မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေးမြို့တော်မန္တလေးနှင့် အနောက်ဘက်ကမ်းရိုးတန်းမြို့ ကျောက်ဖြူကို ပြေးဆွဲမည့် ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာရေးလုပ်ငန်းများကို တစ်နှစ်ခွဲအတွင်း ပြီးမြောက်ရန် မျှော်မှန်းကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က Myanmar Now ကို ပြောသည်။
စီမံကိန်းဧရိယာနှင့် ရထားလမ်းကြောင်းတိုင်းတာခြင်း အပါအဝင် စီမံကိန်းဆောင်ရွက်ရန်ဖြစ်နိုင်ခြေ ရှိမရှိကို တရုတ်ပညာရှင်များက တစ်နှစ်ခန့် ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း၊ လေ့လာတွေ့ရှိချက်များအပေါ် ပညာရှင်အဖွဲ့ဖြင့် ထပ်မံဆန်းစစ်ရန် လျာထားသည်ဟု ဆိုသည်။
“အခုက ကိုဗစ်ဖြစ်နေချိန်ဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝင်ရထွက်ရ အရမ်းခက်တဲ့ အနေအထားမှာ လုပ်ငန်းဘယ်တော့စမလဲ ဆိုတာတော့ အတိအကျပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ MOU လက်မှတ်ထိုးပြီး ၃၊ ၄ လအတွင်း သူတို့ (တရုတ်) ဘက်ကလူတွေ ဝင်လာခွင့်တွေ ဆက်လုပ်ပြီး လေ့လာမယ့်ကိစ္စတွေ လုပ်ပါမယ်” ဟု ဦးဘမြင့်က ပြောသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်း (CMEC) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာ့မီးရထားလုပ်ငန်းနှင့် စီမံကိန်းအဆိုပြုကုမ္ပဏီဖြစ်သော China Railway Eryuan Engineering Group (CREEG) တို့ နေပြည်တော်တွင် ဇန်နဝါရီ ၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်း (Mr. Chen Hai) တို့လည်း တက်ရောက်ခဲ့သည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းအရ တရုတ်နိုင်ငံသည် ဘေဂျင်း- ကူမင်း- ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် မြန်မာနိုင်ငံဘက်ရှိ မူဆယ်- မန္တလေး- ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ကို ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်ထားသည်။ ထိုမှတဆင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို ချိတ်ဆက်နိုင်ရန် ရည်ရွယ်သည်။
ယူနန်ပြည်နယ်ရှိ တာလီမှ ရွှေလီ ရထားလမ်းပိုင်းသည် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ဖောက်လုပ်ပြီးစီးကာ မြန်မာနယ်စပ်အထိ ရောက်ရှိမည်၊ နှစ်နိုင်ငံရထားလမ်းချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံအတွင်း ရထားလမ်းဖောက်လုပ်ခြင်းသည် မြန်မာ့စီးပွားရေးတိုးတက်မှုနှင့် လူထုဘဝကောင်းမွန်လာရေး အထောက်အကူပြုနိုင်မည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အားဖြည့်ပေးနိုင်လိမ့်မည်ဟု တရုတ်သံအမတ်ကြီးက လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။
ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ဖွံ့ဖြိုးရေးအပါအဝင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ ပင်မဝင်ရိုးတစ်ခုဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို ချိတ်ဆက်နိုင်ရန် ကူမင်း- ကျောက်ဖြူရထားလမ်းကို တရုတ်နိုင်ငံ၏ CREEG ကုမ္ပဏီက ၂၀၁၁ တွင် မြန်မာအစိုးရထံအဆိုပြုခဲ့ပြီး စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုနားလည်မှုစာချွန်လွှာသည် ၂၀၁၄ တွင် သက်တမ်းကုန်ခဲ့သည်။
