
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် ယာယီပိတ်ထားခဲ့သည့် ကုန်စည်ဒိုင်များနှင့် စီးပွားရေးလုပ်ငန်းအချို့ကို မန္တလေးတိုင်းအစိုးရက ယခုလမှစ၍ ပြန်ဖွင့်ခွင့်ပြုလိုက်သော်လည်း ပုံမှန်လည်ပတ်ရန် အချိန်ယူရဦးမည်ဟု မြို့ခံလုပ်ငန်းရှင်များက ပြောသည်။
အထက်မြန်မာပြည် ပဲနှမ်းဈေးကွက်ဖြစ်သော မန္တလေး ပဲ၊ နှမ်းကုန်စည်ဒိုင်သည် လေးလကြာ ပိတ်ထားခဲ့ပြီးနောက် မနက်ဖြန် (ဇန်နဝါရီ ၂၁) တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး အခြားကုန်စည်ဒိုင်များဖြစ်သော သကြားဒိုင်၊ ဆန်ကုန်စည်ဒိုင်များမှာလည်း ဇန်နဝါရီလဆန်းပိုင်းကတည်းက အရောင်းအဝယ် ပြန်ပြုလုပ်နေပြီဖြစ်သည်။
ထိုသို့ အရောင်းအဝယ်လုပ်ငန်းအချို့ ပြန်လည်စတင်ပြီဖြစ်သော်လည်း ပြည်တွင်းဈေးကွက်အပြင် တရုတ်ဝယ်လိုအားရှိသည့် ပဲ၊ နှမ်း၊ ဆန် စသော ကောက်ပဲသီးနှံများမှာမူ တရုတ်နှစ်သစ်ကူးရာသီ နီးလာချိန်ကြောင့် အရောင်းအဝယ်အေးနေသည်ဟု ဆိုသည်။
“အခုက ဆန်သစ်ပေါ်ချိန်ဆိုတော့ ဆန်ဈေးလည်းအေးသလို တရုတ်လိုင်းဆန်ကျတော့လည်း နှစ်သစ်ကူးကာလဆိုတော့ တရုတ်တွေက လုပ်ငန်းတွေ နားကြပြီလေ။ နောက်လကုန်လောက်အထိ အရောင်းအဝယ်က လေးနေဦးမှာ” ဟု မန္တလေး ဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်နိုင်က ပြောသည်။
တစ်ရက်လျှင် ကုန်သည်ပွဲစား ၅၀၀ ဝန်းကျင် ပုံမှန်အဝင်အထွက်ရှိသည့် ပဲနှမ်းကုန်စည်ဒိုင်သည်လည်း တရုတ်နိုင်ငံသို့ မန္တလေး-မူဆယ်မှတဆင့် အဓိကတင်ပို့နေသော ဈေးကွက်တစ်ခုဖြစ်ရာ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလ ကုန်စည်ဒိုင်ပိတ်ထားခဲ့ချိန်တွင် အွန်လိုင်းမှသာ အရောင်းအဝယ် ပြုလုပ်နေရကြောင်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးသက်တင်က ပြောသည်။
ထို့အတူ မန္တလေးကားရောင်းဝယ်ရေးစခန်းကို ဇန်နဝါရီလဆန်းပိုင်းတွင် မြို့တော်စည်ပင်သာယာရေးကော်မတီက ပြန်လည်ဖွင့်ခွင့်ပြုလိုက်သော်လည်း လက်ရှိတွင် မြို့နယ်ကျော်ကူးလူးသွားလာခြင်းကဲ့သို့ အသွားအလာကန့်သတ်ချက်များ ရှိနေသေးရာ နယ်ဝယ်လက်များ မလာရောက်နိုင်သေးသည့် အခြေအနေဖြစ်သည်ဟု ဝါရင့်ကားဝယ်ရောင်းအကျိုးဆောင် ဦးဝင်းမြင့်ဦးက ဆိုသည်။
ထိုကဲ့သို့ ကုန်စည်ဒိုင်များနှင့် ကားရောင်းဝယ်ရေးစခန်းများကို တိုင်းအစိုးရက ပြန်လည်ဖွင့်လှစ်ခွင့် ပြုပြီဖြစ်သော်လည်း အထက်မြန်မာပြည်စျေးကွက်ကို ကုန်မျိုးစုံဖြန့်နေသော မန္တလေးဈေးချိုအပါအဝင် ဈေးကြီးများမှာ ယနေ့အထိ ပြန်ဖွင့်ခွင့် မရသေးပေ။
ဈေးချိုအပါအဝင် တိုက်တန်းကြီး၊ မန်းမြန်မာပလာဇာတို့ကို ပြန်လည်ဖွင့်ခွင့်ပေးရန် ဈေးအကျိုးတော်ဆောင်အဖွဲ့က ဇန်နဝါရီ ၆ တွင် တိုင်းအစိုးရထံ တင်ပြခဲ့ရာ မန္တလေးခရိုင် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ဇန်နဝါရီ ၁၆ တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဖြစ်သည်။
ထို့အတူ ၁၀ လနီးပါးကြာ ပိတ်ထားသော မန္တလေးမဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းကိုလည်း ဇန်နဝါရီလကုန်အထိ ယာယီဆက်ပိတ်ထားရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားသည်ဟု အဆိုပါရောင်းဝယ်ရေးစခန်း၏ အကျိုးတော်ဆောင်ကော်မတီမှ သိရသည်။
ဇန်နဝါရီ ၁၉ အထိ မန္တလေးခရိုင်အတွင်း ကိုဗစ်နိုင်တင်း ဓာတ်ခွဲအတည်ပြုလူနာ ၁၂,၀၀၀ ကျော်နှင့် ကိုဗစ်ကြောင့် သေဆုံးသူ ၃၄၀ ရှိသည်။