သတင်း

တပ်မတော်နှင့် KNU ကြားတိုက်ပွဲကြောင့် ကျောက်ကြီးတွင် စစ်ရှောင်သူ ၁၀၀၀ အထိရှိလာ 

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ အကြား တိုက်ပွဲကြောင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ တစ်ထောင်ခန့်အထိ ရောက်ရှိလာကြောင်း ဒေသခံစစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် ကရင်လူငယ်ကွန်ရက် (Karen Youth Network) ထံမှ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့အကြား ၂၀၁၈ ကတည်းက ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများသည် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကျောက်ကြီးမြို့ နယ်အထိ ကူးစက်ဖြစ်ပွားလာခဲ့သည်။ 

ကျောက်ကြီးမြို့နယ်အတွင်း တပ်မတော်က လမ်းဖောက်လုပ်ရာမှ လက်နက်ကိုင်ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီး မကြာခဏဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ကရင်လူငယ်ကွန်ရ

က်မှ‌ စောအဲလ်ဘတ်ချိုက Myanmar Now ကို ပြောသည်။

ကျောက်ကြီးမြို့နယ် ပကော်ခီးကျေးရွာသားတစ်ဦးသည် ယနေ့ (ဇန်နဝါရီ ၁၉) နံနက်ပိုင်းက တောထဲတွင် စစ်ရှောင်နေရာမှ နေအိမ်ရှိ တိရစ္ဆာန်များကို အစာကျွေးရန် ခေတ္တပြန်လာချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ် ဒဏ်ရာများရရှိခဲ့သည်ဟု စောအဲလ်ဘတ်ချိုက ပြောသည်။

“ဒေသခံက စစ်ဘေးရှောင်နေတာ။ သူ့တိရစ္ဆာန်ကို ပြန်လာပြီး အစာကျွေးတာ။ တပ်မတော်က လက်နက်နဲ့ ရမ်းပစ်လိုက်တဲ့အချိန်မှာ ဒဏ်ရာရသွားတာ။ သူတို့က ပြေးလွှားနေရတော့ အိမ်ကပစ္စည်းတွေဘာမှ ယူသွားလို့ မရဘူး။ အိမ်ပြန်လာတာကို တပ်မတော်က စစ်သားလို့ အောက်မေ့တာဖြစ်ရင် ဖြစ်မှာပေါ့” ဟု စောအဲလ်ဘတ်ချိုက ပြောသည်။

ပကော်ခီးကျေးရွာအနီးရှိ KNU တပ်များရှိရာနေရာသို့ တပ်မတော်စစ်ကြောင်းများက တိုးဝင်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူက ဆိုသည်။

မိနစ်အနည်းငယ်ကြာသည့် ကကော်ခီးရွာအနီးက တိုက်ပွဲအတွင်း တပ်မတော်က ရွာအတွင်းသို့ လက်နက်ကြီးနှစ်ချက်ခန့် ပစ်ခတ်သောကြောင့် ရွာသားအချို့ ဒဏ်ရာရသွားသည်ဟုလည်း ၎င်းက ပြောသည်။

“ဖြစ်ပြီးတော့ သူတို့ရွာထဲကို လက်နက်ကြီးနဲ့ပစ်တာ လက်နက်ကြီးနှစ်လုံးပစ်တော့ ရွာသာတွေထိတော့ ထွက်ပြေးရပြန်ရော” ဟု ပဒိုစောတာဒိုမူက ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော ကျောက်ကြီးဒေသခံ တစ်ထောင်ကျော်ခန့်သည် နီးစပ်ရာတောထဲသို့ ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု စောအဲလ်ဘတ်ချိုက ပြောသည်။

“စစ်ပြေးတွေအတွက် အဓိကလိုအပ်တာ Shelter လို့ပြောရမယ်။ သူတို့ လုံလုံခြုံခြုံနေထိုင်နိုင်ဖို့လိုတယ်။ အခုက ရာသီဥတုအရမ်းအေးတယ်။ မိုးကာတို့ ဘာတို့လိုတယ်။ စားဖို့သောက်ဖို့လည်း လိုအပ်နေတယ်” ဟု ၎င်းက ဆိုသည်။

ကျောက်ကြီး – မူသဲ လမ်းဖောက်လုပ်ရန် တပ်မတော်စစ်ကြောင်းများ အင်အားတိုးချဲ့လာသောကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက KNU နှင့် တပ်မတော်တို့ အဆိုပါနယ်မြေတွင် စစ်ရေးတင်းမာလျက်ရှိသည်။ လမ်းဖောက်လုပ်ရေးဆောင်ရွက်ရန် တပ်မတော်စစ်ကြောင်းများ နယ်မြေကျော်လွန်၍ ယခုနှစ်ဆန်းပိုင်းတွင် ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရသည်ဟုလည်း KNU က ပြောဆိုထားသည်။

ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း၌လည်း တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံ ၃, ၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

လက်နက်ကိုင်နှစ်ဖွဲ့ကြား တင်းမာနေသည့် စစ်ရေးအခြေအနေနှင့် ပတ်သက်၍ KNU ဘက်က တွေ့ဆုံလိုသော်လည်း တပ်မတော်က တုံ့ပြန်မှုမရှိကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

“ရိက္ခာပို့တာက အကြောင်းမရှိဘူးဆိုပေမယ့် ရိက္ခာကို အကြောင်းပြပြီး လမ်းချဲ့တာ၊ လမ်းထိုးတဲ့ ကိစ္စတွေက ကျွန်တော်တို့ကြားမှာ ညှိရမယ့်ကိစ္စတွေဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူက ပြောသည်။

တပ်မတော်နှင့် KNU တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းကို ဆွေးနွေးအဖြေရှာရန် တပ်မ‌တော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံသို့ ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း စာပေးပို့ခဲ့သော်လည်း အကြောင်းပြန်လာခြင်း မရှိသေးကြောင်းလည်း ပဒိုစောတာဒိုမူက ပြောသည်။

Show More

Related Articles

Back to top button