ထို့နောက် ၂၀၁၇ နှစ်လယ်ပိုင်းတွင် မူဆယ်- မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုပြုလုပ်ရန် ထပ်မံအဆိုပြုခဲ့ပြီး တစ်နှစ်အကြာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး နိုင်ငံဖြတ်ကျော် စီမံကိန်းတစ်ရပ်ဖြစ်သည့်အတွက် အဆိုပြုချက်အတိုင်း တစ်ပြိုင်နက်သဘောမတူခဲ့ဘဲ အပိုင်းလိုက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာစီးပွားရေးစင်္ကြံပူးတွဲကော်မတီ၏ ဒေသအဆင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မူဆယ်-မန္တလေး ရထားလမ်းသည် ၄၃၁ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး မန္တလေး- ကျောက်ဖြူ ရထားလမ်းသည် ၃၈၀ ကီလိုမီတာခန့် ရှိမည် ဖြစ်သည်။ မြန်မာ့မီးရထား၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဦးဘမြင့်ကမူ ထိုရထားလမ်းပိုင်းနှစ်ခု တစ်ဆက်တည်းဖြစ်မဖြစ်ကို လတ်တလော အတိအကျပြောရန် စောသေးသလို ကွင်းဆင်းလေ့လာမှုအစီရင်ခံများအပေါ် မူတည်မည်ဟု ဆိုသည်။
“တွေ့ရှိချက်တွေက တိုင်းပြည်ကို ဘယ်လိုအကျိုးရှိမှာလဲပေါ် မူတည်ပြီး ကျွန်တော်တို့ ပြည်သူတွေက ဆုံးဖြတ်ရမှာပေါ့ဗျာ။ တိုင်းပြည်အကျိုးမရှိဘူးထင်ရင်လည်း ရှိတော့မှ လုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က နည်းပညာ ကျွမ်းကျင်တဲ့အပိုင်းကနေ ကူညီပြီးတော့ လုပ်သင့်တယ်ဆိုရင် ထောက်ခံတင်ပြမယ်။ အခက်အခဲရှိတယ်ဆိုရင်လည်း အဲဒါကို တင်ပြမယ်” ဟု ၎င်းက ပြောသည်။
မြေပြင်ကွင်းဆင်းလေ့လာချက်အစီရင်ခံစာ ထွက်ရှိလာပါက ရထားလမ်းကြောရှိ ဒေသခံနှင့် လွှတ်တော်တို့ကို ချပြဆွေးနွေးသွားမည်ဟု ဦးဘမြင့်ကဆိုသည်။
ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို ပင်လယ်နှင့် ဆက်စပ်နိုင်ရန် တရုတ်နိုင်ငံ၏ကနဦးကြိုးပမ်းချက်မှာ အောင်မြင်ပြီးဖြစ်သည်။
ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန် တပ်မတော်အစိုးရလက်ထက်တွင် သဘောတူညီချက် ရယူနိုင်ခဲ့သည်။ ပိုက်လိုင်းတည်ဆောက်မှုကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် အဆုံးသတ်နိုင်ခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် ပိုက်လိုင်းစီမံကိန်းတစ်ခုလုံး စတင်လည်ပတ်နိုင်ကြောင်း တရားဝင်ကြေညာခဲ့သည်။
မြန်မာပြည်ရှိ မြို့ပေါင်း ၂၀ ကျော်ကို ဖြတ်သန်းပြီး ရေနံသယ်ယူခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံကို သယ်ယူရာတွင် ခရီးလမ်းအရှည်ကို လျော့ကျစေခြင်းကဲ့သို့သော ကောင်းကျိုးများကို တရုတ်နိုင်ငံက ရရှိခဲ့သည်။
ပိုက်လိုင်းစီမံကိန်းပြီးသည့်နောက်တွင် တရုတ်နိုင်ငံက ရထားလမ်းစီမံကိန်းအတွက် ခြေလှမ်းသစ် နောက်တစ်လှမ်း လှမ်းလိုက်ပြီဖြစ်သည်။
စစ်ရေးနှင့် စီးပွားရေးမဟာဗျူဟာ လိုအပ်ချက်များအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာပင်လယ်ပြင်တွင် စိုးမိုးမှုပိုမိုရရှိရန် ကြိုးပမ်းနေကြောင်း နိုင်ငံတကာလေ့လာသူများက ပြောဆိုထားသည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ ကြီးမားသော အရှိန်ဩဇာကို ပြည်တွင်းစစ်ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရဆဲဖြစ်သည့် မြန်မာနိုင်ငံက လွန်ဆန်နိုင်ရန်မူ မလွယ်ကူလှပေ။
ထို့အပြင် ယခင်စစ်အစိုးရလက်ထက်များမှ လက်ရှိအချိန်အထိ မြန်မာအစိုးရအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်များ၊ နိုင်ငံတကာဖိအားများနှင့် ပတ်သက်လျှင် တရုတ်နိုင်ငံက အိမ်နီးချင်း မြန်မာဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခုခံပေးလျက်ရှိသည်။