သတင်း

အရေးပေါ်ဆေးကုသနေရသည့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက မိသားစုနှင့် တွေ့ခွင့်မပေး

သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရပြီး အသက် ၇၃ နှစ်အရွယ်ရှိ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး မိသားစုနှင့် တွေ့ခွင့်မရဟု စုံစမ်းသိရသည်။

သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရပြီး အသက် ၇၃ နှစ်အရွယ်ရှိ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးအထူးကုဆေးရုံကြီးတွင် ဆေးသမှုခံယူနေရပြီး မိသားစုနှင့် တွေ့ခွင့်မရဟု ယင်းနှင့်နီးစပ်ခဲ့ဖူးသည့် အသိမိတ်ဆွေများက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးအိုးဘိုထောင်အတွင်း ဆေးကုသမှုခံယူနေရာမှ ပြီးခဲ့သည့် ဇွန်လ ၂၅ နေ့က ထောင်ပြင်ပ မန္တလေးဆေးရုံကြီးသို့ ရုတ်တရက်ထုတ်ကာ ဆေးကုသနေရခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။

ထောင်အာဏာပိုင်တို့သည် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးမကောင်းပါက ထောင်တွင်းဆေးရုံတွင်သာ ကုသပေးလေ့ရှိသည်၊ ကျန်းမာရေးအလွန်ဆိုးရွားမှသာ ပြင်ပဆေးရုံသို့ ပြောင်းရွှေ့ကုသစေခြင်းကြောင့် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရဖွယ်ရှိသည်ဟုလည်း အထက်ပါ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။

“ရုတ်တရက် ဆရာဇော် ပြင်ပဆေးရုံကို ထွက်တယ်ဆိုတဲ့သတင်း ထောင်ဝင်စာပို့တဲ့ (အခြားအကျဉ်းသား) မိခင်တွေဆီကနေတစ်ဆင့် ကျွန်တော်တို့ ကြားရတယ်။ ရုတ်တရက် ထူးထူးခြားခြားဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုရှိမယ်လို့ ကျွန်တော်တို့ယူဆတယ်”

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အမှုပေါင်းများစွာဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၂၉ နှစ် ချထားသည်။

စတင်ထောင်ချခံရသည့် ၂၀၂၂ ခုနှစ် ဇွန်လမှသည် ယခု မန္တလေးအထူးကုဆေးရုံကြီးတွင် ဆေးသမှုခံယူနေရချိန်အထိ မိသားစုနှင့် တွေ့ခွင့်မရဟုလည်း မိသားစုနီးစပ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

“သွေးအဖြေမကောင်းတာနဲ့ ကင်ဆာဆေးသစ်ပြောင်းကုဖို့ ဆရာဝန်တွေ တိုင်ပင်ကြိုးစားနေကြတယ်လို့ ကြားရတယ်။ ရုံးမထုတ်တော့ကတည်းက အဆက်အသွယ်မရတော့ဘူး”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် ဖမ်းဆီးခံရပြီးနောက် အိုးဘိုထောင် တိုက်အမှတ် (၆) တွင် ချုပ်နှောင်ခံခဲ့ရသည်။ ထိုကာလက ဆေးဝါးကုသခွင့်လည်း မရရှိခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်တိုက်ဟု ခေါ်ဆိုသည့် တိုက်အမှတ် (၆) သည် အိုးဘိုထောင်တစ်ခုလုံးတွင် နေတည့်တည့်ထိုးပြီး ပြင်ပထွက်ခွင့်မရှိသည့် ပိတ်လှောင်ပူပြင်းသည့် နေရာတစ်ခုဖြစ်သည်၊ ထိုနေရာတွင် ရောဂါသည် ဝန်ကြီးချုပ်သည် ၂ နှစ်ကြာအောင် အပူဒဏ်ခံကာ နေခဲ့ရသည်ဟု အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“ပြစ်ဒဏ်တိုက်ဆိုတဲ့အတိုင်း ပူလောင်ပြီးတော့ အပြင်ကို လုံးဝထွက်ခွင့်မရှိတဲ့ အဆောင်မျိုးပါ။ အဲဒီမှာ နေခွင့်ရတဲ့ကာလမှာ ဆေးကုသခွင့်လည်း ရတယ်မကြားခဲ့ပါဘူး”

“အဲဒီကနေ ၂ နှစ်အကြာမှာ ၁ တိုက်လို့ခေါ်တဲ့ တိုက်ကို ရောက်လာတယ်၊ အဲဒီမှာ အခန်းသီးသန့်နေရတယ်၊ အခန်းထဲမှာတော့ လမ်းလျှောက်လို့ရတယ်။ ပြင်ပကို လုံးဝထွက်ခွင့်မရပါဘူး။ သီးသန့်နေရတဲ့သဘောပေါ့နော်။ အဲဒီမှာစပြီး ဆေးကုသခွင့်ရခဲ့တယ်လို့ သိရတယ်” ဟု နိုင်ကျဉ်းဟောင်းက ဆိုသည်။

ထို ၁ တိုက်သို့ ရောက်ရှိလာပြီး လအနည်းငယ်အကြာ ထောင်ပြင်ပသို့ ဆေးကုသရန် စစ်သား၊ ရဲ အင်အားအများအပြားဖြင့် တစ်ကြိမ်လာရောက်ခေါ်ဆောင်သွားသည်၊ ထို့နောက် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ထောင်ဆေးရုံဆောင်သို့ ဝန်ကြီးချုပ်အားပြောင်းရွှေ့လိုက်သည်ဟု နိုင်ကျဉ်းဟောင်းက ဆက်ပြောသည်။

“ဆေးဝါးကုသမှုကတော့ ကင်ဆာဆေးက ၆ ကြိမ်သွင်းရတယ်။ သွင်းပြီးနောက်မှာ တုံ့ပြန်မှုကောင်းတယ်လို့ ထောင်ဆရာဝန်ဆီက သိရတယ်။ အဲဒီနောက်မှာတော့ တစ်လကို နှစ်ကြိမ်၊ တစ်နှစ်ကို ၂၄ ကြိမ် နောက်ဆက်တွဲဆေးကို ထိုးနေရတယ်လို့ ဆရာဝန်တွေက ရှင်းပြတယ်”

“ပြင်ပဆေးရုံမှာ ကုသခွင့်ရဖို့ အရမ်းခက်ခဲတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကစလို့ ထောင်တွင်းကို အထူးကုဆရာဝန်အဖွဲ့ ၅ ယောက် လစဉ် လာကြည့်တယ်လို့ သိရပါတယ်” ဟု ယင်းက ဆက်ပြောသည်။

ထို့နောက် ထောင်အာဏာပိုင်များနှင့် ထောင်ဆရာဝန်များ မကြာခဏပြောင်းသည့်အတွက် ဝန်ကြီးချုပ်၏ ကျန်းမာရေးအခြေအနေကို မိသားစုနှင့် နီးစပ်သူများ မသိရှိရတော့ပေ။

ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်တစ်ဦးထံသို့ ဆက်သွယ်မေးမြန်းရာ အခြေအနေမသိရကြောင်းနှင့် အဆက်အသွယ်မရကြောင်း ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနသည် ကိုဗစ်ကပ်ဘေးအကြောင်းပြပြီး ကာလရှည်ပိတ်ထားသည့် လူတွေ့ထောင်ဝင်စာတွေ့ဆုံခွင့်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ခွင့်ပြုခဲ့သော်လည်း ထိုအခွင့်အရေးကို နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးခံ အစိုးရအဖွဲ့ဝင်များ မရရှိခဲ့ပေ။

Show More

Related Articles

Back to top button