သတင်း

မန္တလေးနှင့် မိုင် ၂၀ ခန့်အကွာ မတ္တရာမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

PDF များက စဉ့်ကူးကို ဆက်လက်သိမ်းပိုက်ထားကာ မတ္တရာကို ဆက်လက်ထိုးစစ်ဆင်နေ၍ စစ်ကောင်စီသည် မန္တလေးနှင့်အနီးတစ်ဝိုက်၊ တောင်ပြုံးနားအထိ ခံစစ်ပြင်နေသည်။

နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့၏ မြောက်ဘက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ယနေ့ (ဇူလိုင် ၂၅) နံနက်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။

မန္တလေးနှင့် မိုင်၂၀ နီးပါးအကွာ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် Alpha ဘိလပ်မြေစက်ရုံသို့ သွားရာ အဝင်လမ်းဘေးရှိ ထန်းပင်ကုန်းနှင့် ကျောက်တံတားကျေးရွာတို့၏အကြား ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) အပါအဝင် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ယနေ့ နံနက်အစောက တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံတို့က Myanmar Now ကို ပြောသည်။

“မနက်ကတည်းက ကျောက်တံတားနဲ့ ထန်းပင်ကုန်းအကြားမှာ ဖြစ်နေတာ တအုန်းအုန်းပဲ။ လက်နက်ကြီးတွေလည်း တောက်လျှောက်ပဲ ထုနေတယ်” ဟု မတ္တရာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

MDY-PDF အနေဖြင့် မတ္တရာမြို့နယ်အတွင်း သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ စစ်ရေးအခြေအနေများကို ထုတ်ပြန်ခြင်းမရှိသေးပေ။

MDY-PDFပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကို Myanmar Now က မေးမြန်းထားဆဲဖြစ်သည်။

တိုက်ပွဲအခြေအနေများကြောင့် မတ္တရာအရှေ့ပိုင်းမှ ထွက်ပြေးရှောင်တိမ်းလာသူ စစ်ရှောင်အရေအတွက်လည်း မြင့်တက်နေပြီး စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု မတ္တရာမြို့စစ်ရှောင်များကို ကူညီနေသူ မြို့ခံအမျိုးသမီးတစ်ဦးကလည်း ဆိုသည်။

“ထိခိုက်မှုတွေ ကျန်တဲ့အခြေအနေတွေ မသိရသေးဘူး။ စစ်ရှောင်တွေကတော့ တိုးလာနေတယ်။ မြို့နားနီးတဲ့ လမ်းဘေးကရွာတွေကလူတွေကိုတော့ တတ်နိုင်သမျှ ဆွဲသွင်းထားတယ်။ မနေ့ကကို ဝင်လာတာ စစ်ဆေးကြည့်တာ ၂၀၀ နီးပါးရှိတယ်။ တခြားစခန်းတစ်ခုမှာလည်း ၁၀၀၀ ကျော်ရှိတယ်” ဟု ၎င်းက ဆိုသည်။

မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေရာ ကျေးရွာများတည်နေရာပြမြေပုံ။

လက်ရှိတွင် စစ်ကောင်စီက မတ္တရာမြို့အရှေ့ခြမ်းတွင် တော်လှန်ရေးတပ်များ၏ထိုးစစ်ဆင်မှုကို အသည်းအသန်ခုခံနေသကဲ့သို့ မန္တလေးမြို့အဝင်နေရာများတွင်လည်း အကြီးအကျယ်ခံစစ်ပြင်နေသည်ဟု ဆက်ပြောသည်။

“တောင်ပြုံးက မင်းနှစ်ပါး အုတ်နှစ်ချပ်လပ်တဲ့ဘုရားမှာလည်း အင်အားအများအပြားနဲ့ ခံစစ်ပြင်ထားတယ်။ မတ္တရာနဲ့ မန္တလေးအဝင် ပုသိမ်ကြီးမြို့နယ်ရွာတွေမှာလည်း အင်အားဖြည့်တင်းပြီး ခံစစ်ပြင်နေကြတယ်”

တောင်ပြုံးရွာ ဒေသခံအမျိုးသားတစ်ဦးကလည်း တိုက်ပွဲများနီးကပ်လာသည့်အတွက် စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြောင်း ယမန်နေ့က ပြောသည်။

“တောင်ပြုံးက မန္တလေးနဲ့ နီးတော့ အသံဗလံတွေ အရင်က သိပ်မကြားရဘူး။ ခုက နေ့တိုင်း တအုန်းအုန်းနဲ့ ချနေကြတာ။ ညဆို လေယာဉ်သံတွေကလည်း ညံလို့၊ လူကြီးမိဘတွေတော့ မန္တလေးပို့ထားပြီ။ အိမ်စောင့်အနေနဲ့သာ နေခဲ့တာ။ ကျွန်တော်တို့လည်း ထုပ်ပိုးထားပြီ” ဟု ဆိုသည်။

