သတင်း

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်နေစဉ် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်

နယ်ကျွံလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်စဉ် ဖမ်းမိခဲ့သည်ဟူသော SSPP တပ်ဖွဲ့ဝင်များကို ရန်သူအဖြစ် မသတ်မှတ်ကြောင်း၊ စစ်ဆေးမေးမြန်းပြီးပါက ထောင်ကျခံရနိုင်ကြောင်း RCSS က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ အရှိန်မြင့်နေစဉ် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့သည် ပြည်နယ်တောင်ပိုင်း၌ တိုက်ပွဲဖြစ်နေကြသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် အပစ်အခတ်ရပ်စဲကြောင်း ၂ ဖက်ပူးတွဲ၍ ကြေညာချက်ထုတ်ပြန်ခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ယခုနှစ်ဝက်မှစတင်၍ တိုက်ပွဲများ ကြိုးကြားကြိုးကြားပြန်ဖြစ်နေသည်။

မကြာသေးသည့် ဇူလိုင် ၂၁ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၌ RCSS နှင့် SSPP တိုက်ပွဲဖြစ်ပွားပြီး SSPP တပ်ဖွဲ့ဝင် ၅ ဦး အရှင်မိထားကြောင်း RCSS ဘက်က သတင်းထုတ်ပြန်သည်။

SSPP တပ်ဖွဲ့ဝင်များသည် RCSS တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ဝင်ရောက်လှုပ်ရှားလာသဖြင့် တိုက်ပွဲဖြစ်ရကြောင်း၊ တိုက်ပွဲအတွင်း SSPP တပ်ဖွဲ့ဝင်များကို ဝိုင်းပတ်ပိတ်ဆို့ကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံက ဆိုသည်။

တိုက်ပွဲအတွင်း မောင်းပြန်ရိုင်ဖယ် ၈ လက်နှင့် ဗုံးပစ်လောင်ချာ ၁ လက် ရရှိခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ SSPP နှင့် ဆွေးနွေးနိုင်ရန် ကြိုးပမ်းသွားမည်ဟု RCSS ဘက်က ဆိုသည်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် SSPP တပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို ရန်သူအဖြစ် မသတ်မှတ်ကြောင်းနှင့် စစ်ဆေး မေးမြန်းပြီးပါက ထောင်ကျခံရနိုင်ကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။

“ရန်သူအဖြစ် မသတ်မှတ်တဲ့အတွက် လျှော့ပေါ့ပြစ်ဒဏ် ခံစားခွင့်ရှိနိုင်ပါတယ်။ စစ်ဆေးပြီးမှ ပြစ်ဒဏ်ချမှတ်မှာဆိုတော့ ဘယ်လောက်အထိ ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်မလဲဆိုတာ ပြောလို့မရသေးပါဘူး။ အဓိကအချက်ကတော့ ပြည်သူကို နှိပ်စက်ဖူးတာတို့၊ RCSS နဲ့ တိုက်ပွဲ အကြိမ်ကြိမ်ပါဝင်တာတို့ဆိုရင် လျှော့ပေါ့ခံစားခွင့် မရနိုင်ပါဘူး”

ရပ်စောက်မြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ်သက်၍ SSPP ၏ တုံ့ပြန်ချက်ရနိုင်ရန် SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆုထံ Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ချက် မရသေးပေ။​

ပြီးခဲ့သည့် ဇွန် ၆ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့၌ SSPP စစ်ကြောင်းကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်က SSPP ဘက်က တုံ့ပြန်ဖြေဆိုခဲ့သည်။

RCSS တပ်ဖွဲ့ဝင်များသည် SSPP တပ်ဖွဲ့ဝင်များကို ၁၀ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ထားပြီး RCSS အနေနှင့် ဖြေရှင်းပေးရန် တောင်းဆိုသော်လည်း ဖြေရှင်းပေးမှုမရှိဟု ဗိုလ်မှူးကြီးစိုင်းဆုက ထိုစဉ်က ပြောထားသည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သည့် မြန်မာသုတေသီအမျိုးသားတစ်ဦးက လက်ရှိကာလတွင် တော်လှန်ရေးအဖွဲ့အချင်းချင်းပဋိပက္ခနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း ပဋိပက္ခသည် ရှမ်းလက်နက်ကိုင်အဖွဲ့များတွင်သာမက အခြားအဖွဲ့များ၌ပါ ရှိနေကြောင်း ထောက်ပြသည်။

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့သည် အပစ်ရပ်ရန် သဘောတူခဲ့သော်လည်း ထိန်းချုပ်နယ်မြေနှင့် ပတ်သက်ပြီး သဘောတူညီချက်မရသေးသလို နိုင်ငံရေးသဘောထားအရလည်း ပေါင်းစည်းနိုင်ခြင်းမရှိသဖြင့် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်ဟု ထိုသူက ဆိုသည်။

“ဒါမျိုးတွေ မဖြစ်ဖို့တော့ တားလို့မရဘူး။ ဗမာတွေလည်း အချင်းချင်းချနေကြတာပဲလေ။ အမြင်မတူရင်တော့ ချနေကြတာပဲ”

SSPP သည် ရှမ်းပြည်နယ်တောင်ပိုင်း (သို့မဟုတ်) အလယ်ပိုင်းဟု ခေါ်သော မိုင်းရှူးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်ရှိပြီး RCSS သည် ထိုင်း-မြန်မာနယ်စပ်ရှိ လွိုင်တိုင်းလျန်တွင် ဌာနချုပ်တည်ထားသည်။

အဆိုပါ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့သည် ဌာနချုပ်ကို ဗဟိုပြု၍ ရှမ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးလက်ဒေသများကို ဩဇာလွှမ်းနိုင်ရေး ကြိုးပမ်းနေသောအဖွဲ့များဖြစ်သည်။

RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး SSPP က လက်မှတ်ရေးထိုးထားခြင်းမရှိပေ။

SSPP သည် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ စုဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) တွင် ပါဝင်ထားပြီး RCSS သည် အပစ်ရပ် EAO များ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် စုဖွဲ့ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) အဖွဲ့တွင် ပါဝင်သည်။

FPNCC ဦးဆောင်အဖွဲ့ဝင်ဖြစ်သော UWSA နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် SSPP သည် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA) နှင့်လည်း ဆက်ဆံရေးတင်းမာနေသည်။

မကြာသေးခင် ဇူလိုင် ၁၃ ရက်ကလည်း မြောက်ပိုင်းအဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) စစ်ရေးလှုပ်ရှားနေသော လားရှိုးမြို့မှအရှေ့တောင်ဘက် မိုင်းရယ်မြို့ပေါ်ကို “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် အတူ SSPP/SSA အင်အားရာနှင့်ချီဖြင့် ဝင်ရောက်လာသဖြင့် ဒေသတွင်း စစ်ရေးတင်းမာလာမည်ကို ဒေသခံများ စိုးရိမ်ခဲ့ကြသည်။

Show More

Related Articles

Back to top button