
ယခုလ (ဇန်နဝါရီလ) ကုန်ပိုင်းမှစ၍ အုပ်ချုပ်ရေးမြို့တော်၊ နေပြည်တော် အဝင်အထွက်ဂိတ်များတွင် လုံခြုံရေးတိုးမြှင့်၍ ကြပ်မတ်ဆောင်ရွက်မည်ဟု နေပြည်တော်ကောင်စီက ယနေ့ (ဇန်နဝါရီ ၂၁) ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
“အစိုးရအပြောင်းအလဲ၊ လွှတ်တော်အစမှာ အရင်ထက်ပိုပြီးတော့ ကျနော်တို့မှာ တာဝန်တွေ အများကြီးရှိတာပေါ့ဗျာ။ တစ်ဖက်ကလည်း လုံခြုံရေး၊ တစ်ဖက်ကလည်း ရောဂါမပြန့်ပွားရေးပေါ့ဗျာ” ဟု နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက Myanmar Now ကိုပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် စတင်အသက်ဝင်မည့် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်၊ နိုင်ငံတော်သမ္မတရွေးချယ်ရေး၊ အစိုးရဖွဲ့စည်းရေး လုပ်ငန်းစဉ်များဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်မည်ဟု လွှတ်တော်အာဏာပိုင်များက ကြေညာထားပြီးဖြစ်သည်။
လွှတ်တော်အစည်းအဝေးများ မစတင်မီ ရက်ပိုင်းအလိုတွင် နေပြည်တော်၌ နိုင်ငံရေးအရ အရေးတကြီးဆောင်ရွက်ရန် ကိစ္စရပ်များနှင့် လှုပ်ရှားများလည်း ရှိနေသည်။
ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတချို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တိုင်ကြားထားသည်ကို ဇန်နဝါရီ ၂၉ တွင် လက်ခံကြားရန် ရှိနေသည်။
ယင်းနေ့၌ပင် တပ်မတော်ကာကွယ်ရေ ဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်တွင် ‘တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်’ ဆိုသော လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် အမျိုးသားရေးသမားဆိုသူ မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီက စီစဉ်လျက်ရှိသည်။
မိုက်ကယ်ကျော်မြင့်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အစိုးရကို အသရေဖျက်မှု၊ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုတို့ဖြင့် ရဲတပ်ဖွဲ့က အလိုရှိနေသူဖြစ်ပြီး ဇေယျာသီရိမြို့နယ်တွင် ပြုလုပ်မည့် ၎င်း၏ အစီအစဉ်ကို လက်ခံရန် ရှိမရှိ တပ်မတော်ဘက်ကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။
ထို့အတူ ရွေးကောက်ပွဲတွင် မဲစာရင်းကွဲလွဲမှုများ ရှိနေသဖြင့် ရွေးကောက်ပွဲရလဒ်မှာ ပြည်သူ့ဆန္ဒအစစ်အမှန်ဖြစ်ကြောင်း ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့က အစဉ်တစိုက် တောင်းဆိုနေကြချိန်လည်း ဖြစ်သည်။
လုံခြုံရေးတိုးမြှင့်ချထားမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ မေးမြန်း၍ မရသေးသော်လည်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ နေပြည်တော်၏ လုံခြုံရေး စိတ်ပူရန်မရှိကြောင်း ဇန်နဝါရီ ၈ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
“ရဲလုံခြုံရေးရှိတယ်၊ တပ်လုံခြုံရေးရှိတယ်၊ အပြင်စည်းလုံခြုံရေး၊ အတွင်းစည်းလုံခြုံရေးရှိတယ်။ အဲဒီတော့ စိုးရိမ်စရာမလိုပါဘူး”ဟု ဦးဇော်ဌေးက ဆိုသော်လည်း အစိုးရက အလိုရှိနေသည့် ဝရမ်းပြေးများ ဖမ်းမမိခြင်းနှင့်ပတ်သက်၍ အဆိုပါသတင်းစာရှင်းလင်းပွဲ၌ပင် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ဖူးသည်။
နေပြည်တော်ကောင်စီ၏ ယနေ့ထုတ်ပြန်ချက်တွင် လူ ၃၀ ထက် ပိုသော စုဝေးမှုလုပ်လျှင် ထိထိရောက်ရောက် အရေးယူရန်ရှိပြီး၊ နေပြည်တော်သို့ တရားမဝင်ဝင်ရောက်လာမှုများကိုလည်း ကြပ်မတ်ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။
နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးကလည်း ပုံမှန်စစ်ဆေးမှုများဆောင်ရွက်နေသည့်ကြားမှ တရားမဝင်ဝင်ရောက်လာသူများရှိနေသဖြင့် ယခုကဲ့သို့ ထပ်မံစာထုတ်အသိပေးခြင်းဖြစ်ကြောင်း ပြောသည်။
“အရှိန်အဟုန်မြှင့်တဲ့သဘောပါပဲ”ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်နိုင်တင်းကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ မတ်လစ၍ ယနေ့အထိ နေပြည်တော်တွင် ရောဂါပိုးတွေ့သူ ၁၂၀၉ ဦးရှိသည်ဟု နေပြည်တော်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် နေပြည်တော်အဝင်၊ အထွက်နှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် ကိုဗစ်နိုင်တင်း ကာကွယ်၊ ထိန်းချုပ်ရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန် အများပြည်သူသို့ အသိပေးပန်ကြားပါသည်ဟုလည်း နေပြည်တော်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။