MDY-PDF ဟု လူသိများသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးသည် မတ္တရာမြို့နယ်အတွင်း ရေနံ့သာရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၂၈ ခုကို သိမ်းပိုက်ရရှိပြီးဖြစ်သည်။

ဇူလိုင်လဆန်းက မတ္တရာမြို့နယ်၊ ဆည်တော်ကြီးနယ်မြေရဲစခန်းကို သိမ်းပြီးနောက် MDY-PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-MDY PDF)

မတ္တရာမြို့နှင့် ကပ်လျက်တည်ရှိသည့် စဉ့်ကူးမြို့ကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီ၏ ရေကြောင်း၊ လေကြောင်း ထိုးစစ်များကို ပြန်လည်တိုက်ခိုက်ကာ မြို့ကို ဆက်လက်ထိန်းချုပ်ထားသည်။

“စဉ့်ကူးကတော့ အတော်ငြိမ်သွားပြီလို့ ပြောလို့ရတယ်။ ဒီမနက်ကို စဉ့်ကူးမြို့နယ်က တစ်ခုတည်းကျန်တဲ့ ရွာသာယာ ပျူစခန်းကို သိမ်းပြီးပြီ။ ရွှေဘိုခရိုင်တပ်ရင်းတွေဘက်က ရဲဘော် ၂ ဦးလည်း ကျသွားတယ်။ အသေးစိတ်က ပြောလို့မရသေးဘူး” ဟု စဉ့်ကူးမြေပြင်ကင်းထောက်အဖွဲ့က ပြောသည်။

အဆိုပါ ရွာသာယာကျေးရွာသည် တော်လှန်ရေးတပ်များ၏ လက်နက်ချအလင်းဝင်ရန် အကြိမ်ကြိမ်ညှိနှိုင်းမှုကို လက်မခံဘဲ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်ချထားပေးမှုဖြင့် ပျူစောထီးအဖွဲ့ထဲ ရွာလုံးကျွတ် ဝင်ရောက်ကာ စဉ့်ကူးမြို့နယ်အတွင်း ကြက်တူရွေး၊ ဟင်္သာကြီး၊ သဲအင်းရွာများ၊ ဝက်လက်မြို့နယ်အတွင်း သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ သရက်ပင်၊ ရေလည်မော် စသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအများအပြားကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ယင်းပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့တွင် တိုက်ခိုက်သိမ်းယူလိုက်နိုင်ပြီး ပျူစောထီးခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်တချို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

ယင်းအပြင် စဉ့်ကူးမြို့မှ ကားဖြင့် တစ်နာရီခန့် မောင်းနှင်ရသော အကွာအဝေးတွင်ရှိသည့် သပိတ်ကျင်းမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်မှာ ယနေ့တွင် ၃ ရက်ဆက်လာပြီဖြစ်ကြောင်း ပြောဆိုသည်။

သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး အဆိုပါ ချောင်းကြီးရွာသည် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်တွင် တည်ရှိကာ လူဦးရေထောင်ချီရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး အာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းခဲ့သည့်ရွာဖြစ်သည်။

“‌သပိတ်ကျင်း ချောင်းကြီးရွာမှာက ၂၃ နေ့ကနေ တိုက်ပွဲက ဖြစ်နေတာ ဒီနေ့က ၃ ရက်မြောက်နေ့ပေါ့နော်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေက ချောင်းကြီးနယ်စပ် ကျည်ထောက်ပေါက်တို့၊ ကျွန်းတောတို့ အဲ့ဘက်တွေကို လေကြောင်းပစ်ခတ်မှုတွေရှိနေတယ်” ဟု အထက်ပါ မြေပြင်ကင်းထောက်အဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သပိတ်ကျင်းမြို့နယ် အရှေ့မြောက်ပိုင်းမှ ကျေးရွာစစ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ် KIA ဦးဆောင်သည့် ပူးပေါင်းတပ်များက သိမ်းယူထားသည်။ တွင်းငယ်-မိုးကုတ်ကားလမ်းပေါ်မှ တောင်လယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်စခန်းတစ်ခုဖြစ်သည်။

သပိတ်ကျင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၄၈) ခြေလျင်တပ်ရင်းအခြေစိုက်ထားပြီး၊ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တွင်းငယ်)၊ အမှတ် (၁) သိပ္ပံနှင့် သုတေသနနည်းပညာတပ်နှင့် အမှတ် (၂) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတို့ ရှိသည်။

Show More

Related Articles

Back to top button