သတင်း

MNDAA ထိန်းချုပ်သည့် သိန္နီမြို့ကို စစ်ကောင်စီလေယာဉ် ဗုံးကြဲ

စစ်ကောင်စီလေတပ်က ရှမ်းပြည်နယ်အတွင်း MNDAA ထိန်းချုပ်သည့် မြို့တစ်မြို့ကို ညသန်းခေါင်ကျော်တွင် ဗုံးကြဲရာ စာသင်ကျောင်း ပျက်စီးသွားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် သိန္နီမြို့ကို ယနေ့ (ဇူလိုင် ၁၂) တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့ရာ လူထိခိုက်မှု မရှိသော်လည်း စာသင်ကျောင်းအဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် မြို့တောင်ဘက်ရှိ  အမှတ် (၁) အထက်တန်းကျောင်း ဗုံးထိပြီး စာသင်ကျောင်းအဆောက်အအုံ ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သိန္နီကို သူတို့က လာပြီးဗုံးကြဲသွားတာပေါ့။ သိန္နီအထက ကတော့ အတော်လေးပျက်စီးသွားတယ်။ လူထိခိုက်မှု၊ အရပ်သားထိခိုက်မှုကတော့ မရှိဘူး။ ကျန်တဲ့ (လက်နက်ကိုင်) အဖွဲ့အစည်းတွေ ထိခိုက်မှုရှိမလားတော့ ဂဃနဏ မသိရသေးဘူး” ဟု သူက ပြောသည်။

တိုက်ပွဲမရှိသည်မှာ ကာလအတန်ကြာပြီဖြစ်သော သိန္နီမြို့ကို ပြီးခဲ့သည့် ဇူလိုင် ၃ ရက် နံနက်အစောပိုင်းကလည်း လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး ထိုနေ့မှ ယနေ့အထိ မြို့ပေါ် နေရာ ၇ ခုထက်မနည်း လေကြောင်းတိုက်ခိုက်ခံထားရသည်ဟု စစ်ရှောင်ထွက်ပြေးနေသည့် အထက်ပါ ဒေသခံက ဆိုသည်။

“၃ ရက်နေ့ကလည်း သိန္နီရဲစခန်းဟောင်းအနားမှာ လာပြီးတော့ ကြဲတယ်။ အဲဒီအနီးအနားတစ်ဝိုက်ရှိတဲ့ အိမ်လေး သုံး၊ လေးအိမ်တော့ ပျက်စီးသွားတယ်။ နောက်ရက်တွေမှာလည်း အဲဒီလိုလာကြဲတာတွေ ရှိတယ်။ ဖုန်းလိုင်းတွေကလည်း ရတစ်ချက်၊မရတစ်ချက်ဆိုတော့ ကျန်ခဲ့သူတွေကို ကောင်းကောင်း ဆက်သွယ်လို့မရဘူး” ဟု သူက ဆိုသည်။

ယမန်နှစ် အောက်တိုဘာ၂၇ ရက်နေ့က မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များက “၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ သိန္နီမြို့သိမ်းယူနိုင်ရေးအတွက် MNDAA နှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပါဝင်တိုက်ခိုက်ခဲ့သည်။

ထိုစဉ်က စခန်းများ ဝန်းရံပိတ်ဆို့ခံထားရသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး ခုခံသော်လည်း မြို့သည် MNDAA ဦးဆောင်သောတပ်များထိန်းချုပ်မှုအောက် ရောက်ရှိသွားသည်။

ထို့နောက် တရုတ်၏ ဖိအားကြောင့်  ရှမ်းမြောက်တွင် ယာယီအပစ်ရပ်လိုက်ကြပြီး ဇွန် ၂၅ မှ စတင်ကာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အဖြစ် ရှမ်းနှင့် မန္တလေးနယ်စပ် မြို့ကြီး ၄ မြို့ထက်မနည်းကို တိုက်ခိုက်ခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင် ဇွန် ၂ ရက် ညပိုင်းမှစ၍ MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်သော လားရှိုးမြို့နှင့် စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့အခြေအနေ၌ စစ်ကောင်စီသည် MNDAA ထိန်းချုပ်မြို့ကို ယခုလဆန်းမှ စတင်၍ လေကြောင်းမှ ဗုံးကြဲနေခြင်း ဖြစ်သည်။

