် ရပ်ကွက် (၅) အပါအဝင် သေဆုံးသူက ၁၀၉ ဦး” ဟု ထိုသူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှစတင်၍ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ရေး MNDAA ဦးဆောင်သော တပ်များက ပူးပေါင်းတိုက်ခိုက်နေပြီး MNDAA နှင့်အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ နိုင်ငံအနှံ့မှ စစ်အာဏာသိမ်းဆန့်ကျင်သူများဖြင့် ဖွဲ့စည်းထားသော တပ်မဟာ ၆၁၁ တို့ ပါဝင်ကြသည်။
MNDAA က လားရှိုးမြို့ အုပ်ချုပ်ရေး ၎င်းတို့က စီမံမည်ဟု ပြောဆိုထားပြီး ၎င်းတို့၏တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသော နယ်မြေ ရပ်ကွက်များတွင် ရှိနေကြောင်း ဓာတ်ပုံများဖြင့် သတင်းထုတ်ပြန်ကာ စစ်ရေးအခြေအနေကို ဖော်ပြခဲ့သည်။
တိုက်ပွဲများပြင်းထန်နေချိန် ဇူလိုင် ၂၇ ရက် ညဦးပိုင်းတွင် ရှမ်းမြောက်တွင် အင်အားအကြီးဆုံးတပ်ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA တပ်ဖွဲ့များ လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာပြီး မြို့ပေါ်ရှိ ၎င်းတို့အဖွဲ့၏ ဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ အမှတ် (၁) ရပ်ကွက်ရှိ ၎င်းတို့၏ ဆက်ဆံရေးရုံးအနီးတစ်ဝိုက်တွင် တပ်စွဲထားလိုက်သည်။
လတ်တလော စစ်ရေးအခြေအနေ ရှုပ်ထွေးနေပြီး လားရှိုးကို မည်သည့်အဖွဲ့က အုပ်ချုပ်မည်ကို သေချာမသိရသေးပေ။
လက်ရှိတွင် နေရာအများစုကို MNDAA က စိုးမိုးထားပြီး ဇူလိုင် ၂၈ ရက် နံနက်က လားရှိုးထောင် ပွင့်သွားပြီး အကျဉ်းသားများ လွတ်မြောက်သွားသည်။
ယမန်နေ့ကလည်း တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို မန်ပန်နှင့် ဟိုနားကျေးရွာအနီး MNDAA က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
ကားကြီး ၈ စီးဖြင့် စစ်အင်အား ၄၀၀ ခန့် လိုက်ပါလာသည့် ယာဉ်တန်းကို ယမန်နေ့ နံနက် ၃ နာရီခန့် တွင် MNDAA, BPLA ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅၀ ကျော်ခန့် သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြထားသည်။
နမ့်ပေါင်နှင့်အနီးတစ်ဝိုက်သည် လားရှိုးအရှေ့တောင်ဘက်မှ မိုင်အနည်းငယ်သာ ဝေးကာ ကိုးကန့်တပ် (MNDAA) တပ်များက နယ်မြေထိန်းချုပ်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်ကမ်းနံဘေးတွင် ရှိပြီး “ဝ” ဒေသနှင့် ထိစပ်နေသည့် တန့်ယန်းမြို့တွင်လည်း ဇူလိုင် ၁၀ တွင် UWSA, ရှမ်းတပ် (SSPP/SSA) တပ်ဖွဲ့အင်အားများ စစ်ကားများဖြင့် ရောက်ရှိ တပ်စွဲထားကြသေးသည်။
UWSA,SSPP/SSA တပ်စွဲထားသော ထိုနေရာမှ ကျော်လွန်လာသော စစ်ကားများသည် တန့်ယန်းနှင့် နမ့်ပေါင်အကြား ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
တန့်ယန်းမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၆) နှင့် ခမရ (၅၂၃) တပ်များရှိသလို မြို့အနောက်ဘက် လမ်းတစ်လျှောက်ရှိ မန်ကတ်တွင် ခလရ (၁၄၄) နှင့် စစ်သင်တန်းကျောင်း၊ မိုင်းပတ်တွင် ခလရ (၁၃၆) တပ်များ အစဉ်လိုက်ရှိနေသည်။