စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အေလာ လေတပ်စခန်း ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့က ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။
သာဝတ္တိမြို့နယ်၊ ဟေမန်ကျေးရွာဒေသခံ ၂ ဦးနှင့် ဆက်စပ်သူ ၁၅ ဦးကို ဖမ်းဆီးထားသည်ဟု စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြသည်။
ဖမ်းဆီးခံရထားသူများသည် ဒေသခံပြည်သူများသာဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု တိုက်ခိုက်ခဲ့သည့် Brave Warrior for Myanmar (BWN) နှင့် ဒေသခံများက ဆိုသည်။
“ခု အဖမ်းခံရတဲ့သူတွေက ရှော့တိုက်ဒုန်း ပစ်တယ်လို့ စစ်ကောင်စီဘက်က ယူဆနေတဲ့ နေရာတစ်ဝိုက်က ရွာသားတွေပါ၊ သာမန် တောင်သူတောင်သား အရပ်သားပြည်သူတွေပဲ ဖြစ်ပါတယ်ခင်ဗျ” ဟု Brave Warrior for Myanmar (BWN) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သာဝတ္တိမြို့မှ ဒေသခံတစ်ဦးကလည်း “သာဝတ္တိက လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ လင်မယားနှစ်ယောက်ကို ဖမ်းပြီး မိန်းမက ပြန်လွတ်လာတယ်၊ အမျိုးသားက စစ်ကြောရေးမှာ၊ ကျန်တာက ရွာနားက ဆိတ်ကျောင်း၊ နွားကျောင်းနဲ့ လယ်ယာလုပ်တဲ့ ဒေသခံတွေ ပါသွားတာ” ဟု ၎င်းက ပြောသည်။
ဇူလှိုင် ၁၆ ရက်တွင် လယ်ဝေးမြို့နယ်ရှိ အေလာလေတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် ပစ်ခတ်ပြီး ပျက်စီးနေသည့် ဒုံးပစ်စင် ၄ ခုနှင့် ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ဒုံးပစ်စင်သုံးခုတို့ကို အောင်စေတနာကျေးရွာအနီးတွင် တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
အောင်စေတနာကျေးရွာသည် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာအုပ်စုတွင် တည်ရှိပြီး အိမ်ခြေ ၆၇ အိမ် လူဦးရေ ၁၀၀ ကျော်သာရှိသည့် ရွာငယ်လေးဖြစ်သည်။
ထိုပစ်ခတ်မှုအပြီး အနီးဝန်းကျင်ရှိ ကျေးရွာများကို ပိတ်ဆို့စစ်ဆေးရာ ရှော့တိုက်ဒုန်းပစ်ခတ်မှုတွင် ပါဝင်သည့် သာဝတ္တိ သစ်ကြိမ်းအုပ်စု၊ ဟေမန်ကျေးရွာနေ ပြည့်ဖြိုးအောင် (ခ) နောက်စေ့နှင့် သက်ခိုင်ထွန်း (ခ) ကိုသက်တို့ကို ဖမ်းဆီးခဲ့သည်။
၎င်းတို့ကို စစ်ဆေးချက်များအရ ဆက်စပ်သူ ၁၅ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကနဦး ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးနှင့် ပက်သက်၍ အသေးစိတ်မသိရှိရသေးပေ။
ဖမ်းဆီးခံခဲ့ရသည့် လူငယ်နှစ်ဦး၏နေရပ် ဟေမန်ကျေးရွာသည် ပျဉ်းမနားတောင်ပေါ်ရွာများသို့ သွားသည့် တောင်ဖီလာလမ်းဘေးတွင် တည်ရှိသည့်ရွာဖြစ်သည်။ တိုက်ခိုက်ခံခဲ့ရသည့် အေလာလေဆိပ်နှင့် တစ်နာရီကျော် သွားရသည့် အကွာအဝေးတွင် တည်ရှိသည်။
စစ်ကောင်စီ၏ ပစ်မှတ်နေရာများ တိုက်ခိုက်ခံရပြီးနောက်တွင် အနီးအနားရှိ ဒေသခံများကို ဖမ်းဆီး၍ တရားခံအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။
အေလာလေတပ်ကို တိုက်ခိုက်ခဲ့သည့် BWN နှင့် မဟာမိတ်ရဲဘော်များသည် မိမိတို့၏ ဌာနစခန်းအသီးသီးသို့ ပြန်လည်ရောက်ရှိနေပြီး ဘေးကင်းကြောင်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
ဇူလှိုင် ၁၆ ရက်နေ့ အေလာလေတပ်ကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးပြီး အဆောက်အအုံနှင့် ဂိုဒေါင်များ ပျက်စီးကြောင်း တိုက်ခိုက်ခဲ့သည့် Brave Warrior for Myanmar (BWN) က ဆိုသည်။ သို့သော် စစ်ကောင်စီကမူ ထိုတိုက်ခိုက်မှုတွင် လူနှင့် အဆောက်အအုံ ထိခိုက်မှုမရှိဟု ဆိုသည်။