သိန္နီဒေသခံများသည် “၁၀၂၇” စစ်ဆင်ရေး အစောပိုင်းကတည်းက ရှမ်းပြည်တောင်ပိုင်း၊ ရန်ကုန်၊ မန္တလေးမြို့တို့သို့ စစ်ဘေးရှောင်ထွက်ပြေးသွားကြပြီး အချို့က နေရပ်ကို အပြီးတိုင်စွန့်ခွာသွားကြသည်ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

“အနယ်အရပ်အသီးသီးကို အားလုံးရောက်သွားတယ်။ မိသားစုဝင်တွေ တကွဲတပြားဖြစ်သွားတယ်။ စားဖို့သောက်ဖို့က အစ၊ နေဖို့ထိုင်ဖို့ကအစ တစ်ကနေ ပြန်စနေရတယ်” ဟု သူက ဆိုသည်။

“စီးပွားရေးမရှိတဲ့လူဆို ဘယ်လိုစားမလဲ၊ ဘယ်လိုနေမလဲ။ အဲဒါတော့ အားလုံးသိတဲ့ ဒုက္ခတွေပဲလေ”

သိန္နီမြို့ဒေသခံအများအပြား နေရပ်စွန့်ခွာခဲ့ရကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO) ကလည်း ပြောသည်။

“စစ်ရှောင်တာတော့ ၁၀၂၇ ပထမပိုင်းကတည်းက ရှောင်ကြပြီး တချို့ပြန်လာနေကြတယ်။ မလာတဲ့သူလည်း မလာဘူး။ အခုက ထပ်ပြီးရှောင်နေကြတာပေါ့” ဟု တအာင်းအမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိန္နီမြို့သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း လားရှိုးမြို့နှင့် တစ်ဆက်တည်းတွင် ရှိပြီး ၂၆ မိုင်ကျော် ကွာဝေးကာ ရှမ်းမြောက်ဒေသ အရှေ့နှင့် အနောက်သွားရာ လမ်းဆုံအနီး တည်ရှိသည်။

တိုက်ပွဲကာလ အရပ်သားထိခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ဇူလိုင် ၁၀ ရက်နေ့ ရက်စွဲတပ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့က စ တိုက်ခိုက်လာပြီး နေ့စဉ်အဝေးကနေ ရှော့တိုက်ဒုံး၊ Drone တွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မိုးကုတ်မြို့အထက် မိုးမိတ်မြို့တွင်လည်း တိုက်ပွဲများပြင်းထန်နေရာ ရှော့တိုက်ဒုံး၊ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု ဗုံးကြဲခဲ့ခြင်းကြောင့် မိုးမိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ကျရောက် ပေါက်ကွဲပြီး ဒေသခံ ၃ ဦးထက်မနည်း သေဆုံး၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းအဖွဲ့၏ ဇူလိုင် ၇ ရက်အထိ စာရင်းများအရ လားရှိုးမြို့နယ်တိုက်ပွဲအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ​သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၁၈ ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။ သေဆုံး ဒဏ်ရာရသူများမှာ ရဟန်းသံဃာများ၊ စစ်ရှောင်နေသူများ၊ ကလေးများ ဖြစ်ကြသည်။

မိုးကုတ်မြို့တွင်လည်း ဇွန် ၂၅ မှ ဇူလိုင် ၄ ရက်အထိ လက်နက်ကြီးနှင့် လေယာဉ် ဗုံးကြဲမှုများကြောင့် ရဟန်းတစ်ပါးအပါအဝင် အရပ်သားသေဆုံးသူ ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးနှင့် နေအိမ် ၂၁ လုံး ပျက်စီးသည်ဟု ဒေသခံများထံမှ ရရှိသော သတင်းအချက်အလက်များကို ကိုးကား၍ ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

ဇွန် ၂၅ ရက်မှ ဇူလိုင် ၁၀ အတွင်း စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အရပ်သား ၅၄ ဦး သေဆုံးပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၉၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button